သဘောထားကွဲလွဲမှုကို ညှိနှိုင်းရေးလမ်းစဉ်ဖြင့် အဖြေရှာရန် မတူပီမြို့နယ်၊ ဒေသ- ၃ ပအဖ ထုတ်ပြန်

သဘောထားကွဲလွဲမှုကို ညှိနှိုင်းရေးလမ်းစဉ်ဖြင့် အဖြေရှာရန် မတူပီမြို့နယ်၊ ဒေသ- ၃ ပအဖ ထုတ်ပြန်

ချင်းပြည်နယ်၊ မတူပီမြို့နယ်ထဲက ကြားကာလတော်လှန်ရေးတပ်ဖွဲ့ များ အချင်းချင်းကြား၊ ဒေသအသီးသီးရှိ အုပ်ချုပ်ရေး နယ်မြေ အတွင်း သဘောထားကွဲလွဲမှုများကို ညှိနှိုင်းရေးလမ်းစဉ်ဖြင့်သာ ဆက်လက်အဖြေရှာကြရန် အချက် ၅ ချက်ပါသော သဘောထားကြေညာချက်ကို မတူပီမြို့နယ်၊ ဒေသ ၃ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။

အောက်တိုဘာလ ၁၁ ရက်က မတူပီမြို့နယ်၊ ဒေသ ၃ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ကျေးရွာ လူထုကိုယ်စားလှယ်များ ပုံမှန် အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ သဘောထား ၅ ချက်ကို ထုတ်ပြန်ခြင်းဖြစ်ကြောင်း အောက်တိုဘာလ ၁၂ ရက် နေ့စွဲဖြင့် ထုတ်ပြန်သည်။

“ ဒေသ ၃ က ပြည်သူတွေ အားလုံးက ချင်းလဲန်းကောင်စီကို ထောက်ခံတဲ့ ပြည်သူတွေလို့ ပြောလို့ ရတယ်။ တပ်မဟာ ၁ ကနေ ကျနော်တို့ကို CB ဘက်ကို မထောက်ခံဘူးဆိုပြီးတော့ ပိတ်ပင်တားဆီးတာ တွေ ခရီးသွားလာတာတွေကို ပိတ်ပင်တာတွေရှိတယ်။ အဲဒါတင် မကပဲ ဈေးဝယ်၊ ဈေးထွက်တာတွေရော အကုန်လုံးပိတ် ပင်တာရှိတယ်။ အဲဒါကတော့ သူတို့ ထုတ်ပြန်ချက် အချက်ထဲမှာလည်း ပါတယ်” ဟု CDF - မတူပီ၊ တပ်မဟာ - ၂ ပြောရေး ဆိုခွင့်ရှိသူ ဆလိုင်းနိုင်ဂျွန်က ပြောသည်။

မတူပီမြို့နယ် စည်လုံးညီညွတ်ရေးကို ရှေ့ရှုလျက် CDF - မတူပီ၊ တပ်မဟာ - ၁ နှင့် တပ်မဟာ ၂ တို့ကြား သဘောထားကွဲလွဲမှုကို ညှိနှိုင်ရေးလမ်းစဉ်ဖြင့် တိုက်တွန်းအဖြေရှာရန်၊ မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ဖော်ဆောင်နေသည့် ညှိနှိုင်းရေးလမ်း စဉ်ဖြင့် အောင်မြင်မှု မရှိသော်လည်း အခြားမည်သည့် ဖြန်ဖြေရေးအဖွဲ့အစည်းကို မဆို လက်ခံညှိနှိုင်းမှု ပြုလုပ်ရန် ဒေသ ၃ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အဆိုပြုသည်။

မတူပီမြို့နယ်တွင် စစ်ကောင်စီ ဒေါက်တိုင်မှ လွဲ၍ တော်လှန်ရေးအင်အားစုများ၏ ယန္တရားနှင့် အဖွဲ့အစည်းများကို လွတ်လပ်စွာ ဖြတ်သန်းသွားလာလုပ်ကိုင်ခွင့် ပြုရန်နှင့် မူးယစ်ဆေးဝါးမှ လွဲ၍ ပြည်သူ၏ စားဝတ်နေရေးကို အထောက်အကူ ပြုစေသည့် ရောင်းဝယ်ဖောက်ကားမှုများ ခွင့်ပြုရန် အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။

CDF - မတူပီ၊ တပ်မဟာ - ၁ က ချင်းညီနောင်အဖွဲ့ကို လက်ခံမှ မတူပီမြို့ထဲကိုဝင်ခွင့်ရမည်ဟူ၍ သတ်မှတ်ထားသောကြောင့် ပလက်ဝ- မတူပီ လမ်းကြောတလျှောက်က CDF - မတူပီ၊ တပ်ရင်း ၃ ထိန်းချုပ်သည့် ဒေသ ၃ နယ်မြေမှ ပြည်သူများသည် မတူပီမြို့ပေါ်ကို ဝင်ခွင့်မရသကဲ့သို့ လွတ်လပ်စွာ သွားလာခွင့်၊ အရောင်းအဝယ်ပြုလုပ်ခွင့် မရ၍ အခက်အခဲများ ကြုံတွေ့နေရ ကြောင်း သိရသည်။

“ဖြစ်တဲ့ ပြဿနာအားလုံးဟာ အများအားဖြင့် ပြည်သူတွေရဲ့ အခက်အခဲကို ပိုဖြစ်လာစေတယ်။ ကျနော်တို့က ပြည်သူတွေကို အဲလောက် အခက်အခဲတွေ မတွေ့စေချင်ဘူး။ မဖြစ်စေချင်ဘူး။ တပ်ဖွဲ့တစ်ခုနဲ့ တစ်ခုဖြစ်တဲ့ ပြသနာကို ပြည်သူတွေအထိပါ တားဆီးပိတ်ပင်တာတွေ လုပ်တာကို လုံးဝမကြိုက်ဘူး။ အဓိက တပ်မဟာ ၁ နဲ့ ၂ ကို အချင်းချင်းညှိနှိုင်းမှု လုပ်နိုင်မှ ပြည်သူတွေပါ လွတ်လပ်မှု ရှိမယ်။ ဒေသ ၃ ဘက်က ပြည်သူတွေကို ဒီလိုလုပ်ထားမယ်ဆိုရင် ကျနော်တို့ ဘက်ကလည်း လုပ်စရာတွေ အများကြီးရှိတယ်။ ပြောချင်တာက ကလဲ့စားချေတာတော့ မဟုတ်ပေမယ့် ဖြစ်သင့်တဲ့အရာကို လူကြီးပိုင်းတွေက စဉ်းစားသင့်တယ်။ ကျနော်တို့ အချင်းချင်းကြားက ပြဿနာကို ပြည်သူတွေအပေါ်မှာ မသက်ရောက်စေချင်ဘူး” ဟု တပ်မဟာ - ၂ ပြောရေး ဆိုခွင့်ရှိသူ ဆလိုင်းနိုင်းဂျွန်ကိမ်က ပြောသည်။

ချင်းညီနောင် မဟာမိတ်တပ်ဖွဲ့သည် မတူပီ - ပလက်ဝလမ်းမပေါ်ရှိ ဝလံပီကျေးရွာနှင့် ထေဘွေးကျေးရွာအကြား ထောက်ပို့လမ်း ကြောင်းအဖြစ် ဆက်လက်အသုံးပြုမည်ဆိုပါက သက်ဆိုင်ရာဒေသခံ အဖွဲ့အစည်းများနှင့် တွေ့ဆုံညှိနှိုင်းမှု ပြုလုပ်ရန်လည်း ဒေသ ၃ ပအဖအဖွဲ့က သဘောထား ထုတ်ပြန်ထားသည်။

ဒေသ - ၃ နယ်မြေအတွင်း ဒေသခံပြည်သူများ၊ မတူပီမြို့ပေါ်က စစ်ဘေးရှောင် ပြည်သူများ၊ တခြားဒေသဘက်မှ စစ်ဘေး ရှောင်ပြည်သူများ စုစုပေါင်း ပြည်သူ ၁၅၀၀ ဝန်းကျင်ခန့် နေထိုင်ကြကြောင်း ဒေသခံတချို့က ပြောသည်။

CDF-Matupi တပ်ဖွဲ့သည် တပ်မဟာ ၁ နှင့် တပ်မဟာ- ၂ အဖြစ် နှစ်ခြမ်းကွဲသွားခဲ့ပြီးနောက် တပ်မဟာ ၁ သည် ချင်းညီနောင်အဖွဲ့ဝင်ဖြစ်လာပြီး၊ တပ်မဟာ ၂ သည် ချင်းလဲန်းကောင်စီ အဖွဲ့ဝင်ဖြစ်သည်။

CDF - မတူပီ၊ တပ်မဟာ - ၁ သည် အာရက္ခတပ်တော် AA နှင့် မဟာမိတ်တပ်ဖွဲ့များ၏ စစ်ရေးအကူအညီဖြင့် မတူပီမြို့က စစ်ကောင်စီစခန်းများကို သိမ်းပိုက်ထိန်းချုပ်ပြီးနောက် မတူပီမြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ကို ပြန်လည်ဖွဲ့စည်းပြီး အုပ်ချုပ်ရေးလုပ်ငန်းများ ဖော်ဆောင်လျှက်ရှိသည်။

December 23, 2024
ချင်းပြည်နယ် တောင်ပိုင်း၊ ကန်ပက်လက်မြို့ကို ချင်းတော်လှန်ရေးအင်အားစုများက...
December 20, 2024
ချင်းညီနောင်စစ်ဆင်ရေးများအဖြစ် ဖော်ဆောင်နေသည့် မင်းတပ်မြို့နှင့် ဖလမ်းမြို့များတွင်...
December 12, 2024
ချင်းပြည်နယ်၊ မင်းတပ်မြို့နှင့် ဖလမ်းမြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်နေသည့်...
December 11, 2024
ချင်းပြည်အစိုးရပူးပေါင်းတပ်က သိမ်းထားသည့် ဟားခါးမြို့အနီးက Kiamtlang စခန်းကုန်းကို စစ်ကောင်စီက...