စစ်တွေရှိ ANP ဗဟိုရုံးချုပ် ဖြိုဖျက်ခံရခြင်းမဟုတ်မှန်ဟု ပါတီအထွေထွေအတွင်းရေးမှူးပြော

စစ်တွေရှိ ANP ဗဟိုရုံးချုပ် ဖြိုဖျက်ခံရခြင်းမဟုတ်မှန်ဟု ပါတီအထွေထွေအတွင်းရေးမှူးပြော

ရခိုင်ပြည်မြို့တော် စစ်တွေမြို့ရှိ ရခိုင်အမျိုးသားပါတီ(ANP) ပါတီ ဗဟိုရုံးချုပ်ကို စစ်ကောင်စီက ဖြိုဖျက်ခြင်းမှာ မဟုတ်မှန်ကြောင်း ပါတီအထွေထွေအတွင်းရေးမှူး ဦးခိုင်ပြည်စိုးက နိရဉ္စရာကို ပြောသည်။

ယမန်နေ့ စက်တင်ဘာလ ၂၁ ရက်၊ နေ့လယ်ပိုင်းက စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ANP ပါတီရုံးချုပ်ကို အင်အားသုံးလာရောက်ဖြိုဖျက်ခဲ့သည်ဟု လူမှုကွန်ရက်စာမျက်နှာတွင် သတင်းများထွက်ပေါ်လျက်ရှိသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ပါတီအထွေထွေအတွင်းရေးမှူး ဦးခိုင်ပြည်စိုးကို နိရဉ္စရာသတင်းဌာနက စက်တင်ဘာ ၂၂ ရက်နေ့ နံနက်က ဆက်သွယ်မေးမြန်းရာ ယခုသတင်းမှာ မဟုတ်မှန်ကြောင်း ငြင်းဆိုသည်။

ဦးခိုင်ပြည်စိုးက "ဒီကိစ္စနဲ့ပတ်သက်လို့ မနေ့ကညနေကပဲ ကျွန်တော်တို့သတင်းရတယ်။ သတင်းရရချင်း ညပိုင်းဆိုတော့ ကျွန်တော်တို့လည်း သွားကြည့်ဖို့အဆင်မပြေဘူး။ ဆိုတော့ မနက်ပိုင်းမှာ စစ်တွေမှာရှိတဲ့ ကျွန်တော်တို့ပါတီတာဝန်ရှိတဲ့သူတွေကို သွားပြီးကြည့်ခိုင်းတဲ့ အခါ မဟုတ်ဘူးလို့ကျွန်တော်တို့ကို အတည်ပြုပါတယ်ခင်ဗျ"ဟု ပြောသည်။

စစ်တွေမြို့၊ ရွှေပြားရပ်ကွက်ရှိ ANP ပါတီရုံးချုပ်ရှိရာလမ်းအနီးသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၃၀ ခန့်က ယမန်နေ့ နေ့လယ် ၁ နာရီခန့်တွင် ကင်းလှည့်မှုသာရှိခဲ့ပြီး ANP ပါတီရုံးကိုဝင်ရောက်ခြင်း၊ ဖျက်ဆီးခြင်းများ တစ်စုံတစ်ရာမရှိခဲ့ဟု ဦးခိုင်ပြည်စိုးက ဆက်ပြောသည်။

"သူတို့ ပါတီရုံးအနီးမှာ ကင်းလှည့်သွားလာခဲ့တာတော့ရှိတယ်။ ရုံးကိုဝင်ရောက်တာမျိုးလည်း မရှိဘူး။ ဖျက်ဆီးတယ်ဆိုတာလည်း မဟုတ်ဘူး။ ရုံးအပြင်ကနေ ကြည့်ခဲ့တယ်လို့ သိရတယ်" ဟု ပြောသည်။

ရုံးတွင် ပြီးခဲ့သည့် ဇွန်လမှစတင်ကာ လူမနေတော့ဟုလည်း သိရသည်။

စစ်အာဏာသိမ်းပြီးနောက် ANP သည် စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC)ထံ ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားခဲ့သည်။

သို့သော် နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ (၇) နှင့် ငြိစွမ်းသည်ဟုဆိုကာ ANP ကို ဇူလိုင် (၁) ရက်တွင် မှတ်ပုံတင်ခွင့်ပိတ်ပင်ငြင်းဆိုခဲ့သည်။

ANP အနေဖြင့် ပါတီတည်ထောင်ခွင့်တင်ပြထားသည့် ပုဂ္ဂိုလ်များမှာ ဥပဒေနှင့်အညီ ဥပဒေဘောင်ထဲတွင် နေထိုင်ကြသည့်ပုဂ္ဂိုလ်များဖြစ်သည့်အတွက် ပုဒ်မ ၇ ပါ ဥပဒေနှင့် ငြိစွမ်းစရာ အကြောင်းမရှိဟု ပါတီခေါင်းဆောင်များက နိရဥ္စရာကို တုံ့ပြန်ထားသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၇ တွင် တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ မတရားအသင်းအဖြစ် ကြေညာခြင်းခံရသော အဖွဲ့အစည်း၊ နိုင်ငံတော်ကို လက်နက်ကိုင် ဆန့်ကျင်နေသာ အဖွဲ့အစည်း၊ အကြမ်းဖက် လုပ်ရပ်များကို ကျူးလွန်သည်ဟု နိုင်ငံတော်က သတ်မှတ်သော အဖွဲ့အစည်း၊ ပုဂ္ဂိုလ်များနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ အားပေးကူညီခြင်းပြုသည့် အဖွဲ့အစည်းများကို မှတ်ပုံတင်လျှောက်ထားခွင့် မရှိစေရဟု ပြဋ္ဌာန်းထားသည်။

 

Most read this week

September 21, 2024
ယခုနှစ် မိုးရာသီအတွင်း ရခိုင်တွင် ငှက်ဖျားရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု...
September 20, 2024
ရခိုင်ပြည်၊မောင်တောမြို့ ၃ မိုင်နှင့် မကျည်းချောင်းကျေးရွာအနီးအား စက်တင်ဘာလ ၁၉ ရက်နေ့တွင် ...
September 20, 2024
ရခိုင်ပြည်၊ စစ်တွေမြို့တွင် စစ်ကောင်စီက လမ်းသွားလမ်းလာများအား အကြောင်းမဲ့ ဖမ်းဆီးမှုများကို...
September 19, 2024
ရခိုင်ပြည်၊ ပေါက်တောမြို့နယ်ရှိ အနောက်ရဲမွတ်ဆလင်ဒုက္ခသည်စခန်းတွင် ဝမ်းပျက်ဝမ်းလျှော...