စစ်မှုထမ်းရှောင်ရန် ပိုက်ဆံပေးထားသူများအတွက် လူအစားထိုးရန် အပြစ်မဲ့ပြည်သူများကို စစ်ကောင်စီက စစ်ကြောရေးတွင် ဖမ်းဆီးထားသည်။
အမည်စာရင်း ချန်လှပ်ထားသည့် နေရာများတွင် အစားထိုးထည့်သွင်းရန်အတွက် အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးပြီး သီရိမင်္ဂလာစျေးအနီးရှိ အမှတ် (၁) စစ်ကြောရေးနှင့် တည်းခိုရိပ်သာ အတွင်း၌ ဖမ်းဆီးထိန်းသိမ်း ထားသည်ဟု အမည်မဖော်လိုသည့် ဌာနဆိုင်ရာဝန်ထမ်း တစ်ဦးက ပြောသည်။
၎င်းက “လူအစားထိုးဖို့ လူမရှိမှ သွားဖမ်းတာ။ စစ်ကြောရေးကို ပို့တာက ရဲစခန်းမှာ ၂ရက် လောက်ဖမ်းထား ပြီးမှ အဝတ်အစားဝယ်ပေး၊ ဖုန်းဝယ်ပေး၊ မုန့်ဖိုးတစ်သိန်းလောက်ပေးပြီးမှ စစ်ကြောရေးကိုလွှတ်တာ” ဟု ပြောသည်။
ရန်ကုန်တိုင်းအတွင်းက မြို့နယ်အများစုတွင် စစ်မှုထမ်းဆောင်လိုခြင်း မရှိသည့်အတွက် ငွေပေး၍ အမည်စာရင်း ချန်လှပ်မှုများ လုပ်ဆောင်လျက်ရှိသည်ဟု ဆိုကြသည်။
ဖမ်းဆီးခံရသူများမှာ ဒလနှင့် ကော့မှူးမြို့နယ်များမှ လူငယ်အများစုဖြစ်ပြီး ၎င်းတို့အား လမ်းမများပေါ်တွင် မှတ် ပုံတင် စစ်ဆေးခြင်းနှင့် သံသယရှိသူများအဖြစ် သတ်မှတ်ကာ ဖမ်းဆီးခံထားရသူများ ဖြစ်သည်ဟု ဆိုသည်။
ဖမ်းဆီးခံထားရသူများအား ၂ နှစ် တာဝန်ထမ်းဆောင်ပါမည်ဟု ခံဝန်လက်မှတ်ထိုးခိုင်းကာ တာဝန်မထမ်းဆောင် ပါက မိသားစုဝင်များအား အန္တရာယ်ပြုမည်ဟု ခြိမ်းခြောက်ထားသည်ဟု ပြောသည်။
ဖမ်းဆီးခံထားရသူများအား စစ်ကြောရေးမှတဆင့် သင်တန်းပို့ချမည့် နေရာများသို့ ပို့ဆောင်သွားမည်ဟု စစ်ကောင်စီနှင့် နီးစပ်သူများက ပြောသည်။
ဖမ်းဆီးခံရသူများ စစ်ကြောရေးမှ ထွက်ပြေးမှုများ မဖြစ်ပေါ်စေရန် ဌာနဆိုင်ရာများမှ အမျိုးသားဝန်ထမ်းများ အား တစ်ပတ်အလှည့်ကျ သွားရောက် စောင့်ကြည့်ရကြောင်း ၎င်းအဖွဲ့အစည်းနှင့် သက်ဆိုင်သည့် ဝန်ထမ်း တစ်ဦးက ပြောသည်။
“အပြစ်မရှိဘဲဖမ်းထားတဲ့ လူတွေအများကြီးပါပဲ။ သူတို့တွေ ထွက်ပြေးမှာ စိုးလို့ဆိုပြီး အခြားဌာနကရော ကျနော်တို့ ဌာနက ယောက်ကျားလေးတွေပါ တစ်ပတ်ကို အလှည့်ကျ နှစ်ယောက် စစ်ကြောရေးမှာ သွားစောင့် ရပါတယ်။”
ဖမ်းဆီးထားသူများအား တစ်ပတ်ကြာမြင့်ချိန်တွင် သင်တန်းပို့ချရန်အတွက် ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင် ကြီး) အနီးရှိ စစ်ကြောရေး တစ်ခုသို့ အပြီးပို့ဆောင်သွားမည်ဟု ဆိုသည်။
ထို့အပြင် ကျောက်တံတားမြို့နယ်မှ လူအစားထိုးရန်ဟုဆိုကာ အမျိုးသားတစ်ဦးအား မိသားစုအတွက် ထောက်ပံ့ ကြေး သိန်း ၂၀ ပေးမည်ဟု ပြောပြီး စစ်ကြောရေးသို့ ပို့ဆောင်ထားသည်။ သို့သော် အဆိုပါ အမျိုးသား၏ မိသားစုမှာ ငွေ ၂ သိန်းခွဲသာ ရရှိခဲ့ကြောင်းနှင့် အစားထိုးဝင်ရောက်သူ၏ ဇနီးမှာ ကိုယ်ဝန်ဆောင်ထားသူ ဖြစ် သည်ဟု ထိုမိသားစုနှင့် နီးစပ်သူက ဆိုသည်။
ထို့အပြင် ဒလမြို့နယ်ရှိ ရပ်ကွက်အချို့တွင် စစ်မှုထမ်းဆောင်ရန်အတွက် အမည်စာရင်း မပါချင်ပါက လစဉ် ၃၀,၀၀၀ ကျပ် ပေးဆောင်ရကြောင်းနှင့် လစဉ်ပေးဆောင်သူများအား နာမည်စာရင်း မထည့်သွင်းထားကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။
ဒလမြို့နယ်ရှိ ရပ်ကွက်တစ်ခုက ပြည်သူတစ်ဦးက “အသက်မီတဲ့အမျိုးသားတွေထဲက နာမည်စာရင်း မပါချင် တဲ့လူရှိရင် လစဉ် သုံးသောင်း ထောက်ပံ့ရမယ်ဆိုပြီး ကောက်တယ်။ တတ်နိုင်သူတွေကတော့ ပေးတာပေါ့။ ပေး တဲ့ လူတွေကိုတော့ နာမည်စာရင်း ထည့်သွင်းတာမျိုး မလုပ်ထားဘူး” ဟု ပြောသည်။
သာကေတမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ ထူပါရုံ ၂၃ လမ်းထိပ်တွင် ရှိသည့် ဓမ္မစေတီဘုရား အနီးတွင်လည်း ညနေ ၆ နာရီခွဲအချိန်ခန့်တွင် လမ်းသွားလမ်းလာများအား ဖမ်းဆီးစစ်ဆေး၍ ငွေတောင်းခံနေကြောင်း ဒေသခံ တစ်ဦးက ပြောသည်။
“ဘုရားဘေးက တစ်လမ်းကျော် ဘောလုံးကွင်းမှာ သူတို့တစ်တပ်လုံးပဲ ရှိတယ်။ ဘုရားမှာတော့ ကင်းချထား တယ်။ ညနေစောင်းအချိန်ဆို လမ်းသွားလာသူတွေကို ဖုန်းတွေစစ်၊ သုံးဘီးတွေကို စစ်တယ်။ တချို့ကို ငွေ တောင်းပြီး လွှတ်ပေးတယ်၊ တချို့ကိုတော့ ဘုရားနားမှာရှိတဲ့ အမှတ် (၂) ရဲစခန်းကို ခေါ်သွားတာမျိုး ရှိတယ်။”
စစ်ကောင်စီမှ စစ်မှူထမ်းဆောင်မည့် လူငယ်များကို အခြေခံစစ်သင်တန်း သင်ကြားပို့ချပြီးချိန်၌ မိမိဆန္ဒရှိသည့် တိုင်း/ပြည်နယ်ရှိ အထိုင်တပ်များတွင် စစ်မှုထမ်းကာလ ပြည့်သည့်အချိန်ထိ ရွေးချယ်ပြီး တာဝန်ထမ်းဆောင်နိုင် သည်ဟု စီမံချက်တွင် ဖော်ပြထားသော်လည်း လက်တွေ့တွင် စစ်ရေးပြင်းထန်နေသည့် ဒေသများရှိ တပ်စခန်း များကို ပို့ဆောင်ပြီး ရှေ့တန်းစစ်မျက်နှာပြင်သို့ စေလွှတ်နေသည့်အတွက် သေဆုံးမှုများ ရှိလာသည်ဟု စောင့် ကြည့်နေသူများက ဆိုသည်။