အကြမ်းဖက်စစ်တပ်သည် မျက်နှာစာ (၃) ခုစလုံးတွင် ရှုံးနိမ့်လာသဖြင့် အရပ်သားပြည်သူများအား ရည်ရွယ်ချက်ရှိရှိ ပိုတိုက်ခိုက်လာသည်ဟု NUG ဆို

အကြမ်းဖက်စစ်တပ်သည် မျက်နှာစာ (၃) ခုစလုံးတွင် ရှုံးနိမ့်လာသဖြင့် အရပ်သားပြည်သူများအား ရည်ရွယ်ချက်ရှိရှိ ပိုတိုက်ခိုက်လာသည်ဟု NUG ဆို

အကြမ်းဖက်စစ်တပ်သည် နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေးမျက်နှာစာ အားလုံးတွင် ပိုမို ရှုံးနိမ့်လာသည်နှင့် အမျှ အရပ်သားပြည်သူများအား လေကြောင်းမှ ဖျက်အားပြင်းဗုံးများ အသုံးပြုပြီး ပိုမိုတိုးမြှင့် အကြမ်းဖက် သတ်ဖြတ်လာသည့် သက်သေအထောက်အထား အများအပြား ရရှိလျက်ရှိကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ ( NUG) က ထုတ်ပြန်သည်။

အမျိုးသား ညီညွတ်ရေးအစိုးရ(NUG ) သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက  "တော်လှန်ရေးအင်အားစုတွေက စစ်မြေပြင်မှာ အောင်မြင်မှုတွေရတဲ့ အလျောက် ထိန်းချုပ် နယ်မြေတွေကပိုများလာတယ်။  စစ်တပ်ရဲ့ ထိန်းချုပ် နယ်မြေတွေဟာပိုကျဥ်းမြောင်းလာတယ်။ ဗျူဟာကုန်းတွေ တခုပြီးတစ်ခု ကျနေတော့သူတို့အကျဥ်းထဲအကျပ်ထဲရောက်တဲ့အချိန်မှာ လက်နက်ကြီးတွေ အားကိုးတယ်၊ လေယာဥ် အားကိုးတယ်။  အရပ်သား ပစ်မှတ်တွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ပိုမို ရက်စက်ကြမ်းကြုတ်စွာ လုပ်လာ တာတွေကို တွေ့နေရတယ် "ဟု ဦးကျော်ဇောက နိရဉ္စရာကို ပြောသည်။

ရာဇဝတ်မှုတွေကျူးလွန်နေသူများ၊ အမိန့်ပေးသည့်သူများ၊ အမိန့် နာခံသည့်သူ များအားတချိန်တွင် ဖမ်းဆီးအရေးယူနိုင်မည်ဖြစ်ကာ ပြင်တွင်းတည်ဆဲ တရားဥပဒေအရ အရေးယူဖို့ရှိသည့်အပြင် နိုင်ငံတကာ တရားရုံး များတွင်လည်း တရားစွဲရန်စီစဥ်နေပြီး တရားစီရင်ရေးသည် နှောင့်နှေးကောင်း နှောင့်နှေးမည်ဖြစ်သော်လည်း ကျူးလွန်သူများကိုအရေးယူမည်ဖြစ်ကြောင်း ဦးကျော်ဇောက ပြောဆိုသည် ။

"ဟိုတနေ့က ကနန် မှာရှိတဲ့စာသင်ကြောင်းဗုံးကြဲတယ်။  ခရစ်ယာန် ဘုရားရှိခိုးကျောင်းလည်း ပျက်စီးသွားတယ်။  အဲ့ဒီနေ့ ဘုရားရှိခိုးနေတဲ့အချိန် လူနေအိမ်တွေအပေါ်ဗုံးတွေ ချသွားတယ် ဝန်းသိုမြို့နယ်မှာဆိုရင်လည်း အရပ်သားပြည်သူ ၁၉ ယောက်ဖမ်းသွားပြီး ရက်ရက်စက်စက် သတ်ဖြတ်တယ်။ ဆိုတော့သူတို့က လက်နက်ကြီးအားကိုးနဲ့လုပ်တယ်။ လေယဥ်ပျံအားကိုးနဲ့ လုပ်တယ် အဲ့ဒီတော့ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အမိန့်ပေးတဲ့သူ အမိန့် နာခံတဲ့သူ တွေကိုတချိန်မှာ ဖမ်းဆီးအရေးယူနိုင်မယ် "ဟု ဦးကျော်ဇောကပြောသည် ။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက် နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ တမူးမြို့နယ်၊ ကနန်ကျေးရွာ အား အကြမ်းဖက်စစ်တပ်မှ လေကြောင်း တိုက်ခိုက်မှု ကျူးလွန်ခဲ့ပါသည်။

တနင်္ဂနွေ ဘုရားကျောင်းဝတ်ပြုပွဲ ရှိသည့်အချိန်တွင် အရပ်သားပြည်သူများ စည်ကားနေသည့် ရပ်ရွာအပေါ်သို့ ဖျက်အားပြင်းဗုံးများ ကြဲချ တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ အများအပြား ထိခိုက်သေဆုံး ဒဏ်ရာရခဲ့ကြ ကြောင်း ဇန်နဝါရီလ ၉ ရက်နေ့တွင် NUG ကထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ယခုကြေညာချက်ထုတ်ပြန်သည့်အချိန်အထိ အတည်ပြုထားနိုင်သည်မှာ အသက် ၅ နှစ်မှ ၁၇ နှစ်ကြား ကလေးသူငယ် သေဆုံးသူဦးရေ (၉) ဦး အပါအဝင် စုစုပေါင်းသေဆုံးသူ (၁၇) ဦးနှင့် ဒဏ်ရာရရှိသူစုစုပေါင်း (၁၉) ဦး ရှိသည်ဟု သိရှိထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ယုံကြည်စိတ်ချရသော သတင်းများ အပေါ်အခြေခံ၍ ၃၁ ဒီဇင်ဘာ ၂၀၂၃ အထိ ရရှိထားသော အထောက်အ ထားများနှင့် စာရင်းများအရ မင်းအောင်လှိုင် ဦးဆောင်သော အကြမ်းဖက် စစ်တပ်က မတရားအာဏာသိမ်းယူရန် ကြိုးစားခဲ့သည့်နေ့မှစ၍ ကျူးလွန်လျက်ရှိသော အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အသက် ၁၈ နှစ်အောက်ကလေးသူငယ် (၆၂၇) ဦး၊ အမျိုးသမီး (၁၀၁၇) ဦး သေဆုံးခဲ့ရပြီးဖြစ်သည်။

 လေကြောင်းအသုံးပြု၍ အပြစ်မဲ့ပြည်သူများရှိရာ ရပ်ရွာများအား တိုက်ခိုက်မှုပေါင်း (၅၈၃) ကြိမ် ကျူးလွန်ခဲ့ပြီး သေဆုံးသူအရပ်သား (၈၉၇) ဦး၊ ဘာသာရေးအဆောက်အဦးပေါင်း (၇၆) ခုနှင့် စာသင်ကျောင်းပေါင်း (၅၂) ကျောင်း ပျက်စီးဆုံးရှုံးခဲ့ပြီးဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

Most read this week

October 15, 2024
ရခိုင်ပြည် တောင်ဘက်အစွန်ဆုံး ဂွမြို့နယ်၏မြောက်ပိုင်းတွင် တိုက်ပွဲတွေပြင်းထန်နေသည့်အတွက်...
October 14, 2024
ရခိုင်ပြည်၊ တောင်ကုတ်မြို့မှ  စစ်ဘေးရှောင်သွားကြသည့်  နေအိမ်များ၏ လူဦးရေစာရင်းကို...
October 12, 2024
စစ်ကောင်စီသည် အနောက်ပိုင်းတိုင်းစစ်ဌာချုပ် (နပခ) လက်အောက်ရှိ ခမရ(၃၇၃) တပ်ရင်းအပါအဝင် အရေးကြီးသော...
October 10, 2024
ရခိုင်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နဂိုကတည်းက ဆင်းရဲနွမ်းပါးကြသည့်...