မောင်တော စစ်ဘေးရှောင် လေးသောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ

မောင်တော စစ်ဘေးရှောင် လေးသောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ

ရခိုင်ပြည်၊ မောင်တောဒေသတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ပြီး ကျေးရွာအသီးသီး၌ ပြန့်ကြဲနေထိုင်ကြသည့် စစ်ဘေးရှောင် ၄၆,၀၀၀ ခန့်မှာ စားနပ်ရိက္ခာနှင့် ဆေးဝါး လိုအပ်ချက်များ မြင့်မားနေကြောင်း သိရသည်။

ရခိုင်၊ သက်၊ မြို၊ မွတ်ဆလင်၊ ဟိန္ဒူ စသည့် ဒေသခံသောင်းနှင့်ချီမှာ စားနပ်ရိက္ခာ၊ အဝတ်အထည်၊ ဆေးဝါးလိုအပ်ချက်များဖြင့် ခက်ခဲစွာ ဖြတ်သန်းနေကြရသည်။

“အဓိကတော့ စားဝတ်နေရေး အခက်ခဲတွေရှိတယ်။ အရင်ရောက်ခါစတော့ ဒီကအုပ်ချုပ်ရေးအဖွဲ့တွေက ဆန်၊ ဆီ၊ဆား၊ ငရုတ်၊ ကြက်သွန်တွေကို တစ်လစာ ထောက်ပံ့ပေးတယ်။ နောက်လတွေတော့ ဆန်လောက်ပဲ ထောက်ပံ့ပေးတော့တယ်။ ဒါပေမဲ့ အခု ဆန်လည်း မရှိတော့ဘူး။ လိုအပ်ချက်တွေက အများကြီးပဲ ” ဟု မောင်တောမြို့ နယ်၊ ကြိမ်ချောင်း စစ်ဘေးရှောင် စခန်းတာဝန်ခံ ဦးဌေးမြင့်က ပြောသည်။

ကြိမ်ချောင်းကျေးရွာတွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင်များမှာ မောင်တောမြို့ပေါ်ရပ်ကွက်များမှ ဖြစ်ပြီး  ဩဂုတ်လအတွင်း မောင်တောမြို့သိမ်းတိုက်ပွဲမှာ အာရက္ခတပ်‌တော်က ကယ်ထုတ်လာသူများ ဖြစ်သည်။

ယင်းအပြင် လောင်းဒုံမျှာစင် စစ်ဘေးရှောင်စခန်းတွင် နေထိုင်ကြသည့် ဟိန္ဒူဘာသာဝင်များမှာလည်း စားဝတ်နေရေး ကျပ်တည်းမှု၊ အဝတ်အထည်လိုအပ်ချက်အပြင် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်များ ရှိနေကြသည်။

“ကျနော်တို့မှာ ဝတ်စရာ ဘာမှမရှိဘူး။ အိုးတွေ ခွက်တွေကအစ မရှိကြဘူး။ ဆောင်းရာသီလည်း ရောက်လာပြီ စောင်တွေကအစ လိုအပ်ချက်ရှိနေတုန်းပဲ။ စားဝတ်နေရေးကတော့ အခက်ခဲရှိနေဆဲပဲ။ ပါလာတာလေးတွေကို ရောင်းပြီး စားကြသလို ချေးငှားပြီးတော့လည်း စားကြတယ်” ဟု လောင်းဒုံမျှာစင် စစ်ဘေးရှောင်စခန်း ကော်မတီဝင် ဦးမောင်လှစိန်က ပြောသည်။

လောင်းဒုံမျှာစင်ဘေးရှောင်စခန်းတွင် မောင်တောမြို့ပေါ်နှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ဟိန္ဒူဘာသာဝင်  စစ်ဘေးရှောင် ၁, ၀၀၀ နီးပါးအထိ ခိုလှုံနေကြသည်။ သောက်သုံးရေကန် မရှိသောကြောင့် စစ်ဘေးရှောင်များမှာ  စခန်းနှင့် တစ်မိုင်နီးပါးအကွာမှ သောက်သုံးရေ ခပ်ယူသောက်သုံးနေရသည်။

“ကျန်းမာရေး စောင့်ရှောက်မှုက မရှိဘူး။ ဆရာဝန်လည်း မရှိဘူး။ ဆေးတွေကလည်း အရမ်းကို ဈေးကြီးတာ။ ဆေးတွေက အရင် ၁,၀၀၀ တန် တစ်ခုကို ၅,၀၀၀ ပေးရတယ်။ ၅၀၀ တန်တစ်ခုကို ၅,၀၀၀ ပေးနေရတယ်။ ကျနော်တို့မှာ ကျန်းမာရေးကိစ္စ တစ်ခုခုဖြစ်ရင် ငါးခူရကို သွားရတယ်။ ပိုက်ဆံမရှိတာမှာ ငါးခူရကို သွားရပြီဆိုရင် အရမ်းဒုက္ခရောက်ကြရတယ်” ဟု  ဦးမောင်လှစိန်က ဆက်ပြောသည်။

အလားတူ မွတ်ဆလင်စစ်ဘေးရှောင် ၃,၀၀၀ ကျော်ရှိသော လှဖိုးခေါင်စခန်းအတွင်းမှ မွတ်ဆလင်များမှာလည်း အလုပ်အကိုင်မရှိသဖြင့် မိသားစု စားဝတ်နေရေး ဖြေရှင်းဖို့ အခက်ကြုံနေကြရပြီး နိုင်ငံတကာအဖွဲ့အစည်းများက အကူအညီးအထောက်အပံ့ ရရှိဖို့ လိုလားနေကြသည်။

“လက်ရှိ ဒီမှာကျွန်မတို့ နေထိုင်တာက ယာယီသဘောပေါ့။ ဒီမှာက အပင်တွေလည်းမရှိတော့ ရာသီဥတုကလည်း အရမ်းပူတယ်။ အပူဒဏ်တွေကြောင့် အများစုက ယားနာတွေပေါက်တယ်။ ဝမ်းသွားကြတယ်။ ရေကလည်း မသန့်ဘူး” ဟု လှဖိုးခေါင် စစ်ဘေးရှောင်စခန်းမှ ဒေါ်လှသိန်းနုက ပြောသည်။

မွတ်ဆလင် စစ်ဘေးရှောင်များမှာ မြို့မှထွက်ခွာလာကြစဉ် အဝတ်တစ်ထည်ကိုယ်တစ်ခုနှင့် လာကြခြင်းဖြစ်ပြီး ဆောင်းရာသီရောက်လာပြီ ဖြစ်သောကြောင့် ကလေးများနှင့် မွေးကင်းစမိခင်များအတွက် အဝတ်အစား၊ အနွေးထည် လိုအပ်ချက် မြင့်တက်နေကြောင်း သိရသည်။

မောင်တောမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များကို စားနပ်ရိက္ခာနှင့် ဆေးဝါးကုသမှုအတွက် ULA က တတ်နိုင်သလောက် ကူညီဖြည့်ဆည်းပေးနေသော်လည်း စစ်ဘေးရှောင်လူဦးရေ များပြားမှုနှင့် စစ်ဆင်ရေးနယ်မြေ ဖြစ်နေသောကြောင့် ကူညီထောက်ပံ့မှုများ ကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်သေးကြောင်း နယ်မြေခံ ULA ခေါင်းဆောင်များက DMG ကို ပြောသည်။

မောင်တောမြို့နယ်အတွင်း တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဒေသတွင်း အရပ်ဖက်အဖွဲ့အစည်းများက လူမှုကူညီရေးလုပ်ငန်းများကို တွင်တွင်ကျယ်ကျယ် မလုပ်ဆောင်နိုင်သေးပေ။

မောင်တောမြို့နယ်အတွင်းမှာ နေရပ်စွန့်ခွာနေရသည့် စစ်ဘေးရှောင်ပေါင်း ၄၆,၀၀၀ ကျော်အထိရှိကြောင်း ULA ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး - HDCO စာရင်းများအရ သိရသည်။

Most read this week

AA တပ်ဖွဲ့ဝင်များမှ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည်ကို ၂၀၂၄ ခုနှစ်အတွင်း တွေ့ရစဉ်။
January 6, 2025
ရခိုင်ပြည်အတွင်းက အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် နယ်မြေများတွင် HIV ပိုးထိန်းဆေးဖြစ်သော...
ရခိုင်က မြို့နယ်တစ်ခုတွင် လှည့်လှည်တောင်းရမ်းနေသည့် စစ်ရှောင်မိသားစုတစ်ခုအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်း တွေ့ရစဉ်။
January 6, 2025
ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်းက စစ်ဘေးရှောင်များမှာ စားဝတ်နေရေးကျပ်တည်းမှု၊ အကူအညီရရှိမှု...
January 3, 2025
ရခိုင်ပြည်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ကို ယနေ့ ဇန်နဝါရီလ ၃ နေ့တွင် စစ်ကောင်စီက...
Myanmar Defence Weapons။
January 3, 2025
အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားသည့် ရခိုင်တောင်ဘက်အစွန်ဆုံး ဂွမြို့ကို...