ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်အကျဉ်းထောင်နှင့် စစ်တွေမြို့ အကျဉ်းထောင်မှ ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသား ၁၄၇ဦးလွတ်မြောက်လာပြီဟု သတင်းရရှိသည်။
ဘူးသီးတောင်မြို့ ယနေ့ဇန်နဝါရီ၄ရက် နံနက် ၉နာရီတွင် အကျဉ်းထောင်တွင်ထောင်ချခံထားရသည့် အကျဉ်းသား ၄၉ဦးလွတ်မြောက်လာသည်ဟု ဘူးသီးတောင်ဒေသခံတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။
" ၉နာရီလောက်ကနေ ၄၉ယောက်လွတ်ပါတယ်။ မွတ်ဆလင်ရော ရခိုင်တွေရောပါတယ်။ အကျဉ်းသူ အမျိုးသမီးတွေတော့မပါဘူး " ဟုပြောသည်။
အလားတူ စစ်တွေအကျဉ်းထောင်မှ ယနေ့နေ့လည် ၁နာရီခန့်က အကျဉ်းသား၊အကျဉ်းသူ ၉၈ ဦး လွတ်မြောက်လာသည်ဟု စစ်တွေမြို့ခံတစ်ဦးကနိရဉ္စရာသတင်းဌာနကိုပြောသည်။
" အကျဉ်းသားက ၈၀နဲ့ အကျဉ်းသူက ၁၈ယောက်ပါတယ်။ အဓိကဒုစရိုက်မှုတွေနဲ့ တရားစွဲခံထားရတဲ့ သူတွေပဲ လွတ်တာများပါတယ်" ဟုပြောသည်။
အကြမ်းဖက် စစ်ကောင်စီက ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အဖြစ် အကျဉ်းသား၊ အကျဉ်းသူ ၉၆၅၂ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား၊သူ ၁၁၄ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကြောင်း ယနေ့ဇန်နဝါရီ ၄ရက် နံနက်ပိုင်း ထုတ်ပြန်ထားသည်။