မိုးမိတ်ဒေသခံတစ်ချို့နေရပ်ပြန်နိုင်ကြပြီလို့သိရ

မိုးမိတ်ဒေသခံတစ်ချို့နေရပ်ပြန်နိုင်ကြပြီလို့သိရ

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်ထဲက တိုက်ပွဲတွေကြောင့်စစ်ဘေးတိမ်းရှောင်နေကြရတဲ့ ဒေသခံ တစ်ချို့ နေရပ်ပြန်လာကြပြီလို့ ဒေသခံတွေဆီကသိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်နေ့ကပဲ တအာင်းတပ်မတော် TNLAနဲ့ပူးပေါင်းအဖွဲ့တွေအပြီးသတ်သိမ်းပိုက်နိုင်ခဲ့တဲ့ မိုးမိတ်မြို့ဆီ ဒေသခံတွေပြန်လာနေကြတာဖြစ်ပြီး မြို့ခံ PDF တွေကသေချာစီစစ်ပြီးဝင်ခွင့်ပြုနေတာလို့ မိုးမိတ်ဒေသခံတစ်ယောက်ကပြောပါတယ်။

“တပ်ကတော့မရှိတော့ဘူး။ မြို့ထဲမှာတော့ မြို့ခံPDF တွေပဲကျန်တော့မှာ တအာင်းတပ်ကလည်း နည်းနည်း ပဲ ကျန်ခဲ့တယ်တဲ့။ မိုးမိတ် PDF တွေကသေချာစီစစ်ပြီးတော့ဝင်ခွင့်ပြုနေတယ်ဗျ။အခုကဒေသခံတွေလည်း တော်တော်များများဝင်ကြတယ် ဈေးရောင်းဈေးဝယ်တို့ ပြည်သူလူထုကတော့ဝင်နေကြပြီ”လို့ပြောပါတယ်။

နေရပ်ပြန်ဝင်လာတဲ့ဒေသခံ ထောင်နဲ့ချီရှိနိုင်တယ်လို့သိရပြီး ဒေသခံဖြစ်တဲ့အစိုးရဝန်ထမ်းတွေနဲ့မိသားစု ဝင်တွေပဲ မြို့ထဲကိုပြန်ဝင်လာတာမတွေ့ရဘူးလို့ဒေသခံတွေကပြောပါတယ်။

တစ်ဖက်မှာ စစ်ကောင်စီတပ်က ဒီရက်ပိုင်းအတွင်းမြောက်ပိုင်းညီနောင်အဖွဲ့တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်၊ လောက်ကိုင်နဲ့ သိန္နီမြို့တို့ကိုလေကြောင်းတိုက်ခိုက်မှုတွေရှိနေတဲ့အတွက် စိုးရိမ်မှုတွေရှိနေတယ် လို့ ဒေသခံတွေကဆိုပါတယ်။

ဒါ့အပြင် မိုးမိတ်မြို့တွင်းပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလုပ်ဆောင်ဖို့အတွက်တော့ အချိန်ယူရအုံးမယ် လို့ ဒေသခံတစ်ယောက်ကအခုလိုသုံးသပ်ပါတယ်။

“တကယ်လို့ပြန်လည်ထူထောင်ရေးလုပ်မယ်ဆိုရင်တော့ စီးပွားရေးသမားတွေကတော့မဖြစ်လောက်တော့ ဘူးထင်တယ်။ အခုကလည်း သိတဲ့အတိုင်းပဲ ကွတ်ခိုင်တို့လောက်ကိုင်တို့အေးအေးဆေးဆေးနေနေတာ တောင် သွားသွားကြဲနေတာဆိုတော့ မိုးကုတ်၊မိုးမိတ်လည်းဘယ်နေပါ့မလဲ”လို့ဆိုပါတယ်။

မိုးမိတ်မြို့တွင်းနဲ့အနီးတစ်ဝှိုက်ကတော့ ဖုန်းနဲ့အင်တာနက်လိုင်းတွေပြတ်တောက်နေဆဲဖြစ်ပြီး မိုးမိတ်မြို့နဲ့ ၁၀မိုင်ပတ်ဝန်းကျင်မှာရှိတဲ့ကျေးရွာတစ်ချို့မှာတော့ တယ်လီနောဖုန်းလိုင်းတွေရတယ်လို့သိရပါတယ်။

တအာင်းတပ်မတော် TNLA နဲ့ပူးပေါင်းအဖွဲ့တွေရဲ့  ၁၀၂၇ ဒုတိယလှိုင်းအဖြစ် သိမ်းပိုက်နိုင်ခဲ့တဲ့ မိုးမိတ် မြို့သိမ်းတိုက်ပွဲအတွင်း နှစ်ဖက်ပစ်ခတ်မှုတွေအကြားမြို့တွင်းနဲ့ ဘေးနားမှာရှိတဲ့ မြောက်ပိုင်း၊ လက်ခုပ်တန်း၊ ဒိုးပင်နဲ့ တောင်ကိုင်းစတဲ့ကျေးရွာတွေမှာပျက်ဆီးဆုံးရှုံးမှုတွေများတယ်လို့ ဒေသခံတွေကပြောပါတယ်။

လက်ရှိ မိုးမိတ်မြို့ကို ဝင်နိုင်တဲ့လမ်းကြောင်းတွေဖြစ်တဲ့ မန္တလေးတိုင်း မတ္တာရာနဲ့တွင်းငယ်လမ်းပိုင်းတွေကို တော်လှန်ရေးအင်အားစုတွေကထိန်းချုပ်ပြီးဝင်ထွက်သွားလာခွင့်ပိတ်ဆို့ထားတာကြောင့်အသုံးပြုလို့ မရဘူး လို့သိရပါတယ်။

မိုးမိတ်မြို့ကို ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲ-မန်တုံ၊ မဘိမ်း-မြစ်ဆုံ၊ မိုးကုတ်-မိုးမိတ်၊ တွင်းငယ်-မိုးမိတ် စတဲ့လမ်းပိုင်းတွေကိုအသုံးပြုပြီးသွားလာနိုင်ပေမဲ့ လက်တလောတိုက်ပွဲတွေကြောင့်လမ်းပိုင်းသွားလာခွင့် ကန့်သတ်ချက်တွေတော့ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

မိုးမိတ်မြို့နယ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း စစ်ကောင်စီတပ်နဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းအဖွဲ့တွေအကြား တိုက်ပွဲတွေပြင်းထန်ခဲ့သလို မြို့ကို KIA ဘက်က ထိန်းချုပ်နိုင်ခဲ့ပြီးမှ တပ်ပြန် ဆုတ်ခဲ့ရတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLAပူးပေါင်းအဖွဲ့ တို့အကြား ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့ကစလို့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းရဲ့ စစ်ဆင်ရေးအဖြစ် တိုက်ပွဲက တကျော့ပြန်ဖြစ်ပွားခဲ့ရာကနေ ဇူလိုင်လ ၃၁ ရက်နေ့မှာ မိုးမိတ်မြို့တစ်မြို့လုံးကို TNLA နဲ့ပူးပေါင်းအဖွဲ့ကသိမ်းပိုက်ထိမ်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

Most read this week

September 20, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်လက်နက်ရိက္ခာဖြည့်တင်းဖို့ဆန်တက်လာတဲ့...
September 19, 2024
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄...
September 17, 2024
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန်...
September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား...