မြစ်ကြီးနားမြို့အနီး တယန်ဇွပ်နဲ့ အင်ဆောပ့် စစ်တပ်စခန်း ၂ နေရာကို KIA တိုက်ခိုက်နေ

မြစ်ကြီးနားမြို့အနီး တယန်ဇွပ်နဲ့ အင်ဆောပ့် စစ်တပ်စခန်း ၂ နေရာကို KIA တိုက်ခိုက်နေ

မြစ်ကြီးနား – ဆွမ်ပရာဘွမ့်လမ်မပေါ်ရှိတဲ့ တယန်ဇွပ်(Tayang Zup) နဲ့ အင်ဆောပ့်(Nsawp) ကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်း ၂ နေရာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဒီနေ့ ဩဂုတ်လ ၁ ရက်နေ့ မနက် ၇ နာရီလောက်ကနေ တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်ကနေ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ အဲဒီတပ်စခန်း ၂ နေရာမှာ ဒီနေ့ နေ့လည် ၁ နာရီဝန်းကျင်အထိ နှစ်ဖက်တပ် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။

“တယန်ဇွပ်တပ်စခန်းကို ဒီမနက်ကနေ သွားရောက်တိုက်ခိုက်နေတယ်ဖြစ်တယ်။ အခုချိန်အထိ နှစ်ဖက်တိုက်ပွဲတွေဖြစ်နေသေးတာဖြစ်ပါတယ်။ စခန်းသိမ်းပိုက်နိုင်တာကမရှိသေးဘူး”လို့ပြောပါတယ်။

လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့ နေရာဟာ မြစ်ကြီးနားမြို့နယ်ထဲမှာဖြစ်ပြီး အင်ဆောပ့်နဲ့ တယန်ဇွပ်က ၁၀ မိုင်အကွာမှာရှိတဲ့ ကျေးရွာတွေဖြစ်ပါတယ်။

KIA တပ်တွေက စစ်တပ်စခန်းအကြီးရှိတဲ့ တယန်ဇွပ်တပ်စခန်းကိုသာ အဓိကတိုက်ခိုက်နေတာဖြစ်ပြီး အင်ဆောပ့်မှာက ပစ်ခတ်မှုအနည်းငယ်သာရှိနေတယ်လို့သိရပါတယ်။

မြစ်ကြီးနား – ဆွမ်ပရာဘွမ့်လမ်းပေါ်မှာ ပြီးခဲ့တဲ့ မတ်လအတွင်း KIA တပ်တွေ ဆွမ်ပရာဘွမ့်မြို့ပေါ်တိုက်ပွဲ စတင်ဖော်ဆောင်လိုက်ချိန်မှာ ဆွမ်ပရာဘွမ့်မြို့နဲ့ ၅ မိုင်လောက်အကွာမှာတပ်ချထားတဲ့ မလိယန်နဲ့ ဒိန်ဝါရွမ် စစ်တပ်စခန်းတွေကို ပထမဆုံးအကြိမ် သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် ၂ လကျော်အကြာ ဆွမ်ပရာဘွမ့်မြို့တွင်းတိုက်ပွဲပြင်းထန်ခဲ့ပြီး မေလ ၅ ရက်နေ့မှာ ဆွမ်ပရာဘွမ့်မြို့တစ်ခုလုံးကို KIA ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။

တိုက်ပွဲငြိမ်သက်သွားတဲ့ ၂ လလောက်အကြာမှာ KIA က မြစ်ကြီးနားမြို့နယ်ဘက်ခြမ်းမှာ ကျန်ရှိနေသေးတဲ့ တယန်ဇွပ်နဲ့ အင်ဆောပ့် စစ်တပ်စခန်းကို ထပ်မံသိမ်းပိုက်ဖို့ တိုက်ပွဲဖော်ဆောင်လိုက်တာလည်းဖြစ်ပါတယ်။

လက်ရှိ မြစ်ကြီးနား – ဆွမ်ပရာဘွမ့်ကားလမ်းတစ်ကြော စစ်ရေးအရ တယန်ဇွပ်ကနေ ဆွမ်ပရာဘွမ့်မြို့အထိ KIA တပ်တွေ ထိန်းချုပ်ထားပြီးတော့ တယန်ဇွပ်ကနေ မြစ်ကြီးနားမြို့နယ် တန်ဖရဲ ကျေးရွာအထိ စစ်တပ်က ထိန်းချုပ်ထားတာဖြစ်ပါတယ်။

ဒါကြောင့် KIA တပ်တွေက မြစ်ကြီးနားမြို့နယ်ထဲမှာ ရှိနေသေးတဲ့ စစ်တပ်စခန်းတွေကို ထပ်မံသိမ်းပိုက်ဖို့ တိုက်ပွဲဖော်ဆောင်လိုက်သလို စစ်မျက်နှာပြင်က မြစ်ကြီးနားမြို့နယ်ဘက်ကို ဦးတည်လာနေတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် KIA က မြစ်ကြီးနား – ဆွမ်ပရာဘွမ့်လမ်းတစ်ကြောလုံးကို ထိန်းချုပ်လိုက်ဖို့ ကြိုးစားလုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။

အလားတူစွာဘဲ စစ်ကောင်စီတပ်ဘက်က ကချင်ပြည်နယ်တစ်ပြည်နယ်လုံး အင်တာနက်ပြတ်တောက်နေချိန် မြစ်ကြီးနားမြို့ပြင် တယန်ဇွပ်ရွာသွားတဲ့လမ်းမပေါ်ရှိတဲ့ ၁၀ မိုင်ကျေးရွာနဲ့ ဂျော်ဘွမ်ဆုတောင်းတောင် အနီးတစ်ဝိုက်မှာ တပ်စွဲနေရာယူထားပြီး လမ်းသွားလမ်းလာပြည်သူတွေကို စစ်ရေးရေးတင်းကြပ်နေတာလည်းဖြစ်ပါတယ်။

လက်ရှိ ကချင်ပြည်နယ်ဟာ ဇူလိုင်လ၂၁ ရက်နေ့ကစပြီး ဖုန်းအင်တာနက်လိုင်းပြတ်တောက်နေချိန် မိုးမောက် ခမရ ၄၃၇ တပ်စခန်းကြီးနဲ့ ၊ဗန်းမော်မြို့အနီးတစ်ဝိုက်တိုက်ပွဲပြင်းထန်နေသလို ဩဂုတ်လ ၁ ရက်နေ့မှာတော့ မြစ်ကြီးနားမြို့နယ်အထက်ပိုင်းမှာလည်း တိုက်ပွဲပြင်းထန်နေတာလည်းဖြစ်ပါတယ်။

Most read this week

September 20, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်လက်နက်ရိက္ခာဖြည့်တင်းဖို့ဆန်တက်လာတဲ့...
September 19, 2024
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄...
September 17, 2024
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန်...
September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား...