ပင်လယ်ပြင်တွင် စစ်ကောင်စီရေတပ်က ၅ ရက်ကြာ စစ်ရေးလေ့ကျင့်နေ

ပင်လယ်ပြင်တွင် စစ်ကောင်စီရေတပ်က ၅ ရက်ကြာ စစ်ရေးလေ့ကျင့်နေ

မြန်မာနှင့် ထိစပ်နေသည့် ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းရေပြင်တွင် စစ်ကောင်စီသည် ရေကြောင်း လုံခြုံရေးပင်လယ်ပြင်လေ့ကျင့်ခန်းကို ယနေ့ (အောက်တိုဘာ ၂၀) ရက်နေ့မှ စတင်ပြီး အောက်တိုဘာ ၂၄ ရက်နေ့အထိ ၅ ကြာပြုလုပ်နေကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

အဆိုပါလေ့ကျင့်ခန်းတွင် ရေပြင်၊ ဝေဟင်၊ ရေအောက်လေ့ကျင့်ခန်းများနှင့် လက်တွေ့ပစ်ခတ်ခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

စစ်ရေးလေ့ကျင့်မှုကို တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ ကဘူဇာကျွန်း အနောက်ဘက် ရေမိုင် ၁၀ မိုင်၊ ရဲတံခွန် သဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ကွက်မှ မြောက်ဘက် ၁၀ မိုင်အကွာ ရေမိုင် ၆၀ ပတ်ပတ်လည် အကွာအဝေးအတွင်း ပြုလုပ်နေခြင်းဖြစ်သည်။

တစ်နိုင်ငံလုံးတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း စစ်ကောင်စီသည် ကြည်းတပ်အင်အားများကို ထပ်မဖြည့်နိုင်တော့သဖြင့် လေတပ်၊ ရေတပ်များကို အသုံးပြုပြီး အစွမ်းကုန်တိုက်ခိုက်ရန် လေ့ကျင့်နေခြင်းဖြစ်သည်ဟု စစ်ရေးနိုင်ငံရေးအကဲခတ်တို့က သုံးသပ်သည်။

“ ရေတပ်စစ်ဆင်ရေးက ပင်လယ်ကမ်းရိုးတန်းနဲ့နီးတဲ့ မြို့တွေရဲ့ စစ်ဆင်ရေးမှာ အသုံးပြုတယ်။ ဒါကြောင့် ရခိုင်မှာဆိုရင် ကျောက်ဖြူ၊ စစ်တွေမြို့တို့လို စစ်ဆင်ရေးတွေမှာ အသုံးပြုလာနိုင်တယ်။ တနင်္သာရီတိုင်း ဖက်မှာလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို တိုက်ဖို့အတွက် အဆင်သင့်ဖြစ်အောင် လုပ်ဆောင်နေတာလည်း ဖြစ်နိုင်တယ် ” ဟု စစ်ရေးနိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက ပြောသည်။

စစ်ကောင်စီ ထုတ်ပြန်ချက်အရ  ရေတပ်လေ့ကျင့်မည့် ဧရိယာမှ ၅ မိုင်ပတ်လည်အား သင်္ဘောကြီး/ငယ်များ၊ ကုန်တင်/စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗာန်များ ဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်းကိရိယာများ ချထားခြင်း မရှိစေရန်နှင့် လေယာဉ်၊ ရဟတ်ယာဉ်များ အမြင့်ပေ ၁၅,၀၀၀ အောက် ဖြတ်ကျော်ပျံသန်းခြင်းမပြုကြရန် အသိပေးထားသည်။

စစ်ကောင်စီရေတပ်တွင် ဧရာဝတီရေတပ်စခန်းဌာနချုပ် (ရန်ကုန်)၊ မောရဝတီရေတပ်စခန်းဌာနချုပ် (မော်လမြိုင်)၊ ဓညဝတီရေတပ်စခန်းဌာနချုပ် (ကျောက်ဖြူ)၊ ပမ္မဝတီရေတပ်စခန်းဌာနချုပ် (ဟိုင်းကြီးကျွန်း)၊ တနင်္သာရီရေတပ်စခန်းဌာနချုပ် (မြိတ်) ဟူ၍ ဌာနချုပ်ကြီး ၅ ခုရှိသည်။

သို့သော်လည်း ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ စစ်ကောင်စီ၏ မောင်ရွှေလေးရေတပ် ပင်မရေငုပ်နှင့် ဆယ်ယူရေးတပ်စခန်း Central Naval Diving And Salvage Deport (Myanmar Navy) CNDSD စခန်းကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၅ ရက်တွင် အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထားသည်။

ထိုသို့ သိမ်းပိုက်ခံရပြီးနောက်ပိုင်းတွင် စစ်ကောင်စီသည် ရေတပ်လေ့ကျင့်ခန်းများကို ပထမဆုံးအကြိမ်ပြုလုပ်လာသဖြင့် နောက်ထပ် မြစ်ဝကျွန်းပေါ် တိုက်ပွဲများတွင် အင်အားဖြည့်ပြန်တိုက်ခိုက်ရန် ရည်ရွယ်ပုံပေါ်ကြောင်း သုံးသပ်နေကြသည်။

“ အခုလက်ရှိ တိုက်ပွဲတွေမှာ စစ်ကောင်စီက ရေကြောင်းနဲ့ လေကြောင်းကိုပဲ အဓိကအသုံးပြုပြီးတော့ တိုက်နေတာရှိတယ်။ ပင်လယ်ကမ်းခြေနဲ့နီးတဲ့ မြို့တွေဆိုရင် ရေကြောင်းကို အသုံးပြုတာပေါ့။ ဒါကြောင့် ရေတပ်အင်အားတွေကို ဖြည့်ဖို့အတွက် စစ်ရေးလေ့ကျင့်နေတာဖြစ်တယ် ” ဟု ကျောက်ဖြူဒေသခံ လူငယ်တစ်ဦးက ဆိုသည်။

ယခင်နှစ်များက စစ်ကောင်စီသည် ပင်လယ်ပြင် စစ်ရေးလေ့ကျင့်ခန်းများကို မာန်အောင်ကျွန်းနှင့် အနီးတဝိုက်တွင် ပြုလုပ်လေ့ရှိသော်လည်း ယခုနှစ်တွင် စစ်ရေးရှုံးနိမ့်မှုများနှင့်အတူ တနင်္သာရီတိုင်းဘက်သို့ ရွှေ့ပြောင်းသွားခြင်းဖြစ်သည်။

စစ်ကောင်စီသည် ရေတပ်ကို ရခိုင်တိုက်ပွဲတွင် အများဆုံးအသုံးပြု တိုက်ခိုက်နေပြီး လက်ရှိတွင် ဂွမြို့နယ်နှင့် မောင်တောတိုက်ပွဲများတွင် ပစ်ကူပေးနေသည်ကို တွေ့ရသည်။

October 21, 2024
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ဖားဝပ်ချောင်းကျေးရွာကို စစ်ကောင်စီက ယနေ့ (အောက်တိုဘာ ၂၁ ရက်)၊...
October 18, 2024
တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ အောင်မင်္ဂလာကျေးရွာကို အောက်တိုဘာ ၁၆ ရက်၊...
October 16, 2024
ရခိုင်က မြို့နယ်အားလုံးတွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ လုံးဝပြတ်တောက်နေသောကြောင့် ဒေသအတွင်း...
October 15, 2024
ရခိုင်ဒေသကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှစ၍ စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားသလို...