အခွင့်အရေးကို တောင်းယူ၍မရဘဲ တိုက်ယူရမည်သာဖြစ်၍ ပူးပေါင်းပါဝင်ကြရန် ဗိုလ်ချုပ်ကြီး စောဂျော်နီပြော

အခွင့်အရေးကို တောင်းယူ၍မရဘဲ တိုက်ယူရမည်သာဖြစ်၍ ပူးပေါင်းပါဝင်ကြရန် ဗိုလ်ချုပ်ကြီး စောဂျော်နီပြော

ကရင်အမျိုးသားများ၏ အခွင့်အရေး ရပိုင်ခွင့်များကို တောင်းယူရမည်မဟုတ်ဘဲ တိုက်ယူရမည်သာဖြစ်၍ ကရင်လူထုများအားလုံး ပူးပေါင်းပါဝင်ကြရန် (၇၃) နှစ်မြောက် ကရင့်အမျိုးသားအာဇာနည်နေ့ အခမ်းအနား၌ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီက ပြောဆိုသည်။

ကရင်အမျိုးသားများအတွက် အခွင့်အရေးရရှိရန် လက်နက်ကိုင် တိုက်ယူခြင်းနည်း လမ်းတစ်ခုတည်း မဟုတ်ဘဲ နည်းလမ်းပေါင်းစုံဖြင့် တိုက်ယူရမည်ဖြစ်သောကြောင့် ကရင်လူထုအားလုံးအနေဖြင့် ပူးပေါင်းပါဝင်လာကြရန် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီက ယခုကဲ့ တိုက်တွန်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ကိုယ့်ကရင်အခွင့်အရေးကို လက်ဖြန့်ပြီး သွားတောင်းလို့မရဘူး။ တိုက်ယူမှရမယ်။ နည်းလမ်း ပေါင်းစုံနဲ့ကို တိုက်ယူရမယ်။ ဒါကြောင့် ကိုယ့်အင်အားမရှိရင် ကိုယ့်ရန်သူက ကိုယ့်ကို လေးစားမှာ မဟုတ်ဘူး။ တိုင်းပြည် တည်ဆောက်ရေးမှာ ကိုယ့်အသိနဲ့ကိုယ် ပါဝင်လာမှရမယ်။ ဘယ်သူ့မှ ကိုယ့်အခွင့် အရေးအတွက် လာလုပ်ပေး မှာမဟုတ်ဘူး။ ကိုယ့်အခွင့်အရေးအတွက် ကိုယ်ပဲလုပ်ယူရမည်။”

ဩဂုတ်လ ၁၂ ရက်နေ့တွင် ကျရောက်သည့် (၇၃) နှစ်မြောက် ကရင့်အမျိုးသားအာဇာနည်နေ့ အခမ်းအနားတွင် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီက တိုက်တွန်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် တော်လှန်ရေး နှစ်ကြာပြီ ဖြစ်သောကြောင့် အသက်စွန့်ပေးဆပ်သွားခဲ့ကြသည့် အာဇာနည်များ၏ ရည် မှန်းချက်ပန်းတိုင်ကို အမြန်ဆုံးရောက်ရှိရန်မှာ ကျန်ရှိနေသေးသည့် သူများ၏ တစ်ဦးချင်းတွင် ကျရာကဏ္ဍ အလိုက် တာဝန်ရှိ လုပ်ဆောင်သွားရမည် ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ကြီး စောဂျော်နီက ဆက်လက် တိုက်တွန်း ပြောဆိုခဲ့သည်။

အခမ်းအနားသို့ တက်ရောက်လာသူကရင်လူငယ်တစ်ဦးက “ကရင်ခေါင်းဆောင်တွေရဲ့ မျှော်မှန်း ချက်အတိုင်း လုပ်ဆောင်ဖို့ဆိုတာ လူငယ်ကစရမှာပါ၊ ယနေ့လူငယ်၊ နောင်ဝယ်လူကြီးဆိုတဲ့အတိုင်း ကိုယ့်ခေါင်းဆောင်တွေ ချမှတ်ထားတဲ့လမ်းစဥ်အတိုင်း သေချာလိုက်မယ်ဆိုရင်တော့ မျှော်မှန်းချက်ကို ရောက်ကိုရောက်ရှိမှာပါ” ဟု ပြောသည်။

ကေအဲန်ယူ တပ်မဟာ (၇) ထိန်းချုပ်နယ်မြေ ဖားအံခရိုင်အတွင်း ဩဂုတ်လ ၁၂ ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြု လုပ်ခဲ့သော ကရင့်အမျိုးသား အာဇာနည်နေ့ အခမ်းအနားကို KNLA စစ်ဦးစီးချုပ် အပါအဝင် ကေအဲန်ယူ ဒု-ဥက္ကဋ္ဌ ပဒိုစောဆဲဂေ၊ ဖားအံခရိုင်ဥက္ကဋ္ဌ ပဒိုစောအောင်မော်အေး၊ တပ်ပိုင်းဆိုင်ရာ ခေါင်းဆောင်များနှင့် ရဲဘော်များ၊ တာ ဝန်ရှိသူများ၊ ကရင်အမျိုးသမီး၊ အမျိုးသားလူငယ်များ စုစုပေါင်း ပရိသတ် တစ်ထောင်ဝန်းကျင် တက်ရောက်ခဲ့ ကြသည်။

အခမ်းအနားတွင် စစ်ရေးပြတပ်ဖွဲ့မှ စစ်ရေးပြခြင်း၊ အသက်ပေးသွားသော အာဇာနည် ခေါင်းဆောင်များနှင့် တကွ ရဲဘော်များသို့ ပန်းခွေချအလေးပြုငြိမ်သက်ခြင်း၊ ဝမ်းနည်းခြင်းအထိမ်းအမှတ်ဖြင့် ကရင့် အမျိုးသား အလံတော် တစ်ဝက်ဆွဲချစိုက်ထူခြင်း၊ အာဇာနည်များ၏မိသားစုဝင်များအား ဂုဏ်ပြု လက်ဆောင်ပေးအပ်ခြင်း များ ပြုလုပ်ခဲ့ကြသည်။

ထို့အပြင် KNU ဥက္ကဋ္ဌမှ ပေးပို့လာသော မိန့်ခွန်းကို ဖတ်ကြား၍ တက်ရောက်လာသော ခေါင်းဆောင်များက မိန့် ခွန်းနှင့် တိုက်တွန်းချက်များ ပြောကြားပြီးနောက် စစ်ရေးပြတပ်ဖွဲ့မှ ပြန်လည်ထွက်ခွာခြင်းဖြင့် အခမ်းအနားကို ပိတ်သိမ်းခဲ့သည်။

Most read this week

November 27, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကျောက်ခက်ကျေးရွာနှင့် မယ်ထော်သလေးကျေးရွာအတွင်းရှိ တရုတ်ငွေလိမ်...
November 26, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်အတွင်းရှိ ကရင့်တပ်ဖွဲ့များက အုပ်ချုပ်နေသည့်...
KHRG ပြောခွင့်ရ စောနန္ဒဆူး
November 25, 2024
“အရေးယူဆောင်ရွက်မှု မလုပ်သရွေ့တော့ အရပ်သားပြည်သူတွေအတွက် တရားမျှတမှု ဘယ်တော့မှရမှာမဟုတ်သလို၊...
November 22, 2024
အမေရိကန်သမ္မတ ရွေးကောက်ပွဲရလဒ်ကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များ...