ရေဖြူစစ်ဆေးရေး ဂိတ်ကို မွန်တော်လှန်ရေး တပ်ဖွဲ့များ တိုက်ခိုက်

ရေဖြူစစ်ဆေးရေး ဂိတ်ကို မွန်တော်လှန်ရေး တပ်ဖွဲ့များ တိုက်ခိုက်

၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၄ ရက်။တနင်္သာရီတိုင်းရှိ  ရေဖြူတံတားစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် တန်ပြန် ပစ်ခတ်မှုကြောင့် နေအိမ် နှစ်လုံး မီးလောင်သွားသည်။

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ရေဖြူတံတားထိပ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် နေအိမ် ၂ ဆောင် မီးလောင် ပျက်စီးခဲ့ သည်ဟု ဓဝယ် အမျိုးသား လွတ်မြောက်ရေး တပ်တော် DNLA ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။DNLA ၏ တာဝန်ရှိသူက “ဂိတ်မှာ စစ်ကောင်စီ တပ်သား အင်အားနည်းတဲ့ အချိန်မှာ ဝင်တိုက်လိုက်တာပါ။ ပုံမှန်ချိန်ဆိုရင် ၂၀ ယောက် လောက်ရှိတာ။ အခုဝင်တိုက်တဲ့ အချိန်မှာ လေး ငါး ခြောက် ယောက်လောက်ပဲ ရှိတယ်” ဟု ပြောသည်။

ရေဖြူတံတားထိပ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို အောက်တိုဘာလ ၁၁ ရက်နေ့၊ မွန်းလွဲ ၃ နာရီခွဲခန့်က ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

နှစ်ဖက်တိုက်ပွဲ တစ်နာရီခန့် အကြာ ဖြစ်ပွားခဲ့ပြီးနောက် စစ်ဆေးရေးဂိတ်အထဲထိ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက် သိမ်းပိုက်နိုင်ခဲ့ကြောင်း တိုက်ခိုက်ရာတွင် ပါဝင်သည့် တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

တိုက်ပွဲအတွင်း ကျောက်ကညာကျေးရွာ အခြေစိုက် စစ်ကောင်စီ၏ အမတ - ၃၀၄ တပ်ရင်းမှ ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်ပြီး ရေဖြူအနောက်ကမ်းရှိ စမ်းရေတွင်းလမ်းမှ နေအိမ်နှစ်ဆောင် မီးလောင်ပျက်စီးခဲ့ ကာ ရေဖြူအရှေ့ကမ်းတွင်လည်း နေအိမ်တစ်ဆောင် ကျည်စများ ထိမှန်ပျက်စီးခဲ့သည်။

ဂိတ်အထဲရှိနေသည့် စစ်သားသုံးဦးမှာ ကျည်ထိမှန် ဒဏ်ရာများဖြင့် ထွက်ပြေးသွားပြီး တစ်ဦးမှာ ဂိတ်နှင့် မလှမ်းမကမ်းနေရာတွင် လဲကျသေဆုံးသွားပြီး သေနတ်တစ်လက်ကို သိမ်းဆည်းရမိခဲ့သည်။

တိုက်ခိုက်ခံရသည့် တံတားဂိတ်၌ စစ်ကောင်စီတပ်ဖွဲ့က နေ့စဥ်နေ့တိုင်း လမ်းသွားလမ်းလာ မော်တော်ယာဥ် နှင့် ဆိုင်ကယ်များဆီမှ ငွေကြေးတောင်းခံခြင်းများကို လုပ်ဆောင်နေခဲ့သည်ဟု မြို့ခံများက ပြောသည်။

ရေဖြူမြို့ပေါ် တိုက်ပွဲကြောင့် ရန်ကုန် - ထားဝယ်သို့ သွားလာနေကြသည့် ခရီးသည်တင် ကားများ ခမရ - ၄၀၆ တပ်ရင်းအရှေ့တွင် ၂ နာရီနီးပါးခန့် ပိတ်မိနေကြပြီး ညနေ ၆ နာရီ အချိန်ခန့်မှသာ ဖြတ်သန်းခွင့်ရရှိကြောင်း ယာဥ် မောင်းသမားတစ်ဦးက ဆိုသည်။

တိုက်ခိုက်ခံရပြီးသည့်နောက် စစ်ကောင်စီအင်အား ၃၀ ခန့် တံတားဂိတ်သို့ ပြန်လည်ရောက်ရှိနေပြီး ရေဖြူမြို့ ပေါ်နှင့် မြို့အဝင်အထွက် လမ်းများတွင်လည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ကင်းချထားသည်။

October 11, 2024
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၁ ရက်။စစ်မှုထမ်းဥပဒေ အကြောင်း ပြပြီး တနင်္သာရီတိုင်း...
October 11, 2024
ကရင်နီပြည်တွင် တော်လှန်‌ရေးအဖွဲ့များ၊ နိုင်ငံရေး အဖွဲ့များနှင့် အရပ်ဖက်အဖွဲ့အစည်းများ...
October 10, 2024
စစ်ဘေးအပြင် ရေဘေးနှင့် ရင်ဆိုင်နေရသော ပြည်သူများကို ထိရောက်သည့် အကူအညီများ ပေးနိုင်ရန်အတွက်...
October 3, 2024
ကချင်အထူးဒေသ ၁ ၊ချီဖွေမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ တိုက်ခိုက်သိမ်းပိုက်...