ပုလောမြို့နယ်အတွင်း နယ်မြေစိုးမိုးနိုင်ရေး စစ်ကောင်စီ အင်အားရာချီသုံး၍ စစ်ကြောင်းထိုးနေ

ပုလောမြို့နယ်အတွင်း နယ်မြေစိုးမိုးနိုင်ရေး စစ်ကောင်စီ အင်အားရာချီသုံး၍ စစ်ကြောင်းထိုးနေ

တနင်္သာရီတိုင်းဒေသကြီး၊ ဘိတ်ခရိုင်၊ ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာဘက်သို့ နယ်မြေစိုးမိုးမှုရရန် အောက်တိုဘာလ(၁၄)ရက်၊ နံနက်ပိုင်းမှစ၍ အင်အား(၂၀၀)ကျော်ရှိ စစ်ကောင်စီတပ်များ စစ်ကြောင်း ထိုးဝင်ရောက်နေကြောင်း ပုလောမြို့နယ်တွင်းသတင်းအရင်းအမြစ်မှ သိရသည်။

အဆိုပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် တော်လှန်ရေးအင်အားစုတို့ ထိန်းချုပ်ထားနိုင်သော ပြည် ထောင်စုလမ်းမကြီးဘေးဒေသတစ်ဝိုက်ကို နယ်မြေစိုးမိုးမှုရရန် ယမန်နေ့ နံနက်(၈)နာရီဝန်းကျင်မှစ၍ စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး လက်ရှိအချိန်ထိလည်း နှစ်ဖက်ထိတွေ့တိုက်ပွဲများရှိနေကြောင်း တော်လှန်ရေးသတင်းအရင်းအမြစ်က ဆိုသည်။

“လက်ရှိအချိန်ထိတော့ သူတို့ရှေ့မတိုးနိုင်သေးဘူး။ ပြည်ထောင်စုလမ်းမကြီးဘေးမှာရှိတဲ့ရွာတွေကို ကျနော်တို့ နေရာယူထားတာရှိတယ်။ အဲဒါကို နယ်မြေရှင်းလင်းရေးလုပ်မယ်လို့ပြောတယ်။ အခုကတော့ နှစ်ဖက်ဆိုင် ထားတဲ့သဘောပေါ့။ တိုက်ပွဲအသေးစိတ်အခြေအနေကတော့ ပြောဖို့ခက်သေးတယ်” ဟု ပုလော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း(၁)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထိုသို့ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးဝင်ရောက်နေမှုကြောင့် မီးလောင်ချောင်းရွာနှင့် ကြဲရွာမှ ဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးနေရသည်ဟုလည်း ဒေသခံတို့ကဆိုသည်။

ထို့အတူ စစ်ကောင်စီက ပုလောမြို့နယ် ခန္ဓီကျေးရွာအုပ်စုအတွင်း တပ်ဖွဲ့ဝင်အင်အား(၅၀)ဖြင့် အောက်တို ဘာလ(၁၄)ရက်နေ့မှစတင်၍ လက်ရှိအချိန်ထိ စစ်ကြောင်းထိုးဝင်ရောက်နေပြီး ဒေသခံအချို့လည်း ဖမ်းဆီးခံထားရကြောင်း သိရသည်။

ဒေသခံတစ်ဦးက “စစ်တပ်က ဖမ်းထားတဲ့အထဲ ဘယ်သူတွေပါလဲဆိုတာ သေချာမသိရသေးဘူး။ အဲဒီရွာက ကျွန်းပေါ်မှာလည်းဖြစ်တယ်၊ ရွာကလည်းကြီးတော့ လူနေများတယ်။ လောလောဆယ် အဲဒီကတစ်ယောက်နဲ့မှ ဆက်သွယ်လို့မရဖြစ်နေတယ်။ စစ်တပ်ကလည်း အခုချိန်ထိပြန်မထွက်သေးဘူး။” ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိ စစ်ကောင်စီတပ်စစ်ကြောင်းဝင်ရောက်နေသော ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာရှိ စစ်ကောင်စီနှင့်ပြည်သူ့စစ်တပ်စခန်းကို ပြီးခဲ့သည့် ဩဂုတ်လပိုင်းက ကရင်အမျိုးသားအစည်းအရုံး-KNU ၏ ကရင်အမျိုးသားများကာကွယ်ရေးတပ်-KNDO ပူးပေါင်းပါဝင်သော တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ဖူးသည်။

တော်လှန်ရေးတပ်များ ပြန်လည်ဆုတ်ခွာသွားပြီးနောက်ပိုင်း စစ်ကောင်စီကပြန်လည်နေရာယူထားခဲ့ရာ မီးလောင်ချောင်းမှအစပြု၍ တော်လှန်ရေးအင်အားစု စိုးမိုးထားသည့်နယ်မြေများကို သိမ်းယူနိုင်ရန် အောက်တိုဘာ(၁၄)ရက်နေ့ကတည်းက အင်အားတိုးချဲ့ပြင်ဆင်နေကြောင်းလည်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

အလားတူ အောက်တိုဘာလ(၁)ရက်နေ့က စတင်လာသည့် သန်းခေါင်စာရင်းကောက်ယူမှုဆောင်ရွက်ရာတွင် စစ်အုပ်ချုပ်ရေးကြေညာခြင်းခံထားရသည့် ပုလောမြို့ပေါ်ရပ်ကွက်အချို့တွင်သာ လုပ်ဆောင်နိုင်သဖြင့် ယခုလို စစ်ကြောင်းထိုးမှုသည် နယ်မြေစိုးမိုးရေးအပြင် သန်းခေါင်စာရင်းကောက်ယူရေး လွယ်ကူရန် ဖြစ်နိုင်ကြောင်းလည်း ပုလောမြို့နယ် တော်လှန်ရေးသတင်းအရင်းအမြစ်အချို့က သုံးသပ်ပြောဆိုသည်။

October 16, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၇)နယ်မြေ၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၊ ပေါင်ကျေးနယ်...
October 15, 2024
သန်းခေါင်စာရင်းကောက်ယူပြီးနောက်ပိုင်း ရွေးကောက်ပွဲအကြိုဆိုင်ရာ လုပ်ငန်းစဉ်ကဏ္ဍများတွင်...
October 14, 2024
ကရင်ပြည်နယ်အတွင်း အပစ်ရပ်လက်နက်ကိုင်နယ်မြေကျေးရွာများတွင် စစ်ကောင်စီက နည်းလမ်း...
October 12, 2024
နန့်ဆန်းထီ — ထိုင်း-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အဓိကရည်ရွယ်၍ ယခင်အပစ်ရပ်ကာအတွင်း...