ရခိုင်စစ်ပွဲအရှိန် ဧရာဝတီတိုင်းထိရိုက်ခတ်လာ

ရခိုင်စစ်ပွဲအရှိန် ဧရာဝတီတိုင်းထိရိုက်ခတ်လာ

အာရက္ခတပ်တော် (AA) ၏ ပြင်းထန်သည့် ထိုးစစ်သည် ဧရာဝတီတိုင်းနှင့် နယ်စပ်ချင်းကပ်နေသည့်  ဂွမြို့နယ် အထိရောက်ရှိလာရာ ရခိုင်စစ်ပွဲ၏အရှိန်သည် ဧရာဝတီတိုင်းထိ ရိုက်ခတ်မှု ရှိလာနေသည်ဟု ဧရာဝတီတိုင်းရှိ ဒေသခံများက ပြောဆိုသည်။

၎င်းပြင် ဧရာ၀တီတိုင်းထဲသို့  AA ဝင်ရောက်လာမည့် သတင်းများပျံ့နှံ့နေမှုကြောင့်  စစ်ကောင်စီသည် လုံခြုံရေးတိုးမြှင့်ပြီး စစ်ဆေးမှုများကို ယခင်ကထက် ပိုမိုတင်းကျပ်စွာ လုပ်ဆောင်လာသည်ဟု ပုသိမ်မြို့ အမှတ် ၂ရပ်ကွက် ဒေသခံ တစ်ဦးက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

“ရခိုင်က စစ်ရှောင်တွေစစ်ဆေးတဲ့အခါ များသောအားဖြင့်က ညဘက်စစ်တယ်။  ဒေသခံတွေကလည်း ဟိုအိမ်မှာစစ်ရှောင်ရောက်တယ်။  ဒီအိမ်မှာ လူသစ် ရောက်တယ်ဆိုပြီး တိုင်တာတွေရှိတယ်။  ငွေဆောင်ဘက်မှာ အေအေ ဝင်လာတယ်ဆိုပြီးသတင်း ရလို့စစ်နေတာကြာပြီ။ အခုပုသိမ် မြို့ထဲ ရပ်ကွက်တွေ အထိစစ်နေတယ်၊ ငွေလိုချင်လို့လုပ်တာရှိသလို တကယ်သတင်းရလို့ လာစစ်တာရှိတယ်။ ဘာလိုပဲပြောပြော ရခိုင်စစ်ပွဲက ဧရာဝတီတိုင်းကို ပုံစံမျိုးစုံနဲ့ ရိုက်ခတ်လာပြီဆိုတာ ငြင်းမရဘူး” ဟု ပြောသည်။

ရခိုင်ပြည် ဂွမြို့နယ်မှ စစ်ရှောင်အများအပြားဧရာဝတီတိုင်းသို့ ဝင်ရောက်လာရာ စစ်ရှောင်များနှင့် ရောနှောကာ အေအေတပ်ဖွဲ့ဝင်များ ဝင်ရောက်လာမည်ကို စစ်ကောင်စီမှ အထူးစိုးရိမ်နေကြောင်း ဒေသခံများကဆိုသည်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ရေကြည်မြို့၊ ငွေဆောင်မြို့တို့တွင် ရခိုင်မှစစ်ရှောင်လာသူ ပြည်သူများနှင့် ဒေသခံ ရခိုင်လူမျိုးများအား စစ်ကောင်စီတပ်၊ ပျူစောထီးနှင့် အုပ်ချုပ်မှူးများမှ AAနှင့် PDF များ ဝင်ရောက်လာသည်ဟူသော အကြောင်းပြချက်ဖြင့် ရပ်ကွက်များသို့  ညစဉ် ဧည့်စာရင်း ဝင်ရောက် စစ်ဆေးနေကြောင်း သိရသည်။

သြဂုတ်လ ၁၆ မနက်ပိုင်းကလည်း ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အမှတ် (၉)ရပ်ကွက်တွင် ပစ်ခတ်သံများ ကြားရပြီးနောက် သင်္ဘောကျဉ်းဘက်ကမ်းသို့  စစ်ကောင်စီမှ စစ်ကားများ၊ အိမ်စီးကားများ သွားရောက်ခဲ့ပြီး အမှတ် (၂)တံတားအတက်အဆင်းတွင်တားဆီး စစ်ဆေးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ငွေဆောင်ကမ်း ခြေမှဒေသခံတစ်ဦးက “ အေအေက ပုသိမ်အထိထိုးဖောက်လာမယ်ဆိုတာ စစ်ကောင်စီ ဘယ်လို သတင်းရတာတော့ မသိဘူး။ တော်တော်သတိထားနေတယ်။ မဝင်လာဘူး လို့လည်း အတတ်ဘယ်သူမှ မပြောနိုင်ဘူးလေ။ ငွေဆောင်တို့ ချောင်းသာတို့ ဟိုင်းကြီးကျွန်တို့မှာက အရင်ကတည်းက ရခိုင်တွေရှိတယ်။ အခုတလော ဂွတို့ သံတွဲတို့က ရခိုင်စစ်ရှောင်တွေလည်း ရန်ကုန်တက်ဖို့ အဆင်မပြေလို့ ဒီမှာလာနေတာရှိတယ်။ အဲဒီတော့ စစ်တပ်က လက်မခံဖို့ အိမ်ရှင်တွေ အုပ်ချုပ်ရေးမှုးတွေကိုပြောတာရှိတယ်။ ထောက်ခံစာတွေ အိမ်ထောင်စုစာရင်းတွေ ထွေအုပ် ထောက်ခံစာတွေမပါလို့ကတော့ ရခိုင်တွေအစစ်ခံ၊ အရစ်ခံရတော့ တာပါပဲ” ဟု ပြောသည်။

လက်ရှိတွင် သံတွဲနှင့် ဂွမြို့နယ် ဆုတ်ခွာလာသည့် စစ်ကောင်စီတပ်သားနှင့် ရဲ မိသားစုများ အတွက် ရေကြည်မြို့နယ် ၊ကုန်းပြင်အုပ်စု  ကုန်းပြင်ကျေးရွာ အနောက်ဘက် မာလာကွင်းတွင် အဆောက်အဦ သစ်များဆောက်နေပြီး ရေနံသာဂိတ်မှ စစ်ကောင်စီတပ်သားတချို့လည်း မကြာမီ ပြောင်းရွှေ့မည်ဟု သတင်းများထွက်ပေါ်လျက်ရှိကြောင်းသိရသည်။

ရခိုင်ပြည်နယ်တောင်ပိုင်း ဂွမြို့ကို အာရက္ခတပ်တော်က မကြာမီ လုံး၀ သိမ်းပိုက်ထိန်းချုပ်နိုင်မည့် အခြေအနေသို့ ရောက်ရှိနေပြီး ဂွကို သိမ်းပြီးနောက်  ဧရာဝတီတိုင်းအတွင်းသို့  ထပ်မံ ဝင်ရောက် လာနိုင်သဖြင့် ရခိုင်မှ လူအဝင်အထွက်များအား တင်ကျပ်စွာပိတ်ဆို့ စစ်ဆေးနေခြင်း ဖြစ်ကြောင်း ကြောင်းရေကြည်မြို့ဒေသခံတစ်ဦးမှသုံးသပ်ပြောကြားသည်။

ရခိုင်ပြည်၊  ဂွမြို့ နယ်၊ ရခိုင် - ဧရာဝတီအစပ် ဒေါင်းချောင်းဆင်ဝိုင်းကြီးကျေးရွာကို ဩဂုတ်လ (၆) ရက်နေ့က AA တပ်တော်ဝင်လာပါက ခိုအောင်း နေထိုင်နိုင်သည်ဟူသော အကြောင်းပြချက်ဖြင့် ကျေးရွာသားများကို နှင်ထုတ်ခဲ့ကြောင်းကုန်ကား မောင်းသူတစ်ချို့ထံမှ သိရသည်။

ထိုကျေးရွာတွင် ဆင်သမားများက သစ်ထုတ်‌လုပ်ငန်း၊ ကျန်ပြည်သူများက မီးသွေးဖုတ် ဝါးခုတ်၊ ဈေးဆိုင်ဖြင့် အသက်‌မွေးဝမ်းကြောင်းပြုလုပ်နေသည်ရွာဖြစ်ပြီး ရွာပတ်ဝန်းကျင်တွင် စစ်တပ်က ထောင်ထားသည့်မိုင်းများ နင်းမိ၍ လူ(၁)ဦးနှင့် ကျွဲနှစ်ကောင် သေဆုံးသွားကြောင်းလည်း ဒေသတွင်းသတင်းများအရ သိရှိရသည်။

ရခိုင်ပြည်နယ် ဂွမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေရာ ဂွမြို့နှင့်နီးစပ်လာသဖြင့် ကမ်းသာယာ ကျေးရွာနှင့် ကင်းမုံကျေးရွာမှ စစ်ရှောင်ပြည်သူများသည် ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ် ၊ အောင်ဇံကွင်းကျေးရွာသို့ရောက်ရှိလာပြီး စစ်ကောင်စီမှ တပ်ကျပ်စွာစစ်ဆေးနေကြောင်းလည်းဒေသခံများက ပြောသည်။

အာရက္ခတပ်တော်သည် ရခိုင်ပြည်နယ် သံတွဲမြို့အားထိန်းချုပ်ထားပြီး ဧရာဝတီတိုင်းနှင့် ထိစပ်နေသည့် ရခိုင်ပြည်နယ်တောင်ပိုင်းဂွ မြို့နယ်နှင့်အနီးတဝိုက်ထိ စစ်ရေးလှုပ်ရှားမှုများရှိလာရာ စစ်ပွဲ၏ အကျိုးသက်ရောက်မှုသည် ဧရာဝတီတိုင်းထိ ရိုက်ခတ်လာနေခြင်း ဖြစ်သည်။

အာရက္ခတပ်တော်၏ စစ်ရေးဗျူဟာနှင့် ထိုးစစ်ဆင် တိုက်ခိုက်မည့်ပုံစံအား စစ်ကောင်စီမှ မခန့်မှန်းနိုင် သောကြောင့် စိုးရိမ်မှုလွန်ကာ ရခိုင်ပြည်နယ်မှ စစ်ဘေးရှောင်လာသူများကိုသာ အထူး စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်နှင့် ထိစပ်နေသော ဧရာ၀တီတိုင်းမှ နယ်စပ်နေရာများကိုလည်း လုံခြုံရေး တင်းကြပ်ထားကြောင်း သိရသည်။

ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ ချောင်းသာ၊ ငွေဆောင်၊ ကျောက်ချွန်ဒေသတို့ အပြင် ပုသိမ် ငပုတော၊ ဟိုင်းကြီးကျွန်းတို့တွင်လည်း ရခိုင်သားများနေထိုင်လျက်ရှိရာ အေအေနှင့် တစ်စုံတစ်ရာ ပတ်သက်မှု မရှိသော်လည်း အနီးကပ်စောင့်ကြည့်ခြင်းကို ခံနေရသည်ဟု ပြည်သူများက ပြောဆိုသည်။

ဧရာဝတီတိုင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့သည် AAထံတွင် စစ်သင်တန်း တက်ခြင်း၊ AAနှင့်တွဲ၍ စစ်ရေးဖော်ဆောင်ခြင်းများရှိနေကြောင်း သတင်းများလည်း ထွက်ပေါ်လျက်ရှိနေရာ စစ်ကောင်စီအနေဖြင့် အလွန်စိုးရိမ်မှု ရှိနေသည်ဟုဆိုသည်။

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၊ ကြံခင်းမြို့နယ်များနှင့် ထိစပ်နေသော ရခိုင်ရိုးမအတွင်း၌ပြီးခဲ့သည့် ၂၀၂၄ ဇန်နဝါရီလက တိုက်ပွဲများဖြစ်ပွားခဲ့ဖူးကြောင်းသိရသည်။

Most read this week

September 21, 2024
ယခုနှစ် မိုးရာသီအတွင်း ရခိုင်တွင် ငှက်ဖျားရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု...
September 20, 2024
ရခိုင်ပြည်၊မောင်တောမြို့ ၃ မိုင်နှင့် မကျည်းချောင်းကျေးရွာအနီးအား စက်တင်ဘာလ ၁၉ ရက်နေ့တွင် ...
September 20, 2024
ရခိုင်ပြည်၊ စစ်တွေမြို့တွင် စစ်ကောင်စီက လမ်းသွားလမ်းလာများအား အကြောင်းမဲ့ ဖမ်းဆီးမှုများကို...
September 19, 2024
ရခိုင်ပြည်၊ ပေါက်တောမြို့နယ်ရှိ အနောက်ရဲမွတ်ဆလင်ဒုက္ခသည်စခန်းတွင် ဝမ်းပျက်ဝမ်းလျှော...