လောင်းလုံးတွင် ဖမ်းဆီးခံထားရသည့် သန်းခေါင်စာရင်းကောက်ယူသူ ၉ ဦး ပြန်လွတ်လာ

လောင်းလုံးတွင် ဖမ်းဆီးခံထားရသည့် သန်းခေါင်စာရင်းကောက်ယူသူ ၉ ဦး ပြန်လွတ်လာ

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်တွင် လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ထံ တစ်လကျော်ကြာ ဖမ်းဆီးခံထားသည့် သန်းခေါင်စာရင်းကောက်ယူသူ ၉ ဦး နိုဝင်ဘာလ ၁၇ ရက်နေ့က ပြန်လည်လွတ်မြောက်လာပြီးဖြစ်သည်ဟု လောင်းလုံးဒေသခံတို့ထံမှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၇ ရက်နေ့က လောင်းလုံးမြို့နယ်၊  ရေဖြူကျေးရွာတွင် သန်းခေါင်စာရင်းကောက်ယူနေသည့်  စစ်ကောင်စီဌာနဆိုင်ရာ ဝန်ထမ်း ၉ ဦးကို စစ်ဆေးမေးမြန်ရန်ရှိသည်ဟုဆိုကာ လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖမ်းဆီးထားသည့်ဝန်ထမ်း ၉ ဦးကို စစ်ကောင်စီအဖွဲ့နှင့် မပူးပေါင်းရန်၊ CDM ဝင်ရန် ခံဝန်လက်မှတ်ထိုးစေပြီးနောက် စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ထံလွှဲပြောင်းကာ  ပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။

“ဘာပဲလုပ်လုပ် စစ်တပ်နဲ့ ပေါင်းမလုပ်ဖို့ပေါ့။ ပြီးတော့ ခံဝန်လက်မှတ်ထိုးခိုင်းတယ် CDM လုပ်မယ်ဆိုပြီးတော့ပေါ့။  ပြီးတော့မှ ပြန်လွှတ်ပေးလိုက်တယ်။ မိသားစုဝင်တွေက အဲ့လိုပြောတာပဲ” ဟု လောင်းလုံးဒေသခံတစ်ဦးက ပြောသည်။

ဖမ်းဆီးခံထားရသူတို့အနက် ကျန်းမာရေးချို့တဲ့သူအချို့သည် ဆေးဝါးကုသခွင့် အပြည့်အဝ မရခဲ့သည့်အပြင် မိသားစုဝင်တို့နှင့်လည်း လုံးဝဆက်သွယ်ခွင့်မရခဲ့ကြောင်း သိရသည်။

လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းထိုးသည့်အဖွဲ့အပြင် တော်လှန်ရေးအဖွဲ့နှင့် အမည်မသိလက်နက်ကိုင်အဖွဲ့တို့မှ ဒေသခံနှင့် စစ်ကောင်စီဌာနဆိုင်ရာဝန်ထမ်းတို့ကို မကြာခဏဖမ်းဆီးလျှက်ရှိပြီး လူမသိသူမသိ သေဆုံးပျောက်ဆုံးမှုလည်း တိုးလျှက်ရှိသည်။

တော်လှန်ရေးကာလအတွင်း ဒေသခံတို့ လူမသိသူမသိ သေဆုံးပျောက်ဆုံးနေသည့်အပေါ် တော်လှန်ရေးအင်အားစုတို့အနေဖြင့်လည်း အမှန်တရားပေါ်ပေါက်ရန် ဝိုင်းဝန်းဖြေရှင်းသင့်ကြောင်း သပိတ်ကော်မတီ (ထားဝယ်ခရိုင်) မှ လူထုစည်းရုံးရေးတာဝန်ခံ မင်းလွင်ဦးကဆိုသည်။

“ဒီတော်လှန်ရေးကြားကာလထဲမှာပေါ့ လူမသိသူမသိ ပျောက်ဆုံးသွားတဲ့  အရပ်သားပြည်သူတော်တော်များများရှိတယ်။ မိသားစုဝင်တွေ သေသလားရှင်သလား မသိရတဲ့ပြဿနာဖြစ်ရတဲ့အထိပေါ့နော်။ ကျနော်တို့အထူးသဖြင့် ဒီတော်လှန်ရေးတပ်ဖွဲ့တွေ ထိုက်သင့်သလောက် စိုးမိုးထားတဲ့ဧရိယာထဲမှာ ဒီလိုမျိုးဖြစ်တဲ့ဟာက မဖြစ်သင့်ဘူး၊ ဒီလိုမျိုး case ဖြစ်တယ်ဆိုရင် တော်လှန်ရေးအင်အားစုတပ်ဖွဲ့တွေအနေနဲ့လည်း တာဝန်ယူဖြေရှင်းပေးဖို့လိုတယ်။ နောက်ပြီး NUG ရဲ့ MoJ ဆိုတာရှိတယ်၊ ဒါပေမဲ့ မြေပြင်အထိ ထိထိမိမိ မလုပ်နိုင်တဲ့အနေအထားမှာ ရှိနေတယ်" ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၉ ရက်နေ့တွင် သရက်ချောင်းမြို့နယ်၊ ရန်တောင်ကျေးရွာသန်းခေါင်စာရင်းကောက်ယူရန် ပြင်ဆင်နေသည့် အုပ်ချုပ်ရေးမှူးနှင့် ကျောင်းဆရာမ ၈ ဦးတို့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တို့နှင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသေးကြောင်း သိရသည်။

ရာမညအင်စတီကျူမှ လစဉ်အစီရင်ခံစာအရ ပြီးခဲ့သည့် အောက်တိုဘာလအတွင်း တနသာင်္ရီတိုင်းတွင် အရပ်သားပြည်သူများ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသူ ၂၈  ဦးထက်မနည်းရှိပြီး အများစုသည် စစ်မှုထမ်းရန်နှင့် လူသားဒိုင်အဖြစ် ရည်ရွယ်၍ဖမ်းဆီးခံနေရကြောင်း ဖော်ပြထားသည်။

Most read this week

January 22, 2025
မွန်ပြည်နယ်၊ ရေးတောင်ပိုင်းဒေသနှင့် မွန်ပြည်ပါတီ ထိန်းချုပ်နယ်မြေဒေသတို့တွင် စစ်ကောင်စီတပ်က...
January 21, 2025
မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်သို့ ဆက်သွယ်သွားလာနိုင်သည့် သံဖြူဇရပ် - ဘုရားသုံးဆူ...
January 20, 2025
မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ မွန်ပြည်ကာကွယ်ရေးတပ် (MSDF)၊ မွန်ပြည်သစ်ပါတီ (MNLA-AD) နှင့်...
January 17, 2025
မွန်ပြည်နယ်တွင် ဆားလုပ်သား ရှားပါးလာခြင်းနှင့် ဆားစျေးကျလာပြီး ထုတ်လုပ်မှုစရိတ်...