ကရင်နီ စစ်ရှောင်များ အစုလိုက် အပြုံလိုက် တုတ်ကွေးဖြစ်

ကရင်နီ စစ်ရှောင်များ အစုလိုက် အပြုံလိုက် တုတ်ကွေးဖြစ်
ဓါတ်ပုံ - Karenni Humanitarian Team-KHT (ပုံစာ - ကရင်နီစစ်ရှောင်စခန်းတစ်နေရာတွင် ဆေးကုသပေးနေပုံ)
ဓါတ်ပုံ - Karenni Humanitarian Team-KHT (ပုံစာ - ကရင်နီစစ်ရှောင်စခန်းတစ်နေရာတွင် ဆေးကုသပေးနေပုံ)

ကရင်နီ (ကယား) ပြည်၊ ဖရူဆိုမြို့နယ်ထဲတွင် အခြေခံဆေးဝါးများ ပြတ်လပ်နေပြီး စစ်ရှောင်များ၊ ပြည်သူများ သည် အစုလိုက်အပြုံလိုက် တုတ်ကွေး ဖြစ်ပွားနေကြသည်ဟု ဒေသခံများနှင့် ဒေသတွင်းရှိ ကျန်းမာရေး တာဝန်ခံများ က ပြောသည်။

ဖရူဆိုမြို့နယ် အရှေ့ဖက်ခြမ်းတွင် စစ်ဘေးရှောင်များရော ဒေသခံပြည်သူများပါ အစုလိုက် အပြုံလိုက် တုတ် ကွေးဖြစ်ပွားနေကြပြီး ကလေးရော လူကြီးများပါ ဖျားနာနေကြခြင်း ဖြစ်သည်ဟု ဒေသတွင်းရှိ ကျန်းမာရေး တာ ဝန်ခံ တစ်ဦးက ယခုကဲ့သို့ ပြောသည်။

”လက်ရှိကတော့ နှာစေးချောင်းဆိုးပေါ့နော်။ ကိုဗစ်ပုံစံမျိုးပဲ အစုလိုက်အပြုံလိုက် ဖျားကြတယ်။ ပြီးခဲ့တဲ့ တစ် လလုံးပေါ့။ အခု လက်ရှိဖျားတဲ့ သူတွေလည်းရှိသေးတယ်။ အထူးသဖြင့် နှာစေး ချောင်းဆိုးတွေ အဖြစ်များ တယ်။ နောက်ပိုင်းဆို ငှက်ဖျားတွေလည်းပေါ်လာပြီလေ အခုဆို။”

ဖရူဆိုမြို့နယ် အရှေ့ခြမ်းတွင် အောက်တိုဘာလ နောက်ဆုံးပတ်မှ စတင်၍ ယခု နိုဝင်ဘာလ ပထမပတ်ထဲ ငှက်ဖျား ဖြစ်သူများလည်း ရှိလာသည်ဟု ဆိုသည်။

ထို့အပြင် ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာများထဲ နေထိုင်ကြသည့် ဒေသခံပြည်သူများနှင့် စစ်ရှောင် စခန်းနှစ်ခုဖြစ်သည့် စိန်တောင်တန်းနှင့် ရှိလုမူရှိ စစ်ရှောင်ပြည်သူများလည်း တုတ်ကွေးဖျားနာ နေကြသည်ဟု စစ်ရှောင်များက ပြောသည်။

အဆိုပါ စစ်ရှောင်စခန်းနှစ်ခုတွင် လူဦးရေ ၁,၁၀၀ ကျော်နေထိုင်ပြီး အများစုမှာ တုတ်ကွေးဖျားနေကြပြီး အထူး သဖြင့် ကျောင်းနေအရွယ် ကလေးများနှင့် အသက် ၅ နှစ်အောက် ကလေးငယ်များ ပိုအဖြစ်များသည်ဟု စစ်ရှောင်အမျိုးသမီး တစ်ဦးက ပြောသည်။

”သူ့ဟာအဖျားက တစ်ရက်နှစ်ရက်ဖျားလိုက် သက်သာလိုက် ကျောင်းပြန်သွားလိုက် ပြန်ဖျားလိုက် အဲ့လိုမျိုး လေ။ ကလေးတစ်ယောက်ကို နစ်ခါသုံးခါဖျားတယ်။ နောက်ဆုံးအဆင့်ဆို သူတို့ လည်ချောင်းတွေ နာပြီးတော့ ချောင်း ဆိုး လည်ချောင်းနာပြီးအသံဝင်တာတွေ ဖြစ်သွားတယ်လေ။ တော်တော်ခံရတယ် ကလေးတွေပေါ့။”

လက်ရှိတွင် ဖရူဆို အရှေ့ခြမ်းနေရာ အနောက်ခြမ်းမှာပါ ဖြစ်နေသည့် တုတ်ကွေးမှာ သာမန်တုတ်ကွေးပုံစံမျိုး မဟုတ်သောကြောင့် ဆေးမျိုးစုံစပ်ပေးသည့် စပ်ဆေးများ၊ အပြင်က ဆေးများကို ရမ်းသမ်းပြီး ဝယ်မသောက် ကြရန်လည်း ဒေသတွင်းရှိ ကျန်းမာရေး တာဝန်ခံများ၊ ဆရာ ဆရာမများက ညွှန်ကြားထားသည်ဟု အဆိုပါ စစ်ရှောင်အမျိုးသမီးက ဆက်ပြောသည်။

”ကလေးဖျားပြီဆိုရင် အပြင်မှာပဲ ဆေးတွေ အရမ်းဝယ်မသောက်ပဲနဲ့ ဆေးရုံကို ချက်ချင်းခေါ်လာပြဖို့ပေါ့နော်။ ဆေးရုံက ညွှန်ကြားတဲ့ ဆေးကိုပဲသောက်ဖို့ပေါ့။”

ဒေသတွင်း တုတ်ကွေး အစုအပြုံလိုက် ဖြစ်ပွားမှု ကူးစက်မှုများကြောင့် အခြေခံ ဆေးဝါးများလည်း မလုံ လောက်တော့ဘဲ ပြတ်သွားသည်အထိ ဖြစ်နေပြီး ကလေးများအတွက်လည်း ဆေးများ ပြတ်ကုန်ပြီဟု ဖရူဆို အရှေ့ဘက်ခြမ်းက ကျန်းမာရေး တာဝန်ခံက ဆက်ပြောသည်။

”အဓိက အစုလိုက်အပြုံလိုက်ဖြစ်တဲ့ အချိန်ပေါ့။ ကျွန်တော်တို့ အဓိကလိုအပ်တဲ့ အခြေခံ ဆေးဝါးတွေ လုံးဝ ပြတ်ထွက်သွားတဲ့ အနေအထားထိ ရှိတယ်လေ။ ဒီ para တို့ cevit တို့ အခြေခံဆေးတွေပေါ့နော်။ ကလေးတွေ က ပိုလိုအပ်တယ်ဗျ အထူးသဖြင့် သူတို့က ဆေးအလုံးတွေ မသောက်နိုင်တဲ့ အချိန်ဆိုရင် ဆေးဗူး အရည်လေး တွေ ပေးရင် ပိုအဆင်ပြေတယ်တာပေါ့နော်။ သူ့ရဲ့ ပမာဏအတိုင်း Dose အတိုင်း တိတိကျကျ ပေးချင်တယ် ဆိုရင် တော့ ဆေးအရည်ဗူးတွေက ပိုအဆင်ပြေတယ်။ အဓိက ကတော့ မြေပြင်အခြေနေပေါ်မှာ မူတည်တာ ပေါ့။ မြေပြင်မှာ တကယ်လို့ အရမ်းလိုအပ်လာပြီဆိုတဲ့ အချိန်မျိုးဆို ကျွန်တော်တို့ ဆေးမရှိတော့ ကုသမှု အပိုင်းမှာလည်း အားနည်းသွားတာပေါ့နော်။”

ဖရူဆိုမြို့နယ်ဘက်ခြမ်းကို စစ်ကောင်စီက ရိက္ခာနှင့် ဆေးဝါး သယ်ယူခွင့် ပိတ်ပင်ထားခြင်းကြောင့် ဆေးဝါး မလုံလောက်တော့သလို ဆေးကုသရေးအပိုင်းတွင်လည်း အခက်အခဲများ ရှိလာနေသည်ဟု ၎င်းကျန်းမာရေး တာဝန်ခံက ဆိုသည်။

ဖရူဆိုအနောက်ဖက်ခြမ်းတွင် တုတ်ကွေး အစုလိုက်အပြုံလိုက် ဖြစ်ပွားလာခြင်းကြောင့် အောက်တိုဘာလဆန်း ပိုင်းက စတင်ပြီး ကျောင်းများပိတ်ထားရသည်ဟု ဆိုကြသည်။

လက်ရှိတွင် ဒေသအတွင်းရှိ ဆေးဆိုင်များ၌လည်း ဆေးဝါးများ ပြတ်ကုန်ပြီး ပါရာစီတမောနှင့် အကိုက်အခဲ ပျောက်ဆေးများပင် ဝယ်ယူရရှိနိုင်ရေး အခက်အခဲဖြစ်နေကြသည်ဟု စစ်ရှောင်များနှင့် ဒေသခံများက ပြော သည်။

အောက်တိုဘာလဆန်းပိုင်းက ဖရူဆို အနောက်ဘက်ခြမ်းတွင် အသက် ၂၄ နှစ်အရွယ် လူငယ် အမျိုးသားတစ်ဦး တုတ်ကွေးဖြစ်ပြီး တပတ်အကြာတွင် သေဆုံးသွားသည့် ဖြစ်သည်လည်း ရှိခဲ့ကြောင်း ဒေသခံများက ဆိုသည်။

October 23, 2024
စစ်ကောင်စီတပ်က ၎င်းတို့ လက်လွှတ်ဆုံးရှုံးထားရသည့် ရှမ်းမြောက်ဒေသထဲက လားရှိုးမြို့အပါအဝင်...
October 22, 2024
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အတွင်း ဆန် ဈေးနှုန်း မြင့်တက်လာမှုကြောင့် စစ်ဘေးရှောင်များ သာမက...
October 21, 2024
တနင်္သာရီတိုင်း ဒေသကြီးအတွင်းမှ မြိတ်၊ တနင်္သာရီနှင့် ပုလောမြို့နယ်များတွင် MPT ဖုန်းလိုင်းနှင့်...
October 21, 2024
ချင်းပြည်နယ်၊ ပလက်ဝဒေသထဲက စစ်ဘေးရှောင်၂၀၀၀၀ ခန့်အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါး အကူအညီများ...