နိုင်ငံရေးဆွေးနွေးရန် စစ်ကောင်စီ၏ နိုင်ငံအနှံ့မှ မြေပြင်၊ ဝေဟင် ထိုးစစ်များ ရပ်ရမည်ဟု MNDAA ထုတ်ပြန်

နိုင်ငံရေးဆွေးနွေးရန် စစ်ကောင်စီ၏ နိုင်ငံအနှံ့မှ မြေပြင်၊ ဝေဟင် ထိုးစစ်များ ရပ်ရမည်ဟု MNDAA ထုတ်ပြန်

စစ်ဘေးဒုက္ခဒဏ်ကို ပြင်းထန်စွာ ခံစားနေရသည့် အပြစ်မဲ့ပြည်သူများ၏အကျိုးကို ငဲ့၍သော်လည်းကောင်း၊ တရုတ်−မြန်မာ နယ်စပ်တည်ငြိမ်ရေးကို ကာကွယ်ထိန်းသိမ်းရန်သော်လည်းကောင်း ကိုးကန့်တပ် MNDAA အနေဖြင့် ရောက်ရာနေရာမှ ချက်ချင်း အပစ်အခတ်ရပ်စဲမည်ဖြစ်ပြီး စစ်ကောင်စီတပ်အနေဖြင့်လည်း နိုင်ငံအနှံ့တွင် မြေပြင်၊ ဝေဟင် ထိုးစစ်များ ရပ်ရမည်ဟု MNDAA က ထုတ်ပြန်သည်။

ယမန်နေ့ (ဒီဇင်ဘာ ၃ ရက်) ညပိုင်းက ထုတ်ပြန်သည့် ပြည်တွင်းစစ်ရေးပဋိပက္ခကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် လိုလားပါကြောင်း ထုတ်ပြန်ချက်၌ ထိုကဲ့သို့ ဖော်ပြထားခြင်းဖြစ်သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကြားဝင်စေ့စပ်ကြိုးပမ်းဆောင်ရွက်မှု၏အောက်တွင် လားရှိုးအပါအဝင် သက်ဆိုင်ရာကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးသောနည်းလမ်းဖြင့် ဖြေရှင်းနိုင်မည်ဟုမျှော်လင့်ကြောင်း MNDAA ထုတ်ပြန်ချက်က ဆိုသည်။

တွေ့ဆုံဆွေးနွေးရာတွင် MNTJP/MNDAA မှ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်မည်ဖြစ်ပြီး နှစ်ဖက်ကြားရှိ ပဋိပက္ခများနှင့် အမြင်သဘောထားကွဲလွဲမှုများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်မျှော်လင့်ကြောင်း ဆိုသည်။

ထို့အတူ MNDAA အနေဖြင့် နိုင်ငံရေးနည်းလမ်းကို အားပေးထောက်ခံသော်လည်း မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ကို ယခင်နည်းတူ စွဲကိုင်သွားမည်ဟု ဆိုသည်။

“တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တောင်းဆိုတဲ့ အပစ်ရပ်ဖို့၊ ငြိမ်းချမ်းရေးဆွေးနွေးဖို့တွေဆိုတာ တရုတ်ရဲ့သဘောထားသာဖြစ်ပြီး မင်းအောင်လှိုင်ဘက်က လိုက်လျောမှာမဟုတ်ဘူး။ အဲဒါဆိုရင် တရုတ်ဘက်ကနေပြီးတော့ မင်းအောင်လှိုင်ကို ဟန့်တားတာ၊ တားဆီးတာလုပ်ရင်တော့ တရားမျှတတဲ့ ဆွေးနွေးပွဲတွေဖြစ်လာမယ်လို့ သုံးသပ်တယ်” ဟု မြန်မာ့နိုင်ငံရေးနှင့် စစ်ရေးလေ့လာသူ ဦးသန်းစိုးနိုင်က ပြောသည်။

တရုတ်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို အပစ်အခတ်ရပ်စဲရန် ဆက်တိုက် ဖိအားပေးနေသကဲ့သို့ စစ်ကောင်စီကိုလည်း အပစ်ရပ်ရန် ဖိအားတောင်းဆိုသင့်ကြောင်း ၎င်းကပြောသည်။

“အဲဒီလိုမဟုတ်ရင်တော့ စစ်တပ်က လေကြောင်းထိုးစစ်တွေလုပ်နေရင် တိုက်ပွဲက ပြန်ဖြစ်လာဦးမှာပါ။ ငြိမ်းချမ်းရေးဆွေးနွေးတဲ့ဆီကို ရောက်မယ်မထင်ပါဘူး” ဟုလည်း ဆိုသည်။

MNTJP/MNDAA သည် နိုင်ငံတော်မှခွဲထွက်ပြီး နိုင်ငံသစ်ထူထောင်ခြင်းကို လုံးဝပြုလုပ်မည်မဟုတ်ကြောင်း၊ စစ်မှန်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို တောင်းဆိုနေခြင်းသာဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၅ ရက်ကလည်း ရှမ်းမြောက်တွင် နယ်မြေစိုးမိုးမှုများရှိနေသည့် မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့မှ တအာင်းတပ် TNLA ကလည်း ကိုးကန့်တပ်နှင့်အလားတူ ထုတ်ပြန်ချက်တခု ထုတ်ပြန်ခဲ့သည်။

ဒေသခံများ၏အကျိုးကို ထောက်ရှုခြင်းနှင့် နယ်စပ်တည်ငြိမ်ရေးနှင့် တိုက်ပွဲရပ်စဲရေး ကြားဝင်ကြိုးပမ်းနေသည့် တရုတ်အစိုးရ၏ ကြိုးပမ်းမှုကို လေးစားအသိအမှတ်ပြု၍ စစ်ရေးပဋိပက္ခများ အဆုံးသတ်ရေး တွေ့ဆုံဆွေးနွေးရန်အသင့်ရှိသည်ဟု တအာင်းပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) က ထုတ်ပြန်ခဲ့သည်။

၎င်းတို့အနေဖြင့်လည်း မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ကို ကိုင်စွဲထားမည်ဟု ဖော်ပြခဲ့သည်။

သို့သော် အဆိုပါထုတ်ပြန်ချက်ထွက်ရှိပြီး (၅) ရက်အကြာ နိုဝင်ဘာ ၃၀ ရက် ရှမ်းနှစ်သစ်ကူးနေ့တွင် TNLA ထိန်းချုပ်ရာ ကျောက်မဲမြို့ကို စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဒေသခံအရပ်သား ၁၀ ဦးသေဆုံးပြီး ၂၀ ခန့် ဒဏ်ရာရရှိခဲ့သည်။

၁၀၂၇ စစ်ဆင်ရေးတွင်ပါဝင်သည့် ကိုးကန့်တပ် MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်နိုင်ငံမှ ဖမ်းဆီးထားသည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လျက်ရှိသည်။

သို့သော် ဖုန်တာရွှင်သည် နိုင်ငံတွင်း ဆေးကုသရန် တောင်းဆိုလာသောကြောင့် ခွင့်ပြုထားခြင်းသာဖြစ်သည်ဟု တရုတ်အစိုးရက နိုဝင်ဘာလ ၉ ရက်တွင် ပြန်လည်ဖြေရှင်းထားသည်။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ပြီးခဲ့သည့် နိုဝင်ဘာလ ၄ ရက်မှ ၁၀ ရက်နေ့အထိ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည်။

ထိုခရီးစဉ်သည် အောင်မြင်သည့်ခရီးစဉ်ဖြစ်ခဲ့ကြောင်းကို စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထုတ်ဖော်ပြောဆိုထားသည်။

Most read this week

ရန်ကုန်မြို့တွင် ညအချိန်စစ်ဆေးမှုများ လုပ်ဆောင်နေသည့် စစ်ကောင်စီတပ်။ (ပုံ-အဟောင်း)
January 7, 2025
ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်တွင် အမျိုးသားတဦး သေနတ်ဖြင့်ပစ်ခတ်ခံရကာ သေဆုံးပြီးနောက်...
January 6, 2025
ပုံမှန်အားဖြင့် လျှပ်စစ်မီးပြတ်တောက်မှုမရှိခဲ့သည့် ဝန်ထမ်းအိမ်ရာများနှင့် ရပ်ကွက်များအပါအဝင်...
ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် မန္တလေးတိုင်း၌ စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုများပြုလုပ်ရာ မြို့ရွာများပြမြေပုံ (မြေပုံ − SHRF)
December 20, 2024
မြန်မာနိုင်ငံအတွင်းရှိ တရုတ်အစိုးရ၏ စီမံကိန်းတခုဖြစ်သော ကျောက်ဖြူ − မူဆယ် အမြန်ရထားလမ်းကို...
December 20, 2024
ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်အများစု၌ ဆေးဝါးပြတ်လပ်မှု ကြုံတွေ့နေရပြီး ကျန်းမာရေးပြဿနာ‌...