ရှမ်းတောင်ပိုင်းတွင် ရေဘေးကြောင့် လူ ၁၄၀ သေဆုံးဟု PYO ထုတ်ပြန်

ရှမ်းတောင်ပိုင်းတွင် ရေဘေးကြောင့် လူ ၁၄၀ သေဆုံးဟု PYO ထုတ်ပြန်

ရှမ်းပြည်နယ်တောင်ပိုင်းရှိ လွိုင်လင်နှင့် တောင်ကြီးခရိုင်တို့တွင် ယခုသတင်းပတ်အတွင်းကြုံတွေ့ခဲ့ရသည့် ရေဘေးအန္တရာယ်ကြောင့် သေဆုံးသူ အရေအတွက် ၁၄၀ ခန့်ရှိပြီး ပျောက်ဆုံးနေသူ လူဦးရေမှာ ၁၀၀ ခန့်ရှိကြောင်း ပအိုဝ့်လူငယ်အဖွဲ့အစည်း (PYO) က ထုတ်ပြန်သည်။

အဆိုပါ အရေအတွက်သည် ၎င်းတို့အဖွဲ့က ယနေ့ (စက်တင်ဘာ ၁၇ ရက်) အထိ စုဆောင်းရရှိထားသည့် ကနဦးအချက်အလက်ဖြစ်ပြီး ဆက်လက်စုံစမ်း အတည်ပြု လုပ်ငန်းစဉ်များ လုပ်ဆောင်နေကြောင်း PYO တာဝန်ရှိသူ ခွန်ဦးက ပြောသည်။

“ဒါက လုံးပေါင်း(မြို့နယ်အားလုံးပေါင်းစုထားသည့်) အရေအတွက်ဖြစ်တယ်။ အတိအကျတော့ မဟုတ်သေးပါဘူး။ ဒီထက်ပိုများနိုင်တဲ့အခြေအနေရှိနေပါသေးတယ်။ ကလောဘက်က ပိုများမယ်” ဟု PYO တာဝန်ရှိသူ ခွန်ဦးက ပြောသည်။

တောင်ကြီးခရိုင်နှင့် လွိုင်လင်ခရိုင်အတွင်းရှိ ကျေးရွာပေါင်း ၁၅၀ ထက်မနည်းရေဘေးသင့်နေဆဲခြင်းဖြစ်ပြီး လမ်း၊ တံတား ၁၃ ခု၊ နေအိမ်အဆောက် အအုံ ၁,၀၈၁ လုံး ပျက်စီးခဲ့ကြောင်းလည်း သိရသည်။

ရေလွှမ်းမိုးခဲ့သည့် ထိုဒေသများ၏ ၉၀ ရာခိုင်နှုန်းခန့်တွင် သီးနှံစိုက်ပျိုးဧက အများအပြားပျက်စီးခဲ့ကြောင်းလည်း PYO ထုတ်ပြန်ချက်က ဖော်ပြသည်။

“စဖြစ်တဲ့အချိန်မှာ ကူညီကယ်ဆယ်ရေးဘယ်သူမှ မလုပ်နိုင်ခဲ့ဘူး၊ လွိုင်လင်− တောင်ကြီး အာရှလမ်းမကြီးက လမ်းပြိုနေတယ်။ ပျက်နေတယ်။ နောက်ပြီး အင်တာနက်နဲ့ ဖုန်းလိုင်းတွေပျက်နေတယ်။ ကယ်ဆယ်ရေးတွေက မရောက်နိုင်ဘူး” ဟု PYO တာဝန်ရှိသူ ခွန်ဦးက ပြောသည်။

လက်ရှိမှာ လွိုင်လင်နှင့် တောင်ကြီးခရိုင်အတွင်း တောင်ကြီးမြို့မှအပ ကျန်မြို့ရွာများတွင် အင်တာနက်လိုင်းနှင့် ဖုန်းလိုင်းများအားလုံးပြတ်တောက်နေကြောင်းနှင့် ရံဖန်ရံခါမှသာ MPT ဖုန်းလိုင်းအချင်းချင်းခေါ်ဆို၍ရကြောင်း သိရသည်။

တောင်ကြီးခရိုင်ထဲ ပါဝင်သည့် ကလောမြို့တွင် စက်တင်ဘာ ၁၅ ရက်မှ စတင်ကာ ရေပြန်ကျသွားပြီဖြစ်ပြီး နေအိမ် ၁,၀၀၀ ဝန်းကျင် ပြိုကျ၊ ပျက်စီးခဲ့ကြောင်း နမ့်လတ်လူမှုကူညီရေးအသင်းက ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်တောင်ပိုင်းထဲက နိုင်ငံခြားခရီးသွားများဖြင့် စည်ကားလေ့ရှိသည့် အင်းလေးဒေသတွင်လည်း အဆိုးဝါးဆုံးရေကြီးနစ်မြုပ်မှုကို ကြုံတွေ့နေရပြီး ဒေသတွင်း ရိုးရာယက်ကန်းလုပ်ငန်းများရပ်ဆိုင်းထားရကာ သီးနှံစိုက်ခင်းအားလုံး ရေနစ်မြုပ်နေကြောင်း သိရသည်။

တိုင်ဖွန်းမုန်တိုင်း ရာဂီ၏ တိမ်တိုက်အကြွင်းအကျန်များနှင့် လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် နိုင်ငံနှင့်အဝှမ်း မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးနောက် ရှမ်းပြည်နယ်အပါအဝင် မန္တလေးတိုင်း၊ နေပြည်တော်၊ ကရင်နီပြည်နယ်၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရေဘေးသင့်ခဲ့ရသည်။

အဆိုပါ ရေဘေးသင့်ဒေသများတွင် စားနပ်ရိက္ခာ၊ အဝတ်အထည်၊ ကျန်းမာရေးစောင့်ရှောက်မှုများ အရေးပေါ်လိုအပ်နေသကဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများလည်း လိုအပ်နေကြောင်း သိရသည်။

ရေကြီးမှု နောက်ဆက်တွဲအနေဖြင့် ရေမှတဆင့်ကူးစက်တတ်သော ရောဂါများ၊ ဝမ်းရောဂါ၊ ငှက်ဖျားနှင့် သွေးလွန်တုတ်ကွေးရောဂါများ ဖြစ်ပွားလာနိုင်သည့်အတွက် ဂရုပြုကြရန် ကျန်းမာရေးကျွမ်းကျင်သူများက ပြောထားသည်။

Most read this week

September 19, 2024
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့်...
September 18, 2024
ထောင်အာဏာပိုင်များနှင့် ထိန်းသိမ်းခံသူများအကြားတွင် သဘောတူညီမှုအချို့ရပြီးနောက် အိန္ဒိယနိုင်ငံ၊...
September 16, 2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တွင် မိုးရွာသွန်းမှုများပြီး အင်းလေးကန်အတွင်း...
September 9, 2024
ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင် (Peace-talk Crea tion Group – PCG) အဖွဲ့ ၏...