မြန်မာပြည် အရှေ့တောင်ပိုင်းတွင် အတင်းအဓမ္မ ပျောက်ဆုံးသည့် အရပ်သား ၇၂ ဦးနှင့် အထက်ရှိဟု KHRG ပြော

မြန်မာပြည် အရှေ့တောင်ပိုင်းတွင် အတင်းအဓမ္မ ပျောက်ဆုံးသည့် အရပ်သား ၇၂ ဦးနှင့် အထက်ရှိဟု KHRG ပြော

ကရင်အမျိုးသားအစည်းအရုံး-KNU၊ ထိန်းချုပ်နယ်မြေများ အပါအဝင် မြန်မာပြည် အရှေ့တောင်ပိုင်းတွင် စစ်ကောင်စီနှင့် အခြားလက်နက်ကိုင်တပ်ဖွဲ့များကြောင့် အတင်းအဓမ္မ ပျောက်ဆုံးနေရသူ အရပ်သား (၇၂)ဦးနှင့် အထက်တွင်ရှိသည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့-KHRG က ပြောသည်။

အတင်းအဓမ္မပျောက်ဆုံးစေမှု ဟု ဆိုရာ၌ အစုအဖွဲ့ (သို့မဟုတ်) လူတစ်ဦးဦးက ရည်ရွယ်ချက်ရှိရှိဖြင့် ပျောက်ဆုံး စေရန် လုပ်ဆောင်သည့် ဥပဒေဘောင်ပြင်ပရှိ လုပ်ရပ်ဖြစ်သလို ပျောက်ဆုံးခံရသူ အများစုမှာ အမျိုးသားများ ဖြစ်၍ လက်ရှိမြေပြင်တွင်လည်း ၇၂ ဦးထက် များစွာပိုနိုင်သည်ဟု KHRG က ပြောဆိုထားသည်။

ဩဂုတ်လ ၃၀ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အတင်းအဓမ္မပျောက်ဆုံးမှု ဒဏ်ခံရသူများ နေ့အတွက် KHRG က ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်အရ သိရသည်။

“ဘယ်အဖွဲ့က ကျူးလွန်တာဖြစ်ဖြစ် ဒါဟာဆိုးရွားတဲ့ ရာဇဝတ်မှုကို ကျူးလွန်တာ ဖြစ်ပါတယ်။ လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်ဥပဒေလို့ခေါ်တဲ့ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာဥပဒေကို သိရှိ လိုက်နာမယ်ဆိုရင်တော့ ဒီဖြစ်စဉ်တွေကို လျှော့ချနိုင်သလို ဂုဏ်သိက္ခာ ကိုလည်း မြင့်တင်နိုင်ပါတယ်” ဟု KHRG ၏ ထုတ်ပြန်ချက်ပါပြောခွင့်ရ စောနန္ဒဆူးက ပြောသည်။

ပျောက်ဆုံးမှု ပုံစံများမှာ မိသားစုဝင်များသို့ အသိပေး အကြောင်းကြားခြင်း မရှိဘဲ စစ်ကောင်စီ၏ ဖမ်းဆီးထောင် ချ ခံရခြင်း၊ လမ်းပြ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရခြင်း၊ မြေမြုပ်မိုင်း ရှင်းလင်းရေး ကိရိယာအဖြစ် အသုံးပြုခံရခြင်းအပြင် ကရင်ပြည်နယ်အတွင်း လှုပ်ရှားနေသော လက်နက်ကိုင်တပ်ဖွဲ့များမှ ဒလန်ဟု စွပ်စွဲခံ ရပြီးနောက် အဓမ္မပျောက်ဆုံးစေခြင်းဖြင့် စသဖြင့်အမျိုးမျိုးရှိပြီး ၎င်းသည် နိုင်ငံတကာလူသားချင်းစာနာမှု ဥပဒေကို ဖောက်ဖျက်ခြင်းဖြစ်ကြောင်း အစီရင်ခံစာပါ ဖော်ပြချက်အရ သိရသည်။

ထို့အတူ အရပ်ဘက်နှင့် လူထုအခြေပြု အဖွဲ့စည်းများ အနေဖြင့်လည်း အဓမ္မ ပျောက်ဆုံးနေစေမှုနှင့် ပတ်သက် သည့် အသိပညာပေးရေးနှင့် စည်းရုံးလှုံ့ဆော်ရေးလုပ်ငန်းများ၊ ကျူးလွန်ခံရသူများနှင့် မိသားစုဝင်များအသံကို ထုတ်ဖော်ခြင်းဖြင့် တရားမျှတမှုရှိစေရေး လုပ်ဆောင်ရန် လိုအပ်သည်ဟုလည်း KHRG က ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ဆက်လက်ပြီး ထုတ်ပြန်ချက်တွင် တရားမျှတမှုအတွက် နိုင်ငံတကာနှင့်သက်ဆိုင်ရာ တာဝန်ရှိသူများသို့ အဓမ္မ ပျောက်ဆုံးမှု ပပျောက်စေရေး တိကျ၍ထိရောက်သော လုပ်ဆောင်မှုများလုပ်ရန်၊ ကျူးလွန်သူများအနေဖြင့် တာဝန်ခံမှုရှိစေရေး ဖိအားပေးရန်နှင့် စုံစမ်းစစ်ဆေးရေး ယန္တရားတည် ဆောက်၍ ကြိုတင် ကာကွယ်တားဆီးမှု များလုပ်ရန် စသော အချက်လေးချက်ကိုလည်း KHRG က တိုက်တွန်းထားသည်။

စောနန္ဒဆူးက “တာဝန်ရှိသူတွေအနေနဲ့က သူတို့ရဲ့နယ်မြေထဲမှာ တရားဥပဒေစိုးမိုးမှုရှိအောင် ဆောင်ရွက်ဖို့ လိုမှာ ပါ။ ဒါဆိုရင် အတင်းအဓမ္မ ပျောက်ဆုံးခံရမှုတွေက ဖြစ်စရာ အကြောင်းမရှိပါဘူး။ စစ်ဆေးရေး ယန္တရားဖွဲ့စည်း တဲ့ အခါမှာ နယ်မြေအတွင်းမှာ အခြေစိုက်နေတဲ့အစိုးရ၊ အရှေ့ တောင်ပိုင်းမှာ ဆိုရင် KNU တို့ NUG တို့ရှိမယ်။ သူ တို့ လက်အောက်က လက်နက်ကိုင်တပ်ဖွဲ့တွေ ရှိမယ်။ နိုင်ငံတကာအဆင့် ဘက်လိုက်မှု မရှိတဲ့ ကျွမ်းကျင်သူတွေ လည်း ပါဝင်ရပါမယ်” ဟု ဖြည့်စွက်ပြောဆိုသည်။

ထို့အပြင် ချိုးဖောက်မှုများ၏ အဖြစ်အပျက်ကို စုံစမ်းလေ့လာ၍ တိုင်းရင်းသားဒေသများနှင့် မြန်မာပြည် တောင် ပိုင်းဒေသအပါအဝင် မြန်မာနိုင်ငံအနှံ့သို့ လိုအပ်နေသော အကူအညီများပေးရန်နှင့် ကျူးလွန်သူများအပြင် ၎င်းတို့ ၏ မိသားစုဝင်များအတွက် တရားမျှတမှု၊ ဆက်လက်ရှင်သန်နိုင်ရေး ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုများ လုပ်ဆောင်ပေးရန်လည်း လိုအပ်သည်ဟု KHRG က ထုတ်ပြန်ချက်တွင် ဆက်လက်တိုက်တွန်းထားသည်။

အများအားဖြင့် စစ်ကောင်စီသည် ကေအဲန်ယူထိန်းချုပ်နယ်မြေများသို့ စစ်ကြောင်း ထိုးဝင်ရောက်မှုများ လုပ် ဆောင်ရာတွင် ၎င်းတို့၏လုံခြုံရေးအတွက် စစ်ကြောင်းဝင်ရာလမ်းမှကျေးရွာများရှိ ဒေသခံများအား လူသားဒိုင်း အဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်း၊ မသင်္ကာစရာတွေ့ရှိပါက အတည်ပြု စစ်ဆေးခြင်းမပြုဘဲ သတ်ဖြတ် အလောင်း ဖျောက်ခြင်းတို့ကို လုပ်ဆောင်လျက်ရှိသည်ဟု ကေအဲန်ယူနှင့် ဒေသခံများကလည်း ထုတ်ပြန်ပြောဆိုမှုများ ရှိထားသည်။

October 28, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ရှိ...
October 26, 2024
ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူမြို့ မှတစ်ဆင့် ဝင်လာသည့် ထိုင်းကုန်ပစ္စည်းများကို စစ်ကောင်စီ...
October 25, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ညင်းမော်၊ ကဒတ်ငယ်ထိန်၊ အောက်ရေဖြူ...
October 24, 2024
ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်အတွင်း ကျေးရွာပေါင်း ၇၀ ကျော်ရှိသည့်အနက် ရွာပေါင်း၂၀ ကျော်သာ...