နမ့်ခမ်းမြို့ လေကြောင်းဗုံးကြဲခံပြီးနောက် ကုန်ပစ္စည်းစီးဆင်းမှုနည်းပါးလာပြီး ကုန်စျေးနှုန်းမြင့်တက်

နမ့်ခမ်းမြို့ လေကြောင်းဗုံးကြဲခံပြီးနောက် ကုန်ပစ္စည်းစီးဆင်းမှုနည်းပါးလာပြီး ကုန်စျေးနှုန်းမြင့်တက်

သျှမ်းပြည်မြောက်ပိုင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်သည့် နမ့်ခမ်းမြို့ကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့်  ကုန်ပစ္စည်းစီးဆင်းမှုလျော့နည်းလာကာ ကုန်စျေးနှုန်းများ အဆမတန် မြင့်တက်လာကြောင်း စုံစမ်းသိရသည်။

နမ့်ခမ်းမြို့တွင် ယခုလ (စက်တင်ဘာလ ၆ရက်) လူအိပ်မောကျချိန်တွင် စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သား ၁၀ဉ ထက်မနည်း သေဆုံးကာ၊ နေအိမ်အပျက်အစီးများခဲ့သည်။

ထို့နောက် နမ့်ခမ်းပြည်သူအများစုသည် စစ်ကောင်စီ ထပ်မံလေကြောင်းဗုံးကြဲလာမည်ကို စိုးရိမ်သဖြင့် အခြားနယ်မြေသို့ ထပ်မံပြောင်းရွှေ့နေကြသကဲ့သို့ ကုန်စည်ကူးသန်းရောင်းဝယ်ကြသော ကုန်သည်များလည်း နမ့်ခမ်းမြို့သို့ အဝင်နည်းလာကြသည်။

“ အခု က ဗုံးထပ်လာကြဲမှာတော့ ကြောက်ကြတယ်။ ကုန်ပစ္စည်းလည်းအဝင်နည်းတော့ ကုန်စျေးနှုန်းလည်း အဆမတန်မြင့်တက်လာတယ်။ အခြေခံလူတန်းစားတွေလည်း ရှာဖွေစားသောက်မှု ပိုခက်လာတယ်။ အဖက်ဖက်က ပိုကြပ်တည်းလာတယ်” ဟု နမ့်ခမ်းမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

လက်ရှိ နမ့်ခမ်းမြို့သည် TNLA ထိန်းချုပ်သည့် နယ်မြေဖြစ်သော်လည်း ပြည်သူများ ရှာဖွေစားသောက်ရန် အတွက် ခက်ခဲနေကြောင်း၊ တဖက်တွင်လည်း ဝင်ငွေနည်းပါးလာပြီး စားသောက်ကုန် စျေးနှုန်းမြင့်တက်မှုကြောင့် ရေရှည်တွင် အခက်အခဲများစွာ ကြုံတွေ့လာနိုင်ကြောင်း ၎င်းက ဆိုသည်။

နမ့်ခမ်းမြို့သည် တရုတ်နယ်စပ်မြို့ ဖြစ်ပြီး တပိုင်တနိုင် ကုန်ကူးသန်းရောင်းဝယ်မှု အားကိုးရသည့်ဒေသဖြစ်သော်လည်း နမ့်ခမ်းမြို့ရှိ မြန်မာ-တရုတ်နယ်စပ် နောင်တောင်းကုန်သွယ်ရေး သီးသန့်ဂိတ်ကို တရုတ်အာဏာပိုင်က ဇူလိုင် ၁၇ ရက်တွင် ပိတ်ဆိုင်းခဲ့သည်။

ထို့ကြောင့်  တရုတ်နိုင်ငံဘက်မှ တင်သွင်းသည့် ကုန်ပစ္စည်းများလည်း နမ့်ခမ်းမြို့သို့ ဝင်ရောက်ရန် ခက်ခဲသကဲ့သို့ မန္တလေးဘက်မှလည်း ယမန်နှစ် အောက်တိုဘာ ၂၇ ရက် စတင်ခဲ့သည့် “ ၁၀၂၇ စစ်ဆင်ရေး” ကြောင့် လမ်းကြောင်း ပြတ်တောက်ခဲ့ပြီး ကုန်သွယ်စီဆင်းမှု ရပ်တန့်ခဲ့သည်။

“ နမ့်ခမ်းက တရုတ်နယ်စပ်နဲ့နီးတယ်။ ဒါပေမယ့် နယ်စပ်ဂိတ်က ပိတ်ထားတယ်။ ပြီးတော့ မူဆယ်ဘက်မှာရှိတဲ့ နယ်စပ်ဂိတ်ကလည်း အချိန်လျော့ပြီးဖွင့်တော့ ပိုဆိုးတယ်။ အဲ့ကြောင့် ကုန်စျေးနှုန်းတွေ ပိုတက်လာတာ” ဟု နမ့်ခမ်းမြို့ ကုန်သည်အမျိုးသမီး တစ်ဦးက ပြောသည်။

နမ့်ခမ်းမြို့သည် TNLA ထိန်းချုပ်ထားသည့် နယ်မြေဖြစ်ပြီး မြို့လုံခြုံရေးအတွက် TNLA လက်အောက်ခံ ရဲများက နေ့စဥ်ကင်းလှည့်လျက်ရှိကြောင်း သိရသည်။

သျှမ်းပြည်မြောက်ပိုင်း တိုက်ပွဲများတွင် ရှုံးနိမ့်မှုနှင့် နယ်မြေဆုံးရှုံးမှု ရင်ဆိုင်နေရသည့် စစ်ကောင်စီသည် ညီနောင်မဟာမိတ်တပ်များကို ဩဂုတ်လ ၂ ရက်တွင် အကြမ်းဖက်အဖွဲ့များအဖြစ် ကြေညာခဲ့ပြီး နယ်မြေပြန်ရရန်အတွက် စစ်ကောင်စီဘက်မှ အပြင်းအထန် လေကြောင်းဖြင့် ထိုးစစ်ဆင်နေသည်။

September 18, 2024
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ်တွင် တောင်ကျရေကြောင့် မြေပြိုမှုများဖြစ်ပွားကာ သေဆုံးသူ...
September 18, 2024
ယခုရက်ပိုင်းအတွင်း ရေဘေးကူညီရန်အတွက် ငွေလွဲသည့် KBZ Pay အကောင့်များနှင့် ပြည်သူများ၏...
September 16, 2024
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ရှိ တပိုင်တနိုင် ကုန်ကူးနေသည့် ဆင်ဖြူဂိတ်ကို စစ်ကောင်စီဘက်က...
September 16, 2024
သျှမ်းပြည် လားရှိုးမြို့နယ်နှင့် နောင်ချိုမြို့နယ်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့်...