အမ်းမြို့ရှိဌာနဆိုင်ရာရုံးအချို့တွင် AAအလံစိုက်ထူ၊ စစ်ကောင်စီအရာရှိအချို့အပါအဝင်၃၀၀ခန့် AA ထံလက်နက်ချ

အမ်းမြို့ရှိဌာနဆိုင်ရာရုံးအချို့တွင် AAအလံစိုက်ထူ၊ စစ်ကောင်စီအရာရှိအချို့အပါအဝင်၃၀၀ခန့် AA ထံလက်နက်ချ
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထားသည့် အမ်းမြို့နယ် မဲတောင်ဗျုဟာကုန်းရှိ စစ်လက်နက်ခဲယမ်းများ  ဓါတ်ပုံ-AA Info Desk
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထားသည့် အမ်းမြို့နယ် မဲတောင်ဗျုဟာကုန်းရှိ စစ်လက်နက်ခဲယမ်းများ ဓါတ်ပုံ-AA Info Desk

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှအရာရှိအချို့အပါအဝင် တပ်ဖွဲ့ဝင် ၃၀၀ခန့်သည် အာရက္ခတပ်တော်(AA)ထံ လက်နက်ချအညံ့ခံခဲ့ပြီး ဌာနဆိုင်ရာရုံးအချို့တွင်  AAအလံများ စိုက်ထူလွှင့်တင်ထားသည်ကိုတွေ့နေရကြောင်း မြေပြင်စစ်ရေးသတင်းမြစ်နှင့်ဒေသခံများက ပြောသည်။

အမ်းမြို့သိမ်းတိုက်ပွဲကို AAက စက်တင်ဘာလ တတိယလပတ်ထဲတွင် စတင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အောက်တိုဘာ လဆန်းမှစ၍ လက်နက်ချအလင်းဝင်လာခြင်းဟု ဆိုသည်။

"တပ်ရင်းမှူးအဆင့်တယောက်ဝင်လာတာတော့ ရှိပါတယ်။ ဘယ်တပ်ကလည်းဆိုတာတော့ မမေးလိုက်မိဘူး။ အရာရှိတချို့ပါတယ်။ နည်းတယ်။ ကျန်တာ ရိုးရိုးတပ်သားတွေများတယ်"ဟု AA နှင့်နီးစပ်သည့်သတင်းရင်းမြစ်က မဇ္စျိမကို ပြောသည်။

အမ်းမြို့သစ်၊မြို့မရဲစခန်းမှ ကိုက် ၅၀၀ ခန့်အကွာရှိ စစ်ကောင်စီ၏ဌာနဆိုင်ရာရုံးအချို့တွင် AAအလံများစိုက်ထူလွှင့်တင်ထားသည်ကိုတွေ့နေရကြောင်း ဒေသခံများက နိုဝင်ဘာလ ၁၁ ရက်နေ့တွင် အသိပေးပြောကြားသည်။

" စစ်တပ်က လေကြောင်းအားကိုးနဲ့ပစ်နေလို့ အမ်း မကျသေးတာ။ အခြေအနေကတော့ စစ်တပ်ဘက်မှာ တော်တော်လေးကိုဆိုးပါတယ်" ဟု ဒေသခံတဦးက ပြောသည်။

ရခိုင်ပြည်နယ်အခြေစိုက် သတင်းဌာနဖြစ်သည့် Western News တွင်လည်း အမ်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှလက်နက်ချ အလင်းဝင်လာသူတပ်ရင်းမှူး၊ ဗိုလ်မှူး အဆင့်အပါအဝင် တပ်သား ၃၀၀ နီးပါးရှိကြောင်း နိုဝင်ဘာလ ၁၁ရက်တွင် ဖော်ပြထားသည်။

အမ်းမြို့သိမ်းတိုက်ပွဲအခြေအနေများနှင့်စပ်လျဥ်း၍ AAက အောက်တိုဘာလ ၇ ရက်သတင်းထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း ထပ်မံထုတ်ပြန်ခြင်းမရှိသေးပေ။ အောက်တိုဘာလ ၇ ရက်က ထုတ်ပြန်ချက်တွင် အမ်းမြို့၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ အဓိက ခံစစ်စခန်း မဲတောင်ဗျူဟာနှင့် ရှေ့တန်းစခန်းအချို့ကိုသိမ်းယူနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။  မဲတောင်ဗျူဟာကို AAက သိမ်းယူပြီးနောက်ပိုင်း လက်နက်ချအလင်းဝင်သူ များပြားလာခြင်းဟု သိရသည်။

အမ်းမြို့နယ်တွင်တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး ရှေ့တန်းစစ်မြေပြင်မှထွက်ပြေးသူများလည်းရှိနေသည်။ နပခရှိ ခမရ (၃၇၃)နှင့် ခမရ(၃၇၁)၊ ကြက်ရေစမ်း နယ်ခြားဂိတ်ရှေ့တန်းစစ်ကြောင်းမှ  ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦးကို  ရှေ့တန်းစစ်ဆင်ရေးဒေသတနေရာတွင် ဖမ်းမိခဲ့သည်ဟု AA၏ မဟာမိတ်CDF - Ashoက နိုဝင်ဘာလ ၁၀ရက်တွင် သတင်းထုတ်ပြန်ထားသည်။

အမ်းခရိုင်အထွေထွေအုပ်ချုပ်ဦးစီးဌာနမှ အရာရှိများအပါအဝင် ဌာနဆိုင်ရာအရာရှိများသည် နိုဝင်ဘာလ ၄ရက်တွင် စစ်တပ်ရဟတ်ယာဉ်ဖြင့် မကွေးမြို့သို့တိမ်းရှောင်သွားကြောင်းလည်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့တွင် အမ်းမြို့နယ်နေရာအချို့၌ တိုက်ပွဲဆက်လက်ဖြစ်ပွား‌နေပြီး  AA သိမ်းပိုက်ထားသည့် အမ်း-ပဒါန်းကားလမ်းပေါ် မှ ပဲပဒုံစစ်ဆေးရေးဂိတ်အနီးကို  စစ်ကောင်စီက ဂျက်ဖိုက်တာများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တပြိုင်နက်တည်းပင် အမ်းမြို့မရဲစခန်းအနီး ခရိုင်အုပ်ချုပ်ရေးမှူးရုံးအနောက်ဘက်ခြမ်းတွင် တိုက်ပွဲပြင်းထန်နေပြီး အမ်းမြို့သစ်နှင့်မြို့ဟောင်းကြား မော်ဆီဆိုင်ကုန်းအနီး ခမရ(၃၇၁)နှင့် တပ်ထိန်းတပ်တို့ကို AA က ထိုးစစ်ဆင်နေကြောင်း ဒေသခံများထံမှ သိရသည်။

ထို့အပြင် နိုဝင်ဘာလ ၁၀ရက်နေ့က အမ်းမြို့မှ ပျံတက်လာသည့် စစ်ကောင်စီတပ်၏ ရဟတ်ယာဉ်တစီးကို AA က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိမှန်သွားပြီး မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်အတွင်းတနေရာတွင် အရေးပေါ် ဆင်းသက်ခဲ့ရသည်ဟု သတင်းထွက်ပေါ်ခဲ့သည်။ AAက ထုတ်ပြန်ခြင်းမရှိသေးပေ။

လက်ရှိဖြစ်ပွားနေသောတိုက်ပွဲများနှင့်ပတ်သက်၍ စစ်ရေးသတင်းရင်းမြစ်တဦးက  "စစ်ကောင်စီဘက်က အခြေအနေမဟန်တာ သူတို့ထိပ်ပိုင်းခေါင်းဆောင်တွေအကြီးအကဲတွေလည်း သိတယ်"ဟု ‌ဆိုသည်။

Most read this week

မန္တလေးတွင် လမ်းသွားလမ်းလာပြည်သူများအား စစ်ဆေးနေသည့် စစ်ကောင်စီတပ်။ (ပုံ – အဟောင်း)
January 23, 2025
အာဏာသိမ်းစစ်ကောင်စီက လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်ကာ ၂ လအတွင်း ကလေးငယ်တဦးအပါအဝင်...
January 22, 2025
ဧရာဝတီတိုင်းနယ်စပ်တွင် ပြင်းထန်လာသည့် တိုက်ပွဲများကြောင့် ချောင်းသာကမ်းခြေမှ ဒေသခံများ...
၂၀၂၄ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့က ရိုက်ယူထားသော ဤဓာတ်ပုံတွင် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) မှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အလံများနှင့် မဟာမိတ်အလံများကို ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ အဝိုင်းတွင် ဖြန့်ကြက်ထားသည်ကို တွေ့မြင်ရပြီး ဒေသအတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ ရက်အတန်ကြာ ဖြစ်ပွားခဲ့သည်။ (ဓာတ်ပုံ – AFP)
January 21, 2025
မြန်မာစစ်တပ်နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တပ်တို့အကြား ဇန်နဝါရီ ၁၈...
January 20, 2025
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် အိမ်ခြေ ၁,၀၀၀ ကျော်မှာ စားနပ်ရိက္ခာ ပြတ်လပ်နေသဖြင့် ဆန်...