စပါးရိတ်ပြန်လာတဲ့ ပူချယ်ကျေးရွာက ပြည်သူ (၂၀၀)ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးခေါ်ဆောင်သွား

စပါးရိတ်ပြန်လာတဲ့ ပူချယ်ကျေးရွာက ပြည်သူ (၂၀၀)ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးခေါ်ဆောင်သွား

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ကုန်းဆုံကျေးရွာအုပ်စု၊ ပူချယ်ကျေးရွာက စပါးရိတ် ပြန်လာတဲ့ အရပ်သားပြည်သူ (၂၀၀) ဦးကို ပြီးခဲ့တဲ့ နိုဝင်ဘာလ (၁၁)ရက်နေ့မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒီကနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးခေါ်ဆောင်ရတဲ့အကြောင်းရင်းကို မသိရသေးပေမယ့် ပင်လောင်းမြို့နယ်ကနေ ဖယ်ခုံမြို့နယ်ဖက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေက ခေါ်ဆောင်သွားတာဖြစ်တယ်လို့ KNDF သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ တာအယ်စိုး က ပြောပါတယ်။

“ဖယ်ခုံဘက်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ပဲ ဖြစ်တယ်။ တပ်မ အတိအကျကိုတော့ ကျနော်တို့ စုံစမ်းနေဆဲပဲ ဖြစ်တယ်”လို့ တာအယ်စိုးက ပြောပါတယ်။

ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အရပ်သား ပြည်သူ (၂၀၀) ဦးကို စစ်ကောင်စီ နဲ့ လက်အောက်ခံ ပြည်သူ့စစ် (PNO) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ပင်လောင်းမြို့နယ် အားကစားရုံအတွင်း ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခေါ်ဆောင်ခံရသူတွေဟာ မည်သူမည်ဝါ ဖြစ်ကြောင်း နဲ့ အသက်အရွယ်၊ ကျား/မ စာရင်းသိရနိုင်ဖို့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ဖယ်ခုံ - ပင်လောင်းမြို့နယ်စပ်မှာ တိုက်ပွဲတွေဖြစ်ပွားနေပေမယ့် လက်ရှိကာလဟာ ဒေသခံတောင်သူတွေရဲ့ စပါးသီးနှံရိတ်သိမ်းတဲ့အချိန်ဖြစ်တာကြောင့် စစ်ကောင်စီရဲ့လက်နက်ကြီးရန်၊ လေကြောင်းရန်ကြားကနေ ရိတ်သိမ်းနေကြရတာပါ။ တိုက်ပွဲဧရိယာနဲ့ နီးကပ်တဲ့ ကျေးရွာက တောင်သူတွေကတော့ စပါးမရိတ်သိမ်းနိုင်ဘဲ စစ်ဘေးတိမ်းရှောင်နေကြသူလည်း ရှိပါတယ်။

ဖယ်ခုံမြို့နယ်ဖက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ပင်လောင်း-ဖယ်ခုံ မြို့နယ်ကြားမှာရှိတဲ့ နန့်ဖာမူ ၊ ပင်စုံ၊ လွုင်ကြိုင်း၊ ကုန်းပေါ၊ ဗန်းမောက်၊ ကျေးရွာတွေနဲ့ ဖယ်ခုံမြို့ပေါ်ရပ်ကွက်ရှိ နေအိမ်တွေကို ဖောက်ထွင်းတာ၊ မီးရှို့တာကို လုပ်ဆောင်ခဲ့ပြီး တိုက်ပွဲနဲ့ မသက်ဆိုင်တဲ့ ကျေးရွာ၊ စစ်ရှောင်စခန်းတွေကိုလည်း လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

နိုဝင်ဘာလအတွင်း ဖယ်ခုံမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် (၈) နှစ် အရွယ် ကလေးတစ်ဦးအပါအဝင်  အရပ်သားပြည်သူ (၆) ဦးသေဆုံးခဲ့ရပြီး (၅) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဖယ်ခုံ-ပင်လောင်းမြို့နယ်စပ်က ကျေးရွာတွေနဲ့ အနီးအနားက တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ဘေးရှောင်အပါအဝင် ဒေသခံနှစ်သောင်းကျော်ရှိတယ်လို့ သိရပါတယ်။

ပုံစာ - နိုဝင်ဘာလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖယ်ခုံအနောက်ခြမ်းမှပျက်စီးသွားတဲ့မြင်ကွင်းတချို့။ (ဓါတ်ပုံ - KNDF )

Most read this week

November 21, 2024
ထိုင်း- ကရင်နီနယ်စပ်ရှိ စစ်ဘေးရှောင်စခန်းတစ်နေရာမှာ ၁၀ နှစ်အောက် ကလေးငယ်တွေ...
November 20, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အနောက်ဘက်ခြမ်းက နိုးကိုးကျေးရွာအုပ်စုအတွင်းမှာနေထိုင်တဲ့...
နိုဝင်ဘာလ ၁၈ ရက်နေ့ ၊ ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုအပြီး မြင်ကွင်းများ။  (ဓါတ်ပုံ – ကန္တာရဝတီတိုင်း ( မ် ) )
November 19, 2024
နိုဝင်ဘာလ ၁၈ ရက်နေ့ မနက် ၁၁ နာရီကျော်အချိန်မှာ ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းက...
လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားတဲ့ ဘန်ကောက်စစ်ရှောင်စခန်းမြင်ကွင်း။ (ဓါတ်ပုံ - Khun Yaw Han )
November 18, 2024
ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်းက ဘန်ကောက်စစ်ရှောင်စခန်းကို ဒီကနေ့ နိုဝင်ဘာလ ၁၈...