ချင်းပြည်နယ်၊ ဟားခါးမြို့နယ်-ထန်တလန်မြို့နယ်ကြား ချင်းပြည်အစိုးရတပ်ဖွဲ့က သိမ်းပိုက်ထားသည့် စစ်ရေးအရအရေးပါသော တောင်ကုန်းများကို စစ်ကောင်စီက ပြန်လည်သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်လာပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေသည်ဟု သိရသည်။
ဟားခါးမြို့မှ ၅ မိုင်ခန့်အကွာတွင်တည်ရှိသော သီမြစ်လွင်ပြင်မှာ အခြေစိုက်တပ်စွဲထားကြသော စစ်ကောင်စီတပ်ဖွဲ့များထံ ယမန်နေ့က ဟားခါးမြို့မှ စစ်ကား ၇ စီးဖြင့် စစ်ကူစေလွှတ်ပြီးနောက် ချင်းပြည်အစိုးရတပ်ဖွဲ့များ သိမ်းပိုက်ထိန်းချုပ်ထားသော C3 နေရာတွင် အောက်တိုဘာလ ၁၄ ရက်နေ့ မနက်ပိုင်းကစ၍ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေသည်ဟု ချင်းတော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။
“ သီမြစ်၊ သီတာဘက်က စကစတွေက C3 ဘက်ကို ဒီမနက် ၈ နာရီလောက်မှာ သူတို့တိုက်တာ၊ ထိခိုက်မှုကတော့ ကျွန်တော်တို့ အသေးစိတ်တော့မသိနိုင်သေးဘူးပေါ့လေ” ဟု ချင်းတော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဟားခါး-ထန်တလန်ကြားရှိ စစ်ကောင်စီတပ်ဖွဲ့များအခြေစိုက်စခန်းများဖြစ်သည့် အော်တိုတောင်၊ လုံခါရ်တောင်၊ Keivanzuang၊ C3 တို့ကို ချင်းပြည်အစိုးရတပ်ဖွဲ့က ပြီးခဲ့သည့်ဇူလိုင်လအတွင်းမှာ သိမ်းပိုက်ခဲ့ပြီးနောက် ဟားခါး-ထန်တလန်ကြားတွင် တိုက်ပွဲများ ငြိမ်သက်ခဲ့သည်။
စစ်ကောင်စီဘက်က ဟားခါး-ထန်တလန်ကြားက ၎င်းတို့လက်လွှတ်လိုက်ရသော စစ်ရေးအရ အရေးပါသည့်နေရာများကို ပြန်လည်သိမ်းပိုက်ရန် ယခုအခါ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်သည်။
ယခုထိုးစစ်ဆင်မှုမစတင်ခင်မှာ အောက်တိုဘာလ ပထမအပါတ်ထဲတွင် စစ်ကောင်စီက ရဟပ်ယာဉ်များဖြင့် ဟားခါးမြို့ပေါ်သို့ လက်နက်ခဲယမ်းနှင့် တပ်အင်အားဖြည့်တင်းခဲ့သည်ဟု သိရသည်။
အောက်တိုဘာလ ၁၃ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့က သီမြစ်ဘက်နှင့် ထန်တလန်မြို့ဘက်ကို Y-12 လေယာဉ်ဖြင့် အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သလို အောက်တိုဘာလ ၁၄ ရက်နေ့မှာလည်း ထပ်မံဗုံးကြဲနေကြောင်း သိရသည်။
“ အဓိကတော့ ထန်တလန်က ဟားခါးရဲ့ နောက်ဆုံးခံစစ်လိုဖြစ်နေတာ။ ကျွန်တော်တို့အနေနဲ့ ထန်တလန်သိမ်းသွားရင် တော်တော်လေး risks ဖြစ်သွားမယ်ပေါ့။ ဖလမ်းနဲ့ ထန်တလန်ဆိုတာ ဟားခါးဗျူဟာ ကနေပဲကိုင်တဲ့ဟာဆိုတော့လေ။ ဟားခါးသိမ်းပြီးသွားရင် ချင်းပြည်က လွတ်မြောက်သွားနိုင်တယ်လေ အဲလိုဆိုတော့ ဟားခါးကိုထိန်းဖို့ဆိုရင် ထန်တလန်ကို သူတို့မဖြစ်မနေ ထိန်းရတာပေါ့” ဟု ချင်းတော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူက ပြောသည်။