သီတင်းကျွတ်အလွန် စစ်ရေးပြင်းထန်လာမည်ကို ဂျိုင်းမြစ်ဒေသခံများ စိုးရိမ်

သီတင်းကျွတ်အလွန် စစ်ရေးပြင်းထန်လာမည်ကို ဂျိုင်းမြစ်ဒေသခံများ စိုးရိမ်

ဂျိုင်းမြစ်ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များ အင်အားအများအပြားဖြင့် လှုပ်ရှားနေသလို စစ်ကောင်စီဘက်ကလည်း ရေကြောင်းဖြင့်ပါ စစ်ကြောင်းထိုးဝင်ရောက်လာနေသည့်အတွက် ဒေသတွင်း စစ်ရေးပြင်းထန်လာမည်ကို ဒေသခံတို့က စိုးရိမ်နေကြသည်။

လက်ရှိ ဂျိုင်းမြစ်ဒေသအတွင်းရှိ ကျေးရွာတို့တွင် နေ့စဉ်နီးပါး ကထိန်ပွဲကျင်းပပြုလုပ်လျှက်ရှိပြီး ကထိန်ကာလအတွင်း တိုက်ပွဲဖော်ဆောင်ခြင်းမပြုရန် မွန်သံဃာတော်တို့က တော်လှန်ရေးတပ်ဖွဲ့တို့ကို တောင်းဆိုထားကြောင်း သိရသည်။

ထိုကြောင့် လတ်တလောတွင် ဂျိုင်းမြစ်ဒေသတွင်း စစ်ရေးအခြေအနေ ငြိမ်သက်နေကြောင်း၊ ကထိန်ပွဲတော်အလွန်မှာတော့ တိုက်ပွဲများ ပြန်ဖြစ်လာကြောင်း ဂျိုင်းမြစ်ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

“မွန်သံဃာတွေ အဲ့လိုတောင်းဆိုထားတယ်လို့ ပြောနေကြတယ်။ ဒီကထိန်ကာလအပြီးမှ တိုက်ပွဲတွေ ဖော်ချင်ဖော်ပေါ့ အဲလိုတောင်းဆိုထားတယ်လို့ ကြားတယ်။ ဆိုတော့ ဒီအချိန်မှာ အခြေအနေတွေငြိမ်နေတော့ မကြာခင်မှာ တိုက်ပွဲတွေ ပြင်းထန်ဖို့ရှိမယ်လို့ ကျနော်တို့ တွက်ထားတယ်” ဟု ၎င်းက ပြောသည်။

ယင်းအခြေအနေကြောင့် ဒေသခံအချို့က ပြောင်းရွှေ့ရန် ကြိုတင်စီစဉ်နေကြသည်လည်း ရှိနေသည်ဟု ဆိုသည်။

လတ်တလောတွင် ဂျိုင်းမြစ်ဒေသအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီဘက်က Drone ဖြင့် နေ့စဉ် စုံစမ်းထောက်လှမ်းမှု လုပ်ဆောင်နေသည်ဟု ကျိုက်မရောဒေသခံတစ်ဦးက ဆိုသည်။

“ကထိန်က ဘာသာရေးပွဲမို့ တိုက်ပွဲဆင်နွှဲတာတွေမလုပ်ဖို့ မွန်ဘုန်းကြီးတွေက တော်လှန်ရေးအဖွဲ့တွေကို တောင်းဆိုထားတယ်လို့ ကြားမိပါတယ်။ တဘက်မှာလည်း စစ်တပ်ဘက်က Drone နဲ့ နေ့ညမပြတ် ထောက်လှမ်းနေတာရှိတယ်” ၎င်းက ပြောသည်။

ဂျိုင်းမြစ်ဒေသတွင်း သန်းခေါင်စာရင်း စကောက်သည့် အောက်တိုဘာလ ၁ ရက်နေ့ကစပြီး ဒေသတွင်းရှိ ကော့ဘိန်း၊ မင်းရွာ၊ ဓမ္မသ အစရှိသည့် ကျေးရွာများထဲသို့ စစ်ကောင်စီက လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်မှု ပြုလုပ်နေပြီး ဒေသခံပြည်သူများကိုလည်း သွားလာခွင့် ပိတ်ပင်ခဲ့သည်။

ဒေသတွင်း လှုပ်ရှားနေသည့် မွန်တော်လှန်ရေးတပ်ဖွဲ့တို့ကလည်း စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်းမှုအားကောင်းနေပြီး ပွင့်လင်းရာသီကာလတွင် စစ်ရေးဖော်ဆောင်မှု ဆက်တိုက်ပြုလုပ်သွားမည်ဟု ထုတ်ပြန်ပြောဆိုထားကြသည်။

ဂျိုင်းမြစ်ဒေသတွင် ပြီးခဲ့သည့်နှစ်က စစ်ရေးပဋိပက္ခပြင်းထန်ခဲ့ပြီး အိမ်ခြေ ၄၀၀ ကျော်မီးလောင်ပျက်စီးသွားသည့်အတွက် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ပြန်လည်ထူထောင်ရေး လုပ်ဆောင်နေရချိန်တွင် နောက်ထပ် တိုက်ပွဲများ ထပ်ဖြစ်လာမည့်အပေါ်  စိုးရိမ်ထိန့်လန့်နေကြရသည်။

ဓာတ်ပုံ - ပုံဟောင်း
December 23, 2024
မွန်ပြည်နယ်အတွင်းရှိ  အသင်းအဖွဲ့မှတ်ပုံတင်သက်တမ်းကုန်နေသည့် ပရဟိတအသင်းအကြီးအပါအဝင်...
December 19, 2024
တနင်္သာရီတိုင်းတွင် နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ် တိုက်ပွဲနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့်...
December 18, 2024
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်း၊ ရဲတံခွန်၊ လွတ်ရှမ်း၊ သံပုရာ၊ ခုံခံကျေးရွာမှ...
December 13, 2024
ထိုင်း - မြန်မာ နယ်စပ် ဘုရားသုံးဆူမြို့အတွင်း အသက် ၁၀ နှစ်အောက်ကလေးပျောက်ဆုံးမှု ယနေ့အထိ...