NSCN-K အန်းမိုင်းအဖွဲ့ နာဂဒေသမှာ ဂိတ်ထိုင်ပြီးအခွန်ကောက်ခံမှုစတင်လုပ်ဆောင်လာ

NSCN-K အန်းမိုင်းအဖွဲ့ နာဂဒေသမှာ ဂိတ်ထိုင်ပြီးအခွန်ကောက်ခံမှုစတင်လုပ်ဆောင်လာ

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်ချုပ်ခွင့်ရဒေသတွေဖြစ်တဲ့ လဟယ်မြို့နဲ့နန်းယွန်းမြို့မှာ NSCN-K အန်းမိုင်းအဖွဲ့က ဂိတ်ထိုင်ပြီး အခွန်ကောက်ခံတာတွေ စတင်လုပ်ဆောင်လာနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

နာဂလက်ကိုင်အဖွဲ့ NSCN-K ရဲ့သမိုင်းတစ်လျှောက် ဆယ်စုနှစ်များစွာအတွင်း  ဂိတ်ထိုင်ပြီး အခွန်ကောက်ခံတာမျိုးမရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ ဩဂုတ်လစပြီး လဟယ်မြို့နယ်နဲ့ နန်းယွန်းမြို့နယ် လမ်းပိုင်းဂိတ်ထိုင်ပြီး အခွန်ကောက်ခံတာတွေ စတင်လာတယ်လို့ နန်းယွန်းမြို့ခံ အမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။

“လောလောဆယ်သိရလောက် ဂိတ်နှစ်ခုတော့ထိုင်လာပြီ တစ်ခုက လဟယ်နဲ့ အိန္ဒိယနယ်စပ်လမ်းမှာတစ်ခု လဟယ်မြို့နားမှာပဲ။ ပြီးတော့နောက်တစ်ခုက လဟယ်မြို့နဲ့နန်းယွန်းမြို့လမ်း မကျန်းရွာမှာ ဂိတ်အဲ့နှစ်ခုပဲ အခွန်ကတော့ ဆီဆိုဆီ၊ ပိုက်ဆံဆိုပိုက်ဆံ အဲ့လိုတောင်းတာ”လို့ အသက် ၃၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသားက ပြောပါတယ်။

လတ်တလောထိုင်ထားတဲ့ ဂိတ်နှစ်ခုဟာ လဟယ်–နန်းယွန်းကုန်သွယ်ရေးလမ်းနဲ့ ဟလယ်–အိန္ဒိယနယ်စပ်ကုန်သွယ်ရေးလမ်းမှာဖြစ်ပြီး ဓာတ်ဆီပုံးဝါတစ်ပုံးကို အခွန်အဖြစ် တစ်လီတာနှုန်း၊ ကုန်တင်တဲ့ဆိုင်ကယ်တစ်စီးကို ကျပ် ၃၀၀၀၀ (သုံးသောင်း) နှုန်း ကုန်ကားအသေးကိုကျပ် ၅၀၀၀၀ (ငါးသောင်း) ကနေ ၁၀၀၀၀၀ (တစ်သိန်း) အထိကောက်ခံတာမျိုးရှိတယ်လို့ သိရပါတယ်။

“ဒီဘက်မှာကအဓိက ဆိုင်ကယ် ကယ်ရီနဲ့ပဲတင်ကြတယ် ဆိုင်ကယ်တစ်စီးဆို ကုန်ပေါ်မူတည်တယ် နှစ်သောင်းသုံးသောင်းအထိပေးရတယ်”လို့နောက်ထပ် လဟယ်ဒေသခံအမျိုးသားတစ်ဦးလည်း ပြောပါတယ်။

စစ်ဆေးရေးဂိတ်တွေမှာ အခုလိုအခွန်တွေကောက်ခံလာနေသလို ခရီးသည်တွေကိုလည်းတင်းတင်းကြပ်ကြပ် စစ်ဆေးမေးမြန်းတာမျိုးလုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

လတ်တလောဂိတ်ထိုင်ပြီးအခွန် ကောက်နေတဲ့ NSCN-K အန်းမိုင်းအဖွဲ့ဟာ နဂိုရှိနေတဲ့ NSCN-K ယုန်းအောင်အဖွဲ့ကနေ ခွဲထွက်သွားတဲ့အဖွဲ့ ဖြစ်ပြီး လက်ရှိစစ်ကောင်စီနဲ့အပစ်ရပ်သဘောတူထားသလို စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်တာတွေလည်းရှိတယ်လို့ သိရပါတယ်။

“အခုအဖွဲ့က အန်းမိုင်းအဖွဲ့ပါ စကစနဲ့အပစ်ရပ်ထားတော့ အခုလိုဂိတ်တွေဘာတွေထိုင်လို့ ရလာနေတာ။ နဂိုယုန်းအောင်အဖွဲ့ကတော့ ဒါမျိုးမရှိဘူး။ ဂိတ်ထိုင်ဘာထိုင်မလုပ်သေးဘူး”လို့ နန်းယွန်းမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

နာဂဒေသမှာရပ်တည်နေတဲ့ NSCN-K ယုန်းအောင်အဖွဲ့အနေနဲ့ အခုလိုမျိုးဂိတ်ထိုင်ပြီးအခွန်ကောက်ခံတာမျိုးမရှိပေမယ့် တစ်နှစ်ကို နှစ်ကြိမ်ကနေ သုံးကြိမ်အထိ အိမ်ထောင်စုတစုကို အခွန်ကျပ် ၂၀၀၀၀ (နှစ်သောင်း) ကောက်ခံတာ၊ အိမ်ထောင်စု တစ်စုကို တပ်သားတစ်ဦးတောင်းခံတာတွေတော့ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

NSCN-K ဟာ စစ်အာဏာမသိမ်းမှီကတော့ ဗိုလ်ချုပ်ယုန်းအောင်ဦးဆောင်မှုနဲ့ NSCN-K ယန်းအောင်အဖွဲ့တစ်ခုတည်းသာရှိခဲ့ပြီး ၂၀၂၃ နှစ်ဆန်းပိုင်းကနေတော့NSCN-Kရဲ့ ဒုဗိုလ်ချုပ်အန်းမိုင်းဟာ ဗိုလ်ချုပ် ယုန်းအောင်ကိုဆန့်ကျင်ပြီး NSCN-K အန်းမိုင်းဆိုပြီးခွဲထွက်သွားရာကနေ လက်ရှိ NSCN-K ဆိုပြီး နှစ်ဖွဲ့ကွဲနေတာ ဖြစ်ပါတယ်။

Most read this week

November 21, 2024
မြန်မာ– တရုတ်နယ်စပ် နှစ်နိုင်ငံကုန်သွယ်ရေးဇုန်ရှိရာ ကန်ပိုင်တည်မြို့တစ်ခုလုံးကို KIA...
စစ်ကောင်စီရဲ့ ဒရုန်းဗုံးသီးထိမှန်ခဲ့တဲ့ ငွေအိုးမန်း (အံစာတုံး) ကား
November 20, 2024
မန္တလေး–မြစ်ကြီးနား ဗျူဟာလမ်းပိုင်း ကန့်ဘလူမြို့နယ် ဘူးကုန်းကျေးရွာအနီးက ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့...
မြစ်ကြီးနား- ပူတာအိုလမ်းပိုင်းတွေ့ရတဲ့ ခရီးသည်ကားနဲ့ကုန်ကားများ (ပုံဟောင်း)
November 19, 2024
ကချင်ပြည်နယ် မြစ်ကြီးနား- ပူတာအိုလမ်းပိုင်းရှိ စစ်တပ်ဂိတ်တွေမှာ ည ၆ နာရီနောက်ပိုင်း...
နန့်ပေါင်လေတပ်စခန်းရဲ့တစ်ဖက်ကမ်းရှိ စန်းကားရွာ ( Google Map)
November 18, 2024
ဝိုင်းမော်မြို့နယ် စန်းကားကျေးရွာရှိ အရပ်သားနေအိမ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့...