ကျောက်ဖြူတွင် စစ်တပ်ဖမ်းဆီးထားသည့် လေယာဥ်စီးခရီးသည်များထဲမှ လူငယ်တစ်ဦး သေကြောင်းကြံရန်ကြိုးစား

ကျောက်ဖြူတွင် စစ်တပ်ဖမ်းဆီးထားသည့် လေယာဥ်စီးခရီးသည်များထဲမှ လူငယ်တစ်ဦး သေကြောင်းကြံရန်ကြိုးစား

ရခိုင်ပြည်၊ ကျောက်ဖြူမြို့တွင် စစ်တပ်ဖမ်းဆီးထားသည့် လေယာဥ်စီးခရီးသည်များထဲမှ လူငယ်တစ်ဦး  မိမိကိုကိုယ် သေကြောင်းကြံစည်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

သေကြောင်းကြံစည်ခဲ့သူမှာ အသက် ၂၀ ဝန်းကျင်အရွယ်ရှိ ရမ်းဗြဲဇာတိလူငယ်တစ်ဦးဖြစ်ပြီး ၄င်း၏ ဖုန်းထဲမှ ရက္ခိုင့်တပ်တော်နှင့်ပတ်သက်သည့် အထောက်အထားများတွေ့၍ဟုဆိုကာ လက်ထိပ်ခတ် ဖမ်းဆီးခံထားရသူဖြစ်ကြောင်းသိရသည်။

သူသည် ယနေ့နေ့လယ်က လုံခြုံရေးယူထားသည့် ရဲတပ်ဖွဲ့ဝင်များအလစ်တွင် ခတ်ထားသည့် လက်ထိပ်နှင့် လျှပ်စစ်မီးပလတ်ပေါက်ကို ထိုးထည့်ကာ မိမိကိုကိုယ်သတ်သေရန် ကြိုးစားခဲ့ခြင်း ဖြစ်ကြောင်း ခိုင်လုံသည့် မြို့ခံသတင်းရင်းမြစ်က နိရဥ္စရာသို့ပြောသည်။

 " အဲဒီကောင်လေးက ဖုန်းကိုစစ်တာမှာ AA နဲ့ပတ်သက်တဲ့ အထောက်အထားတွေ့လို့ဆိုပြီး လက်ထိပ်ခတ်ပြီး ဖမ်းထားတယ်။ အဲဒါအခုနေ့လယ်ပိုင်းကလက်မှာ ခတ်ထားတဲ့လက်ထိပ်နဲ့ ပလတ်ပေါက်ထဲ အတင်းထိုးထည့်ပြီးသတ်သေဖို့ကြိုးစားတာ။ အနားမှာရှိတဲ့ ဖမ်းဆီးခံထားရတဲ့ ခရီးသည် ကောင်မလေးတွေက မိန်းခလုတ်ကိုအတင်းလိုက်ချလိုက်လို့မသေသွားတာပါ" ဟု သတင်းရင်းမြစ်က ပြောသည်။

အဆိုပါလူငယ်မှာ လျှပ်စစ်ရှော့ခ်ရိုက်၍ သေကြောင်း ကြံစည်ရန် နှစ်ကြိမ်တိတိကြိုးစားခဲ့ပြီး အနားတွင်ရှိသည့် ဖမ်းဆီးခံလူငယ်များကအချိန်မီ မိန်းခလုတ်ချ၍ကယ်တင်နိုင်ခဲ့ကြောင်းလည်း သူကပြောသည်။

၎င်းလူငယ်မှာ ရမ်းဗြဲမြို့နယ်၊ ကုန်ဘောင်တိုက်နယ်၊ ကြိမ်တန်းချောင်းရွာဇာတိ မောင်နေဇော်မင်း (၂၃) ဖြစ်ပြီး ၎င်းလူငယ်ကို  လက်ထိပ်ခတ်ပြီး ကျောက်ဖြူ ခလရ (၃၄) သို့ ယနေ့ ညနေ ၅ နာရီကျော်က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။

ယင်းနောက် စောင့်ကြပ်နေသည့် ရဲနှင့်စရဖများက သိသွားရာ ယခုညနေ ၅ နာရီလောက်တွင် စစ်တပ်ကမြို့တော်ခန်းမကို လုံခြုံရေးအပြည့်ချထားလိုက်ကြောင်းလည်း မျက်မြင်မြို့ခံများက ပြောသည်။

ယမန်နေ့ညနေပိုင်းက ရန်ကုန်မှ ကျောက်ဖြူလေဆိပ်သို့ဆင်းသက်လာသည့် လေယာဥ်တစ်စီးပေါ်မှ ခရီးသည် လူငယ် ၆၇ ဦးကို စစ်တပ်နှင့်ထွေအုပ်က လေဆိပ်မှစောင့်ကြပ်ဖမ်းဆီးကာ ကျောက်ဖြူမြို့၊ ရမ္မာဝတီမြို့တော်ခန်းမတွင် စစ်ဆေးနေခြင်းဖြစ်သည်။

 ဖမ်းဆီးခံရသူလူငယ်များထဲ အမျိုးသမီးငယ်များလည်း ပါဝင်ပြီး အသက် ၁၈ နှစ်မှ ၂၅ နှစ်ဝန်းကျင်လူငယ်အများစု ပါဝင်ကြောင်းသိရသည်။

ယင်းအထဲမှ အိမ်ထောင်စုစာရင်းအထောက်အထားများပြနိုင်သူ လူငယ်များကိုပြန်လွှတ်ပေးမည်ဟု ယမန်နေ့ကပြောဆိုခဲ့သော်လည်း ယနေ့တွင် ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သူ လူငယ်တစ်ဦး ပါသည်ဟု ဆိုကာ မည်သူ့ကိုမျှပြန်မလွှတ်ဘူးဟုပြောဆိုပြီး စစ်တပ်ကလုံခြုံရေး အပြည့်ချ စောင့်ကြပ်နေကြောင်း နိရဥ္စရာ၏သတင်းရင်းမြစ်ကပြောသည်။

ယနေ့တွင်လည်း ကျောက်ဖြူလေဆိပ်သို့ဆင်းသက်လာသည့်လေယာဥ်ပေါ်မှ လူငယ်များကို ထပ်မံဖမ်းဆီးပြီး ရမ္မာဝတီခန်းမသို့ခေါ်ဆောင်လာရာ ဖမ်းဆီးခံထားရသူလူငယ်စုစုပေါင်း ၁၀၀ ကျော်ရှိနေပြီဟု ကျောက်ဖြူမြို့ခံသတင်းရင်းမြစ်တစ်ဦးကပြောသည်။

 စစ်ကောင်စီတပ်သည် လေယာဥ်ပေါ်မှဆင်းဆင်းချင်း ခရီးသည်များ၏ ဖုန်းများကို အတင်းအဓမ္မ စစ်ဆေးခြင်းများပြုလုပ်နေကြောင်းလည်း သူကပြောသည်။

ထို့ကြောင့် ပြည်မမှ ရခိုင်သို့လေကြောင်းဖြင့်ပြန်လာမည့် ရခိုင်လူငယ်များ၊ ခရီးသည်များအနေဖြင့် မိမိတို့၏ ဖုန်းထဲတွင် ရက္ခိုင့်တပ်တော်နှင့်ပတ်သက်၍ စစ်ကောင်စီဘက်က ရမည်ရှာ ဖမ်းဆီး နိုင်လောက်သည့် ဓာတ်ပုံများ၊ လူမှုကွန်ရက်မှ မျှဝေသည့်ပို့စ်များ၊ တခြား အထောက်အထား များကို ရှင်းလင်းပြီးမှ လာကြစေလိုကြောင်းလည်း ကျောက်ဖြူမြို့ခံသတင်းရင်းမြစ်က သတိပေး တိုက်တွန်း ပြောဆိုသည်။

October 12, 2024
စစ်ကောင်စီသည် အနောက်ပိုင်းတိုင်းစစ်ဌာချုပ် (နပခ) လက်အောက်ရှိ ခမရ(၃၇၃) တပ်ရင်းအပါအဝင် အရေးကြီးသော...
October 10, 2024
ရခိုင်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နဂိုကတည်းက ဆင်းရဲနွမ်းပါးကြသည့်...
October 10, 2024
အကြောင်းအမျိုးမျိုးကြောင့် ပြည်မသို့ ရောက်ရှိနေကြသော ရခိုင်လူမျိုးများသည် ရခိုင်ပြည်ရှိ စစ်တွေ၊...
October 9, 2024
ရခိုင်ပြည်မှ ရန်ကုန်တိုင်းဒေသကြီးသို့ စစ်ဘေးရှောင်နေကြသည့် စစ်ရှောင်အများအပြားကို စစ်ကောင်စီက...