စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ်က ဝ နှင့် SSPP ကို လာဘ်ထိုးရန် ကြိုးစား

စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ်က ဝ နှင့် SSPP ကို လာဘ်ထိုးရန် ကြိုးစား

စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ်အဖွဲ့ PNA က ရှမ်းတပ်နှင့် ‘ဝ’တပ်ကို သိန်း ၆,၀၀၀ လာဘ်ထိုးပြီး တော် လှန်ရေး အင်အားစုတွေများအား လက်နက်မရောင်းချရန် တောင်းဆိုလိုက်သည်ဟု တပ်တွင်း သတင်းအရင်း အမြစ်က ပြောသည်။

စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNA) ပူးပေါင်းတပ်များက ရှမ်းပြည် တိုးတက်ရေးပါတီ/ ရှမ်းပြည် တပ်မတော် (SSPP/ SSA) နှင့် ‘ဝ’ ပြည်သွေးစည်းရေး တပ်မတော် (UWSA)တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ချိန် ယခု ကဲ့သို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်ဟု စစ်ကောင်စီ တပ်တွင်း သတင်းအရင်းအမြစ်များက ပြောသည်။

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ မိုင်းပျဥ်းကျေးရွာအုပ်စု၊ ဖာလှိုင်ကျေး ရွာတွင် ဇွန်လ ၂၄ ရက်နေ့၌ နှစ်ဖက်တပ်များ တွေ့ဆုံဆွေးနွေးခဲ့ပြီး စစ်ကောင်စီဘက်က သိန်း ၆ ‌ထောင် လာဘ် ထိုး၍ တော်လှန်ရေးအင်အားစုများထံ လက်နက်မရောင်းချရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

တပ်တွင်း သတင်းအရင်းအမြစ် တစ်ဦးက “အခုသူတို့ ညှိတာက ထိပ်ပိုင်းခေါင်းဆောင် အချင်းချင်းတော့ မဟုတ်ဘူးပေါ့။ စစ်ကောင်စီဘက်နဲ့ PNO ဘက် ထိပ်ပိုင်းခေါင်း‌ဆောင်၊ ဟိုဘက်ကတော့ မိပြီ၊ တပ်မှူးအဆင့် လောက် ပါပဲ။ နေပြည်တော် တပ်မှူးတွေနဲ့ သူတို့က သွားညှိတာ၊ အဓိကကတော့ ဟိုပုံးမြို့နယ် ပင်လုံ လွိုင်လင် မြို့နယ် တွေကို ကျော်ပြီးတော့မှ အဲ့ဒီနာမည်ကို အသုံးပြုပြီးတော့မှ ရှမ်းတောင် ‌တော်လှန်ရေးတပ်ဖွဲ့တွေကို မကူညီဖို့ သွားညှိကြတာ” ဟု ပြောသည်။

ဆွေးနွေးပွဲတွင် UWSA နှင့် SSPP ဖက်က စစ်ကောင်စီ၏ ကမ်းလှမ်းချက်ကို ပယ်ချခဲ့သော်လည်း စစ်ကောင်စီ ဖက်က ငွေပမာဏနည်း၍ ငြင်းပယ်သည်ဟု ယူဆပြီး သိန်း ၁ သောင်းဖြင့် နောက်တစ်ကြိမ် ကမ်းလှမ်းရန် ပြင်ဆင်နေသည်ဟု ဆိုသည်။

လာဘ်ထိုးရန် သိန်း ၆ ထောင်အား ရရှိရန်အတွက် စစ်ကောင်စီတပ်နှင့် PNA ပူးပေါင်းတပ်များက ဆီဆိုင်နှင့် ပင်လောင်းမြို့နယ်မှ ကျေးရွာအချို့တွင် ခေါင်းစဉ်အမျိုးမျိုးနှင့် ငွေကြေးကောက်ခံခဲ့ပြီး နောက်ထပ်သိန်း ၁ သောင်း ပြည့်မီရန်အတွက် ဟိုပုံးမြို့ နယ်ဘက်တွင် ထပ်မံကောက်ခံနေသည်ဟု ဆိုကြသည်။

အဆိုပါ ဆွေးနွေးပွဲတွင် စစ်ကောင်စီဘက်က အကြီးအကဲများ ကိုယ်တိုင် တက်ရောက်ခဲ့သော်လည်း UWSA နှင့် SSPP ဖက်က မြေပြင် တပ်မှူးအဆင့်ဖြင့်သာ လက်ခံတွေ့ဆုံခဲ့သည်ဟု တပ်တွင်း သတင်းအရင်းအမြစ်က ဆက် ပြောသည်။

“စံလွင်ကတော့ PNO ပါတီရဲ့ ဥက္ကဋ္ဌလည်း ဖြစ်တယ်။ ပြီးတော့ စစ်ကောင်စီအဖွဲ့ဝင်လည်း ဖြစ်တယ်ပေါ့လေ။ နေဝင်းထွန်းကတော့ PNO ရဲ့ ဒုစစ်ဦးစီးချုပ်ပေါ့၊ ခရိုနီလည်း ဖြစ်တာပေါ့နော်။ အခု သူတို့က မြေပြင်မှာရှိတဲ့ တပ်မှူးတွေကို SSPP နဲ့ ‘ဝ’ တပ်မှူးတွေကို သွားညှိတယ်လို့တော့ ကြားရတာပေါ့။ နှစ်ဖက် အဖွဲ့အစည်း ထိပ်သီး ခေါင်းဆောင်လိုမျိုးတော့ မဟုတ်ဘူးပေါ့ SSPP နဲ့ ‘ဝ’ ဖက်က။”

ထိုသို့ လာဘ်ပေးရသည့် ငွေများအား တစ်အိမ်လျှင် ၃ သောင်းကျပ်စီ ကောက်ခံခဲ့ပြီး နောက်တစ်ကြိမ် ကမ်း လှမ်းမှုတွင် SSPP နှင့် UWSA ဖက်က ထပ်မံပယ်ချမည်ဆိုပါက PNA လူကြီးများ၏ အိတ်ကပ်ထဲသို့သာ ‌ရောက် သွားနိုင်သည်ဟု ပအိုဝ်းဒေသခံများက ဆိုကြသည်။

ပအိုဝ်းဒေသများတွင် စစ်ကောင်စီနှင့် PNA တပ်များ၏ တပ်သားသစ်အပြိုင် စုဆောင်းမှုများကြောင့် ဒေသတွင်း လူငယ်အများစုမှာ ထွက်ပြေး တိမ်းရှောင်နေရပြီး စစ်အသုံးစရိတ် အပြိုင် ကောက်ခံနေမှုတို့ကြောင့်လည်း ဒေသ ခံများမှာ တစ်နေ့ထက်တစ်နေ့ စားဝတ်နေရေး ပိုမိုကြပ်တည်းလာသည်ဟု ဆိုကြသည်။

July 6, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့ရှိ စစ်ကောင်စီတပ်စခန်းအချို့အား ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်များက...
July 6, 2024
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်အတွင်း စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကြဲခဲ့ရာ အရပ်သားပြည်သူ...
July 5, 2024
ထားဝယ်ခရိုင်အတွင်းရှိ ဘုန်းကြီးကျောင်း ၁၀ ကျောင်းက သံဃာတော်များသည် စစ်ကောင်စီကို ဆန့်ကျင်ကံ...
ရဲဝံ့စွန့်စာ ပြည့်ချစ်သား (အမှတ်-၉ စစ်အခြေခံ ခြေလျင်တပ်သားသစ် သင်တန်းဆင်းပွဲ)
July 5, 2024
စစ်မှုထမ်းရှောင်ရန် ပိုက်ဆံပေးထားသူများအတွက် လူအစားထိုးရန် အပြစ်မဲ့ပြည်သူများကို စစ်ကောင်စီက...