တိုက်ပွဲကြောင့် ထပ်မံတိမ်းရှောင်ရတဲ့ လူထုတွေ နေရာထိုင်ခင်းနဲ့ အမိုးအကာတွေလိုအပ်

တိုက်ပွဲကြောင့် ထပ်မံတိမ်းရှောင်ရတဲ့ လူထုတွေ နေရာထိုင်ခင်းနဲ့ အမိုးအကာတွေလိုအပ်

လွိုင်ကော်မြို့နယ်ထဲက ကျေးရွာတချို့ဟာ တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် တိမ်းရှောင်နေကြရပြီး နေရာထိုင်ခင်း နဲ့ အမိုးအကာတွေ လိုအပ်နေကြတယ်လို့ စစ်ဘေးတိမ်းရှောင်နေရသူတွေက ပြောပါတယ်။

“တိမ်းရှောင်တဲ့နေရာတွေက ဆွေမျိုးရှိတဲ့သူတွေအတွက်တော့ ပိုသက်သာတယ်ပြောရမှာပေါ့။ အခုက လောလောလတ်လတ် တဲထိုးပြီးနေဖို့က နေရာကော အမိုးအကာကော လိုတယ်။”လို့ စစ်ရှောင်အမျိုးသားတစ်ဦးက ဆိုပါတယ်။

တိုက်ပွဲကြောင့် တိမ်းရှောင်ကြတဲ့ လူထုတွေဟာ လွိုင်ကော်မြို့နယ်ထဲက ဆော်ခီးဒေါ၊ ဒေါဆော်လဲ၊ နိုးကိုး၊ သရက်ပင်၊ ဒေါလိုရှေး စတဲ့ လမ်းမကြီးတစ်လျှောက် ကျေးရွာတွေနဲ့ မိုးဗြဲဖက်က ကျေးရွာတချို့ပါဝင်ပြီး လူဦးရေ ၂ထောင်ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ဒုတိယပတ်ကစပြီး ရှမ်း- ကရင်နီနယ်စပ် မိုးဗြဲမြို့မှာ တိုက်ပွဲဖြစ်ပွားနေပြီး ကျေးရွာတွေထဲကို လက်နက်ကြီးကျရောက်မှုတွေရှိတာကြောင့် ဒေသခံတွေဟာ တိမ်းရှောင်ခဲ့ကြရတာပါ။

နိုဝင်ဘာလ ၂၅ ရက်နေ့မှာလည်း နိုးကိုးကျေးရွာထဲ လက်နက်ကြီး ဆက်တိုက် ကျရောက်ပေါက်ကွဲမှုရှိတာကြောင့် ဒေသခံတွေဟာ ကျေးရွာထဲ မနေရဲကြတော့ဘဲ အားလုံးတိမ်းရှောင်ကြတယ်လို့ နိုးကိုးစံပြကျေးရွာခံအမျိုးသားတစ်ဦးက ပြောပါတယ်။ အဲ့ဒီပစ်ခတ်မှုကြောင့် လူထိခိုက်သေဆုံးမှု မရှိပေမယ့် နေအိမ်တချို့ ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

“၂၅ ရက်ညကပဲ အကုန်လုံးရှောင်ကြတာ။ လက်နက်ကြီး ငြိမ်သွားတဲ့ခါမှ ညထွက်ပြေးကြပါတယ်။ ဆိုင်ကယ်မီး၊ ကားမီးတွေလည်း မဖွင့်ရဲ ကြလို့ လမ်းမှာ ဆိုင်ကယ် တစ်စီးပျက်တော့ အဲ့ဒါ နောက်က ဆိုင်ကယ်က ဝင်တိုက်တော့ ဒဏ်ရာရကြတဲ့ ဖြစ်စဥ်လည်း ရှိခဲ့တယ်။”လို့ တိမ်းရှောင်လာစဉ် ကြုံတွေ့ခဲ့တဲ့ ဖြစ်စဉ်ကို မြင်တွေ့ရသူ တစ်ဦးက ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းကို လာရောက် တိမ်းရှောင်လာတဲ့သူ များပြားတာကြောင့် စစ်ရှောင်ဖို့ နေရာအကူအညီ တောင်းခံလာတာရှိတယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်တဲ့ ပြည်ကံ့ကော်အသင်းဝင်တစ်ဦးဖြစ်တဲ့ ကိုပြည့်စုံက အခုလို ပြောပါတယ်။

“လူထုတွေက ပြောင်းနေကြပြီပေ့ါနော်။ တချို့ကလည်း အခုမှ နေရာရှာနေတုန်းလို့ ကြားရတယ်။ စစ်ရှောင်ဖို့အတွက် နေရာရှာနေကြတယ်။ အဲ့ဒါ ကျနော့်ကို နေရာလာမေးကြတာရှိတယ်ပေါ့နော်။”လို့ ကိုပြည့်စုံက ဆိုပါတယ်။

ဆောင်းရာသီကာလ ရောက်ရှိနေပြီဖြစ်တာကြောင့် စောင်၊ အနွေးထည် ၊ မိုးကာ၊ တဲ အထူးလိုအပ်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ ရက်နေ့မှာ လွိုင်ကော်မြို့ကနေထွက်လာတဲ့ အင်အား ၆၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက လွိုင်ကော် – မိုးဗြဲ လမ်းမကြီးမှာတည်ရှိတဲ့ လင်ဖုံလင်းကျေးရွာမှာ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့တာပါ။ စစ်ကောင်စီတပ်က အချိန်မရွေး လက်နက်ကြီး နဲ့ လေကြောင်းသုံးတိုက်ခိုက်မှုတွေ ပြုလုပ်နိုင်တာကြောင့် လုံခြုံရေး သတိရှိကြဖို့ကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေက အသိပေးထားပါတယ်။

January 2, 2025
၂၀၂၅ နှစ်သစ်ကူးညမှာ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို စစ်ကောင်စီ လေကြောင်းနဲ့...
December 20, 2024
ကရင်နီပြည်ရှိ အကြမ်းမဖက် အာဏာဖီဆန်ရေးလုပ်ရှားမှုမှာ ပါဝင်ကြတဲ့ CDM ဝန်ထမ်းတွေကို...
December 17, 2024
ကရင်နီပြည်ရဲ့ မြို့တော် လွိုင်ကော်မှာ ညဖက် အသွားအလာလုပ်ပါက စစ်ကောင်စီက ဖမ်းဆီးမှုတွေ...