လောင်းလုံးတွင် စစ်ကောင်စီစစ်ကြောင်းထွက်ခွာပြီးနောက် ဒေသခံ ၁၀ ဦးထက်မနည်းအား ဖမ်းဆီးခေါ်ဆောင်သွား

လောင်းလုံးတွင် စစ်ကောင်စီစစ်ကြောင်းထွက်ခွာပြီးနောက် ဒေသခံ ၁၀ ဦးထက်မနည်းအား ဖမ်းဆီးခေါ်ဆောင်သွား

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ညင်းမော်၊ ကဒတ်ငယ်ထိန်၊ အောက်ရေဖြူ ကျေးရွာများသို့ တစ်ပတ်တိတိ စစ်ကြောင်းထိုးဝင်ရောက်ခဲ့သော စစ်ကောင်စီတပ်ဖွဲ့သည် စစ်ကြောင်း ထွက်ခွာ ပြီးနောက်တွင်လည်း ထိုရွာများရှိ ဒေသခံ(၁၀)ဦးထက်မနည်းအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်မှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ(၁၂)ရက်မှ (၁၉)ရက်နေ့အထိ အင်အားရာချီအသုံးပြု ဝင်ရောက်လာခဲ့သော စစ်ကောင် စီတပ်ဖွဲ့က ဖော်ပြပါရွာမှ ဒေသခံများအား ဓါးစာခံပြုလုပ် ဖမ်းဆီးခေါ်ဆောင်လာခဲ့ပြီးနောက် စစ်ကြောင်း တစ်လျှောက် အချို့ကို ပြန်လွှတ်ပေးခဲ့သော်လည်း အချို့ကိုမူ ဆက်လက်ဖမ်းဆီးသွားခြင်းဖြစ်သည်။

ထို့နောက် စစ်ကြောင်းထွက်ခွာသည့် အောက်တိုဘာ(၂၀)ရက်မှ ယနေ့အထိ လောင်းလုံးမြို့ပေါ် ရဲစခန်းအတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရသော ဒေသခံများအပါအဝင် တည်နေရာမသိရသည့်နေရာများတွင် စစ်ကောင်စီ လက်ဝယ်ထိန်းသိမ်းခြင်းခံထားရသည့် အရပ်သား(၁၀)ဦးထက်မနည်း ရှိနေသေးသည်ဟု ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) က ပြောသည်။

“လောင်းလုံးထဲကို စစ်ကြောင်းထိုးနေကျ ၁၀၄ တပ်ရင်းနဲ့ ထားဝယ်မြို့ ပေါ်ကတပ်ရင်း တစ်ခုပေါင်းပြီး စစ်ကြောင်းထိုးလာတယ်လို့ယူဆရတယ်ဗျ။ စစ်ကြောင်းထွက်ပြီး မြို့ပေါ် ရောက်တော့လည်း ပြန်လွှတ်ပေး တဲ့သူတွေအများကြီးရှိတယ်။ အဲ့မှာမှ ၁၀ ယောက်လောက်တော့ အနည်းဆုံးကျန်နေဦးမယ် ၊ အမျိုးသားတွေချည်းပဲ။” ဟု ကော်မတီတာဝန်ရှိသူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီဘက်က မည်သည့်အမှုဖြင့် ယခုလိုထိန်းသိမ်းထားခြင်းဖြစ်ကြောင်း မသိရသလို ၎င်းတို့ မိသားစု ဝင်များနှင့်လည်း တွေ့ခွင့်မပေးကြောင်း လောင်းလုံးမြို့ရဲစခန်းနှင့်နီးစပ်သည့် သတင်းအရင်းအမြစ်က ဆိုသည်။

၎င်းအပြင် ပြစ်မှုကျူးလွန်ကြောင်းမထင်ရှားဘဲ ထိန်းသိမ်းခံထားရသူများထံမှ ထမင်းစရိတ်အနေဖြင့် တစ်ဦးစာ အတွက် တစ်ရက်လျှင် မြန်မာကျပ်ငွေ (၆,၀၀၀)ကျပ်ကို ၎င်းမိသားစုဝင်က ပြန်လည်ထောက်ပံ့နေရသည်ဟုလည်း သိရသည်။

စစ်ကောင်စီကဖမ်းဆီးထားသူများမှာ ကဒတ်ငယ်ထိန်၊ အောက်ရေဖြူ၊ ညင်းမော်၊ ဂေါ့အင်း ကျေးရွာတို့မှ လက်နက်ကိုင်နှင့်မပတ်သက်သည့် အရပ်သားဒေသခံများဖြစ်ကြောင်း သပိတ်ကော်မတီက ပြောဆိုသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကြောင်းထိုး ဖမ်းဆီးမှုများလုပ်ဆောင်ခဲ့သော စစ်ကောင်စီတပ်များကြောင့် ဒေသခံများမှာ နေရပ်မှထွက်ပြေးတိမ်းရှောင်ကြရသလို နေအိမ်မီးရှို့မှုခံရမှုအပြင် စစ်တပ်က လူမရှိသည့် နေအိမ်များရှိ ပစ္စည်းများကိုလည်း သယ်ဆောင်သွားကြသည်ဟု အောက်ရေဖြူရွာခံများထံမှ သိရသည်။

ရွာသားတစ်ဦးက “ကျနော်တို့ရွာကို စစ်ကြောင်းထိုးတော့ လူတွေပါသွားတာအများကြီးပဲ။ ပြန်လွတ်လာ တာလည်းအများကြီးပဲ။ အကြမ်းဖက်ခံလာရတဲ့သူလည်း ရှိတယ်။ ဂေါ့အင်းရွာထဲမှာတော့ စစ်တပ်က အိမ်တစ် လုံးကို မီးရှို့တယ်။ လူမနေတဲ့အိမ်တွေကလည်း ပစ္စည်းတွေပြန်သယ်သွားတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီစစ်ကြောင်းဝင်ရောက်နေစဥ်ကလည်း ကဒတ်ငယ်ထိန်ရွာ၊ အောက်ရေဖြူရွာတို့မှ အမျိုးသား(၃)ဦးနှင့် အမျိုးသမီး (၂)ဦးမှာ စစ်ကောင်စီ၏လက်ချက်ကြောင့် သေဆုံးခဲ့ရပြီး အဆိုပါဖြစ်စဥ်သည် အရပ် သားပြည်သူအပေါ်ကျူးလွန်သည့် စစ်ရာဇဝတ်မှုဖြစ်သည်ဟု သပိတ်ကော်မတီက ထုတ်ပြန်ပြောဆိုထားသည်။

Most read this week

October 24, 2024
ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်အတွင်း ကျေးရွာပေါင်း ၇၀ ကျော်ရှိသည့်အနက် ရွာပေါင်း၂၀ ကျော်သာ...
October 24, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်/တပ်မဟာ (၇) နယ်မြေ၊ လှိုင်းဘွဲမြို့နယ် ရှိ...
October 23, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ ဖားအံခရိုင်၊ တပ်မဟာ (၇) နယ်မြေအတွင်းရှိ ကရင်အမျိုးသား...
October 22, 2024
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA (ဗဟို)ဌာနချုပ်အနီးဝန်းကျင်ကို ယနေ့  (အောက်တိုဘာ ၂၂...