ရခိုင်ပြည်နယ် မှတ်ပုံတင်ကိုင်ဆောင်ထားသူများကို စစ်ကောင်စီ ခရီးသွားခွင့်တင်းကြပ်

ရခိုင်ပြည်နယ် မှတ်ပုံတင်ကိုင်ဆောင်ထားသူများကို စစ်ကောင်စီ ခရီးသွားခွင့်တင်းကြပ်

ရခိုင်ပြည်နယ် မှတ်ပုံတင်အမှတ် ၁၁/ နိုင်ငံသားစိစစ်ရေးကဒ် ကိုင်ဆောင်ထားသူများကို စစ်ကောင်စီမှ ခရီးသွားလာခွင့်ကို တင်းကြပ်လာကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

၁၁/ မှတ်ပုံတင်ကိုင်ဆောင်ထားသူများအား ကားလက်မှတ်များမရောင်းချရန် ခရီးသွားလုပ်ငန်းများသို့ စစ်ကောင်စီမှ ညွှန်ကြားထားကြောင်း ခရီးသွားလုပ်ငန်းအေဂျင်စီများထံမှ သိရသည်။

“ကျွန်မတို့ကို ညွှန်ကြားစာရောက်ပါတယ်။ ၁၁/ ကို လုံးဝ လက်မှတ် မရောင်းဖို့ပါ။ ကျွန်မတို့အနေနဲ့ ရောင်းခဲ့မယ်ဆိုရင် အရေးယူခံရမယ်လို့ ပြောပါတယ်” ဟု ခရီးသွားအေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီမှ အဆိုပါညွှန်ကြားချက်ကို ပြီးခဲ့သည့် ၃ ရက်ခန့်က လာရောက်ပို့ဆောင်ခဲ့တာဖြစ်ပြီး မည်သည့်အတွက်ကြောင့် ခရီးသွားလာခွင့်ပိတ်သည်ကို ထုတ်ပြန်ပြောဆိုခြင်း မရှိဟု ဆိုသည်။

လက်ရှိအချိန်တွင် ၁၁/ မှတ်ပုံတင်ကိုင်ဆောင်ထားသူများအနေဖြင့် ရခိုင်ပြည်နယ်အတွင်းသို့သာမက မည်သည့်ဒေသသို့မျှ ခရီးသွားလာခွင့်မရှိတော့ခြင်းဖြစ်သည်။

ယခုကဲ့သို့ ညွှန်ကြားချက်ထုတ်ပြီး မပိတ်ပင်ခင်ကတည်းကပင် ၁၁/ လက်မှတ်ကိုင်ဆောင်ထားသူများကို စစ်ကောင်စီ စစ်ဆေးရေးဂိတ်တို့တွင် တင်းတင်းကြပ်ကြပ် စစ်ဆေးမှုများရှိခဲ့ကြောင်း သိရသည်။

ရန်ကုန်ရောက် ရခိုင်လူငယ်တစ်ဦးက “လာမယ့်သင်္ကြန်မှာ ခရီးသွားဖို့ ကားလက်မှတ်သွားဖြတ်တာမရခဲ့ဘူး။ မရောင်းပေးဘူးလို့ပြောလိုက်တယ်။ အဲဒီမတိုင်ခင်က ခရီးထွက်တုန်းကလည်း ကျွန်တော်တစ်ယောက်ထဲပဲ ၁၁ / ဆိုတော့ ကျွန်တော်တစ်ယောက်ထဲကိုပဲ ခေါင်းဆုံးခြေဆုံး ဖုန်းတွေပါ စစ်တာတွေကြုံခဲ့တယ်။ အခုအခြေအနေက အိမ်လဲ(ရခိုင်ပြည်နယ်) ပြန်မရ။ ဘယ်မှလဲသွားလို့မရတော့တဲ့အခြေအနေ” ဟု ဆိုသည်။

ကျန် နိုင်ငံသားမှတ်ပုံတင် ကိုင်ဆောင်ထားသူများအနေဖြင့် ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံအနှံ့ သွားလာနိုင်ပြီး ကားလက်မှတ်ဝယ်ယူရန် ထောက်ခံစာလိုကြောင်းလည်း ကားဂိတ်များထံမှ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက စစ်တွေလေဆိပ်နှင့် ရန်ကုန်မှ စစ်တွေသို့သွားမည့် ၁၁ / မှတ်ပုံတင်ကိုင်ဆောင်ထားသူများကို စစ်ကောင်စီမှ ဖမ်းဆီးခဲ့ပြီး အချို့ပြန်လွတ်ပေသော်လည်း အများစုကို ယနေ့ထိ ဖမ်းဆီးထားဆဲဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ကြား တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီ၏ မြို့ ၉ မြို့ခန့်ကို AA မှ သိမ်းပိုက်ရယူထားသည်။

ဓာတ်ပုံ - ပုံဟောင်း
December 23, 2024
မွန်ပြည်နယ်အတွင်းရှိ  အသင်းအဖွဲ့မှတ်ပုံတင်သက်တမ်းကုန်နေသည့် ပရဟိတအသင်းအကြီးအပါအဝင်...
December 19, 2024
တနင်္သာရီတိုင်းတွင် နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ် တိုက်ပွဲနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့်...
December 18, 2024
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်း၊ ရဲတံခွန်၊ လွတ်ရှမ်း၊ သံပုရာ၊ ခုံခံကျေးရွာမှ...
December 13, 2024
ထိုင်း - မြန်မာ နယ်စပ် ဘုရားသုံးဆူမြို့အတွင်း အသက် ၁၀ နှစ်အောက်ကလေးပျောက်ဆုံးမှု ယနေ့အထိ...