ကရင်နီက စစ်ရှောင်စခန်းတချို့မှာ ၈နှစ်အောက် ကလေးငယ်တွေ အာဟာရချို့တဲ့မှုရှိနေဆဲ

ကရင်နီက စစ်ရှောင်စခန်းတချို့မှာ ၈နှစ်အောက် ကလေးငယ်တွေ အာဟာရချို့တဲ့မှုရှိနေဆဲ

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတချို့မှာ ၈နှစ်အောက်ကလေးငယ်တွေ လုံလောက်တဲ့ အာဟာရဓတ်မရရှိဘဲ အာဟာရချို့တဲ့မှုကို ကြုံတွေ့နေရဆဲဖြစ်တယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

စစ်ရှောင်စခန်းအများစုဟာ အလှူရှင်က ထောက်ပံ့ကူညီမှုကိုသာ အဓိက မှီခိုအားထားရတာဖြစ်ပါတယ်။ အလှူရှင်မရောက်ရှိတဲ့ စစ်ရှောင်စခန်းတွေမှာ လုံလောက်တဲ့ အစာအာဟာရ မရရှိကြသလို ဝင်ငွေမရှိတဲ့ စစ်ရှောင်တွေများပြားတယ်လို့ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

“တချို့လည်း ဒီစားဝတ်နေရေးလည်း ခက်ခဲပြီးတော့ ဒီ အာဟာရပိုင်းမှာလည်း တချို့ မဝယ်စားနိုင်တဲ့ မိသားစုတွေလည်း ရှိတာပေါ့။ ပြီးတော့ ဒီနှစ် ၂၀၂၄ မှာ အဖြစ်များနေတာပေါ့နော်” လို့ သူကပြောပါတယ်။

ကလေးငယ်တွေကို အသက်အရွယ်အလိုက် သတ်မှတ်ထားတဲ့ ကိုယ်အလေးချိန် ၊ အရပ်အမောင်း ၊ လက်မောင်းတိုင်းတာတဲ့ပစ္စည်းတွေနဲ့ ကျန်းမာရေးစစ်ဆေးကြည့်တဲ့အခါ ကလေးငယ်အများစုဟာ ပိန်တာ၊ အရပ်မရှည်တာ ၊ ခန္ဓာကိုယ်မဖွံ့ဖြိုးတာ၊ စားသောက်ချင်စိတ်မရှိတာ စတဲ့ အာဟာရချို့တဲ့လက္ခဏာရှိတယ်လို့ ဆိုပါတယ်။

အာဟာရချို့နေတဲ့ကလေးငယ်တွေဟာ ကိုယ်ခံအားမရှိတာ၊ ဖွံ့ဖြိုးမှုနှေးကွေးတာ ၊ မကြာခဏ ဖျားနာတာတွေဖြစ်ပွားတာရှိပြီး ဆိုးဝါးတဲ့ လက္ခဏာချို့တဲ့ကလေးငယ်ကတော့ အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်တယ်လို့ IEC ရဲ့ ကျန်းမာရေးဌာန၊ ဌာနမှူးကြီး ခွန်းဖိလစ်က ပြောပါတယ်။

“ဒီ အစားအာဟာရချိုတဲ့နေတဲ့ ကလေးမှာ သိသိသာသာဖြစ်တာက ဖွံ့ဖြိုးမှုနှေးကွေးတာ၊ ဖွံ့ဖြိုးမှုပုံမှန် မဟုတ်ဘူးလား ဥပမာ – သူအသက်အရွယ်နဲ့ အလေးချိန်နဲ့ သူရဲ့ Milestone တွေက ကျလာမှာပေါ့နော် အဲ့ဒါတွေရှိမယ်။ ပြီးလို့ရှိရင် ဉာဏ်ရည်ဉာဏ်သွေးပေါ့နော် ဦးနှောက် ပိုင်းဆိုင်ရာ နဲ့ ဦးနှောက် အာရုံကြောပိုင်းဆိုင်ရာ အရည်အသွေးတွေ နည်းတာတွေ နိမ့်ကျတာတွေ ဖြစ်နိုင်တယ်။ နောက်တစ်ခုကတော့ သူတို့က အလွယ်တကူ ကိုယ်ခံ အားတွေ ရှိမနေတာကြောင့် အလွယ်တကူ ရောဂါ ခံစားနိုင်တာပေါ့နော်။ ဥပမာ- သူများချောင်းဆိုးရင် သူလည်း လိုက်ပါ ချောင်းဆိုးနေတာမျိုးပေါ့နော်။ ဖြစ်လာတဲ့ရောဂါတွေ အလွယ်တကူရတာ နောက်ဆုံး သေဆုံးတဲ့ထိပါ ဖြစ်လာနိုင်တယ်ပေါ့”လို့ ခွန်းဖိလစ်က ပြောပါတယ်။

စစ်ရှောင်ကာလကြာလာတာနဲ့အမျှ စစ်ရှောင်စခန်းအများစုကို အလှူရှင်အဖွဲ့အစည်းတွေရဲ့ ထောက်ပံ့မှု နည်းပါးလာသလို ငွေကြေးမတတ်နိုင်တဲ့ စစ်ရှောင်မိသားစုတွေကတော့ အာဟာရပြည့်ဝတဲ့ အစားအစား၊ အားဆေးတွေကို ဝယ်နိုင်ခြင်းမရှိကြတာကြောင့် သက်ကြီးရွယ်အို နဲ့ ကလေးငယ်တွေဟာ အာဟာရချို့တဲ့မှု အဖြစ်များတယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်ကလေးငယ်တွေ အာဟာရပြည့်ဝနိုင်ဖို့ ကိုယ်ထူကိုယ်ထစနစ်နဲ့ စစ်ရှောင်စခန်းတွေမှာ အာဟာရတိုက်ကျွေးတာတွေကို စစ်ရှောင်ကူညီတဲ့အဖွဲ့တွေက ဆောင်ရွက်နေတာရှိပါတယ်။

ကရင်နီပြည်မှာ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ဘေးရှောင်ပြည်သူအများစုဟာလည်း ဝင်ငွေရ အလုပ်အကိုင်မရှိတာကြောင့် စားဝတ်နေရေးခက်ခဲလာကြသလို တစ်ဖက်မှာလည်း စစ်ကောင်စီက ကရင်နီပြည်တွင်းကို ဝင်လာမယ့်လမ်းကြောင်းတွေမှာ ဆေးဝါး၊ စားနပ်ရိက္ခာသယ်ယူပို့ဆောင်မှုကို ပိတ်ပင်တားဆီးမှုရှိပါတယ်။

November 25, 2024
စစ်ပွဲကြားမှာ ရှင်သန်နေထိုင်ရုန်းကန်ရင်း နိုင်ငံတကာတက္ကသိုလ်တွေမှာ ပညာသင်ယူနိုင်ဖို့ဆိုတာ...
November 25, 2024
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းယူပြီးနောက်ပိုင်း ကရင်နီပြည်က တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့...
November 21, 2024
ထိုင်း- ကရင်နီနယ်စပ်ရှိ စစ်ဘေးရှောင်စခန်းတစ်နေရာမှာ ၁၀ နှစ်အောက် ကလေးငယ်တွေ...
November 20, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အနောက်ဘက်ခြမ်းက နိုးကိုးကျေးရွာအုပ်စုအတွင်းမှာနေထိုင်တဲ့...