လွိုင်ကော် နေရပ်ပြန်စစ်ရှောင်များ ထပ်မံ ထွက်ပြေးနေရ

လွိုင်ကော် နေရပ်ပြန်စစ်ရှောင်များ ထပ်မံ ထွက်ပြေးနေရ

ကရင်နီပြည်၊ လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်နေ ပြည်သူ ၅၀၀ နီးပါးခန့်မှာ တတိယအကြိမ် ထပ်မံစစ်ရှောင်နေ ကြရပြီး အကူအညီများ လိုအပ်နေကြသည်။

မိုင်းလုံးရပ်ကွက်နေ ပြည်သူ အယောက် ၅၀၀ နီးပါးခန့်မှာ ဇွန်လ ပထမအပတ်ကစပြီး ထပ်မံစစ်ဘေးရှောင်နေ ကြရခြင်း ဖြစ်သည်ဟု ဒေသတွင်းရှိ ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။

ကူညီပေးနေသူ လူငယ်တစ်ဦးက “တချို့ပြည်သူတွေ အနေနဲ့ခါကျတော့ မနေရဲတော့ ရှောင်ကြတာတွေ ရှိတာ ပေါ့နော်။ စစ်တပ်ကတော့ စစ်ကြောင်းထိုးမှာပဲလေနော် သူ့သဘောသဘာဝအရကတော့။ ရှောင်တာကတော့ တစ်ရွာလုံးကတော့ ရှောင်ရပြီးသားပဲဗျာ” ဟု ပြောသည်။

ကရင်နီပြည်၌ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁၁ ရက်နေ့က စတင်လိုက်သော တစ်လေးလုံး စစ်ဆင်ရေးအချိန်က စပြီး လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်ထဲ နေထိုင်သူများက စစ်ဘေးရှောင်ခဲ့ကြရသည်။ ထို့နောက် ယခုနှစ် မေလ နောက်ဆုံးပတ်ထဲ၌ နေရပ်ကို ပြန်လာခဲ့ကြပြီး လက်ရှိဇွန်လအတွင်း၌ပဲ ထပ်ဆင့် စစ်ဘေးရှောင်နေကြရသည်။

ထပ်မံ စစ်ရှောင်ကြရသည့် အကြောင်းအရင်းနှင့် ပတ်သက်၍ မိုင်းလုံးရပ်ကွက်မှ စစ်ရှောင်တစ်ဦးက “အဲမှာ လူနည်းစုလောက်ပဲ ကျန်တာပေါ့။ အဲ့လို လူနည်းစုကျန်တဲ့ဟာကို စစ်တပ်က ဘယ်လိုလုပ်လဲဆိုတော့ စစ်တပ် က မထင်ရင် မထင်သလို ခြိမ်းခြောက်တဲ့တာတွေ ရှိတယ်။ ပြီးတော့ လမ်းကြောဆိုလည်း သူတို့ရဲ့ စစ်တပ်ကနေ ပြီးတော့မှ ရပ်ကွက်နားမှာ ဆိုလို့ရှိရင် သူတို့တပ်စွဲထားတာ နေရာတော်တော်များများ ရှိတယ်ပေါ့နော်။ အဲဒီမှာ သူတို့ မမြင်ရတဲ့ လမ်းကြောတွေဘာတွေ ဆိုလိုရှိရင် သူတို့ မိုင်းထောင်ထားတယ်။ အထူးသဖြင့် သူတို့ ကင်းပုန်း ဝပ်တယ်။ တပ်စွဲတာကနေပြီးမှ ပစ်ခတ်စုံနီးတဲ့ နေရာတွေလောက်ပဲ မိုင်းထောင်မထားတာပေါ့” ဟု ပြောသည်။

အဆိုပါ မိုင်းလုံးရပ်ကွက်နေ ပြည်သူများမှာ ၂၀၂၂ ခုနှစ် ဇွန်လတုန်းက တစ်ကြိမ်၊ ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် တစ်ကြိမ်နှင့် ယခု ဇွန်လ ပထမပတ်တွင် တစ်ကြိမ် စုစုပေါင်း ၃ ကြိမ် စစ်ဘေး‌ရှောင်နေကြရသည်။

ထိုစစ်ရှောင်များအတွက် စားဝတ်နေရေး အပါအဝင် ငွေကြေး အကူအညီများပါ လိုအပ်နေသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များက ဆိုသည်။

ထို့အပြင် စစ်ရှောင်များထဲ အချို့မှာ အိုးမဲ့အိမ်မဲ့ ဖြစ်ကုန်ပြီး အများစုက သက်ကြီးရွယ်အို၊ ကလေးသူငယ်၊ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်၊ မသန်စွမ်း၊ နာတာရှည်ရောဂါသည်များလည်း ပါသောကြောင့် အကူအညီ များ အမြန်ရဖို့ မျှော်လင့်နေကြသည်ဟု စစ်ရှောင်များအား ကူညီပေးနေသူများက ပြောသည်။

အကူအညီပေးနေသူ တစ်ဦးက“ရှောင်ကြတဲ့ နေရာကတော့ အစုံပဲ။ ရှမ်းပြည်နယ် တောင်ပိုင်းဘက်ပေါ့နော်၊ ပင်လောင်းတို့ အောင်ပန်းတို့ ရှောင်တဲ့လူတွေလည်း ရှိတယ်။ တချို့ဆိုလို့ရှိရင် ဆီဆိုင်ကို ရှောင်သွားပြီးတော့မှ ဆီဆိုင်မှာ တိုက်ပွဲဖြစ်လို့ နောက်တစ်ခေါက် ပြန်ရှောင်ရတာတွေလည်း ရှိတယ်ပေါ့နော်။ တချို့ခါကျတော့ လည်း ဒီးမော့ဆိုဘက် ရှောင်ကြတာတွေလည်း ရှိတယ်ပေါ့။ ရှောင်ခိုင်းတာကတော့ စစ်တပ်ဘက်ကပေါ့နော်။ အဲ့နေရာမှာ ဆိုလို့ရှိရင် အဲ့နားမှာ စစ်တပ်က အထိုင်ချထားတော့ အထိုင်ချထားတဲ့ စစ်တပ်အနေနဲ့ အရိပ်အမြွက် ပြောတာပေါ့။ ဒဲ့တော့ မပြောဘူးပေါ့” ဟု ပြောသည်။

လတ်တလော မိုင်းလုံးရပ်ကွက်ရှိ ရွှေလက်ဝါးဘုန်းကြီးကျောင်း၊ GTC တက္ကသိုလ်၊ တောင်စျေး အနောက်ခြမ်း နှင့် ရတနာသီရိ တောင်ပေါ်နေရာတို့တွင် စစ်ကောင်စီတပ်သားများက တပ်စွဲထားပြီး ကရင်နီတော်လှန်ရေး အင်အားစုများနှင့်လည်း တိုက်ပွဲပြင်းထန်နေသည်ဟု ရှေ့တန်း သတင်းအရင်းအမြစ်များက ဆိုသည်။

လွိုင်ကော်မြို့တွင် လက်ရှိအချိန်ထိ လျှပ်စစ်မီး မရသေးသော်လည်း ပြီးခဲ့သည့် မေလလ နောက်ဆုံးအပတ်က နေရပ်ပြန်လာကြသူများမှာ မင်းစု၊ နမ့်ဘော်ဝမ်၊ ဧက ၅၀၀၊ စက်မှုစုံ၊ ရှမ်းပိုင်း၊ ‌ဒေါနိုးကူး၊ ချိကယ်၊ ‌‌‌ဒေါတမ၊ လောဓမ္မ၊ ရွှေတောင်၊ ဈေးပိုင်း၊ မင်္ဂလာနှင့် နောင်ယားရပ်ကွက်တို့တွင် နေနေကြသည်ဟု  နေရပ်ပြန်နေသူများက ပြောသည်။

သို့သော် လွိုင်ကော်မြို့ပေါ်တွင် မြေမြုပ်မိုင်းများ မရှင်းရသေးသည့်အပြင် ရပ်ကွက်အချို့၌ တိုက်ပွဲများ၊ စစ်ရေး တင်းမာမှုများ ဆက်ရှိနေသေးသောကြောင့် လေကြောင်းနှင့် လက်နက်ကြီး အန္တရာယ်က အချိန်မရွေး ကျရောက် နိုင်ခြင်းကြောင့် နေရပ် မပြန်သင့်သေးဘူးဟု တော်လှန်ရေး အင်အားစုများဘက်က မေတ္တာရပ်ခံထားသည်။

Most read this week

January 9, 2025
ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မြို့တွင် တစ်နေ့ကို လျှပ်စစ်မီး ၃ နာရီသာ ရရှိတော့သည်ဟု...
January 8, 2025
ကချင်ပြည်၊ မြစ်ကြီးနားတွင် လူငယ်၊ လူလတ်ပိုင်း အမျိုးသားများ သတင်းအစအနမရဘဲ ဆက်တိုက်...
January 7, 2025
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီက ကုန်တင်ကားပိုင်ရှင်များကို အစည်းအဝေး‌ခေါ်ကာ...
January 7, 2025
မြိတ်ခရိုင်အတွင်းရှိ စစ်ကောင်စီဂိတ်များတွင် ခရီးသွားပြည်သူများ၏ လက်ကိုင်ဖုန်းများအတွင်း VPN...