မွန်စစ်ရှောင်တွေ နေရပ်ပြန်နေနိုင်ရေး စစ်ကောင်စီအကူအညီတချို့ပေးပေမယ့် အများစုမပြန်ရဲသေး

မွန်စစ်ရှောင်တွေ နေရပ်ပြန်နေနိုင်ရေး စစ်ကောင်စီအကူအညီတချို့ပေးပေမယ့် အများစုမပြန်ရဲသေး

မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အစပ် ဂျိုင်းမြစ်ဝှမ်းဒေသရှိ မွန်စစ်ရှောင်ပြည်သူတွေ နေရပ်ပြန်နေနိုင်ရေးအတွက် စစ်ကောင်စီဘက်က ကူညီထောက်ပံ့မှုတချို့ လုပ်ဆောင်နေပေမယ့် အများစုမပြန်ရဲသေးဘူးလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဦးဆောင်တဲ့အဖွဲ့ဟာ နိုဝင်ဘာ ၁၁ ရက်နေ့က ဓမ္မသကျေးရွာတိုက်ပွဲကြောင့် မီးလောင်ပျက်စီးသွားတဲ့ နေအိမ်အလုံး ၃၈၀ ပြန်ဆောက်နိုင်ဖို့အတွက်ဆိုပြီး သွပ်ဖိုးသိန်း ၂၁၀၀ ကျော် ထောက်ပံ့ကူညီခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် မီးလောင်သွားတဲ့ ဘုန်းကြီးကျောင်း သုံးကျောင်းအတွက် တစ်ကျောင်းကို သိန်း ၁၀၀ စီ ပေးအပ်ခဲ့သလို စစ်ကောင်စီ လက်အောက်ခံ လူကယ်ပြန်ဌာနကလည်း လူတစ်ဦးလျှင် ဆန်ဖိုး ကျပ် ၄၂၀၀ နှုန်းနဲ့ လူ ၅၀၀၀ ကျော်အတွက် ကျပ်သိန်း ၂၀၀ ပေးအပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားတာပါ။

ဂျိုင်းမြစ်ဝှမ်း ဒေသခံတစ်ဦးကတော့ စစ်ကောင်စီက ဒေသခံတွေကို ထောက်ပံ့တယ်လို့ ပြောဆိုနေပေမယ့် ထောက်ပံ့တဲ့ပစ္စည်းတွေ မရသေးသလို ပြန်လည်နေထိုင်ဖို့ကလည်း စစ်ကောင်စီဘက်က နေ့တိုင်း ရမ်းသမ်းပစ်ခတ်နေတာကြောင့် မပြန်ရဲသေးဘူးလို့ ပြောပါတယ်။

“ကျွန်တော်တို့ လက်ထဲမှာမရသေးဘူးလေ။ မနေ့က စာရင်းလာကောက်လား မသိဘူး။ အဲဒါကျွန်တော်တို့ တချို့တော့လာခဲ့တယ်လေ။ ဘာမှပစ္စည်းမရသေးဘူး။ စစ်တပ်ဘက်က သေနတ်ညတိုင်းပစ်တယ်လေ။ ညဘက်ဆို သူတို့ခြိမ်းခြောက်ပြီးတော့လေ၊ ဟိုဘက်က ဝင်မှာစိုးလို့လားမသိဘူး၊ နေ့တိုင်း အဲ့ဒါအရမ်းပစ်တာဆိုတော့ အဲဒါကြောင့်မို့ မပြန်ရဲတာ မနေရဲတာ”လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၄ ရက်နေ့ကစတင်ခဲ့တဲ့ ဂျိုင်းမြစ်ဝှမ်းဒေသက လက်နက်ကိုင်တိုက်ပွဲဟာ မွန်ဒေသမှာ ကြုံတွေ့ခံစားခဲ့ရတဲ့ စစ်ဒဏ်တွေထဲမှာ အပြင်းထန်ဆုံး စစ်ဒဏ်သင့်မှုကြောင့် အိမ်ခြေ ၄၀၀ ကျော် မီးလောင်ပျက်စီးခဲ့ရကာ အရပ်သားပြည်သူ ငါးသောင်းနီးပါး စစ်ဘေးသင့်ခဲ့ရပါတယ်။

စစ်ကောင်စီတပ်ဟာ ဓမ္မသကျေးရွာနဲ့ ကော့ဘိန်းကျေးရွာတွေကို ပြီးခဲ့တဲ့ဧပြီနောက်ဆုံးပတ်မှာ နယ်မြေရှင်းလင်းရေးခေါင်းစဉ်နဲ့ ပြန်လည်ထိန်းချုပ်ထားနိုင်ခဲ့တဲ့အတွက် စစ်ဘေးသင့်ပြည်သူတွေ နေရပ်ပြန်လာဖို့ တိုက်တွန်းနေတာပါ။

ဒါပေမယ့် စစ်ရှောင်ဒေသခံအများစုဟာ စစ်ကောင်စီတပ်က ကျေးရွာတွေအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေတာ၊ နေ့စဉ်နဲ့အမျှ လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်နေတာ၊ ကျေးရွာအတွင်း သွား၊လာနေကြတဲ့ပြည်သူတွေ စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်နေတဲ့အတွက် အများစု နေရပ်မပြန်ရဲကြသေးပါဘူး။

နောက်ထပ် ဂျိုင်းမြစ်ဝှမ်း ဒေသခံတစ်ဦးကလည်း စစ်ကောင်စီဘက်က ပြန်လည်နေထိုင်နိုင်ဖို့ ဆိုပြီး ထောက်ပံ့ပေမယ့် မရသေးသလို ရွာခံအများစုကလည်း ရွာတွေမှာ လုပ်ကိုင်စားသောက်လို့ မရတာကြောင့် မော်လမြိုင်အပါအဝင် တခြားနေရာတွေမှာ သွားရောက်နေထိုင်နေကြတယ်လို့ ပြောပါတယ်။

“အခုလောလောဆယ် ဟိုမှာရွာကလူမရသေးဘူး။ မွန်စစ်သားနဲ့ ဘုန်းကြီးကိုအပ်ထားတော့ ဘယ်နေ့ ပြန်ပေးမလဲမသိဘူး။ အိမ်တိုင်းပေးတာပဲ သူပြောထားတယ်။ ဒါပေမယ့် ရလားမရလား မသိဘူး။ ဒီမှာနေလည်း လယ်လုပ်လို့မှမရဘဲ။ ဘာမှလုပ်လို့ မရဘူး။ ဒီဘက်ခြမ်းကတော့ လယ်လုပ်တဲ့ အလုပ်ပဲ ရှိတယ်လေ။ တချို့မော်လမြိုင်မှာ အိမ်ငှားထားတာ ရှိတယ်။ သူ့အသိအိမ်လည်း ရှိတယ်။ ဘီလူးကျွန်းတို့ မုတ္တမတို့အစုံပဲ။ အဲဒီမှာ သူ့အသိရှိတဲ့သူက အဲဒီမှာသွားနေတာပေါ့”လို့ ဆိုပါတယ်။

စစ်ကောင်စီက ဒေသခံတွေကို ပြန်လည်နေထိုင်ဖို့ တိုက်တွန်းနေပေမယ့် နေအိမ်အများစု မီးလောင်ပျက်စီးသွားတာကြောင့် အသစ်တည်ဆောက်ဖို့ အခက်အခဲရှိသလို လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် လယ်ယာလုပ်ငန်းအပါအဝင် မိသားစုစားဝတ်နေရေး လုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်ဖို့ အခက်အခဲရှိနေတာပါ။

ဒါ့အပြင် ကျေးရွာတွေအတွင်း မပေါက်ကွဲသေးတဲ့ တိုက်ပွဲစစ်လက်နက်အကြွင်းအကျန်ပစ္စည်းတွေ မရှင်းလင်းနိုင်သေးတာ၊ အချိန်မရွေး နှစ်ဖက်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာမှာကို စိုးရိမ်နေကြတဲ့အတွက် ဒေသခံအများစု နေရပ်မပြန်နိုင်သေးပါဘူး။

December 23, 2024
မွန်ပြည်နယ်မှာ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် စစ်သားစုဆောင်းခံရသူ ၁၇၀၀ ထက်မနည်း...
December 21, 2024
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်က ဒေသခံ ၈ ဦးကို ဖမ်းဆီးပြီး စစ်ကောင်စီက ငွေညှစ်နေတယ်လို့ ဒေသခံတွေက...
December 19, 2024
မွန်ပြည်နယ်ရှိ အကျဉ်းထောင်တွေမှာ ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အချက်အလက်တွေကို...
December 18, 2024
စစ်အာဏာရှင်စနစ် ဆန့်ကျင်သူတွေရဲ့ ဘုံရန်သူ စစ်ကောင်စီတပ်ဟာ စစ်ရေးအကြပ် ဆိုက်လာချိန်တိုင်း...