စစ်တပ်၏ မတရားအာဏာသိမ်းမှုကြောင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်-NCA ပျက် ပြယ် သွားပြီဟု ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သူ ပဒိုစောတာဒိုမူးက ပြောဆိုလိုက်သည်။
ဩဂုတ်လ (၁၀) ရက်နေ့တွင် ပြုလုပ်သည့် (၁၇) ကြိမ်မြောက် အစည်းအရုံး ကွန်ဂရက်အပြီး ပထမဦးဆုံး ရက် (၁၀၀)အတွင်း လုပ်ဆောင်ခဲ့မှုဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။
ပဒိုစောတာဒိုမူးက “NCA နဲ့ပတ်သက်လို့ ကျနော်တို့ လိုက်နာစရာအကြောင်းမရှိတော့ပါဘူး။ ဘာကြောင့်လဲ ဆို တော့ NCA ရဲ့ နှလုံးသားဖြစ်တဲ့ အခန်း (၁)အခြေခံမူကို နင်းချေဖျက်ဆီးလိုက်တာက စစ်တပ်ဖြစ်ပါတယ်။ အဲဒီ အတွက်ကြောင့် NCA ရဲ့ အခန်း(၁)ဟာ NCA တစ်ခုလုံးရဲ့ နှလုံးသားဖြစ်ပါတယ်။ အဲ့ဒါကို ဖျက်ဆီးလိုက်တဲ့ အတွက် NCA ဟာ မရှိတော့ပါဘူး။ အဲ့ဒီအတွက်ကြောင့် ဒီ NCA ကို အသုံးပြုပြီးတော့ ကျနော်တို့ကို နိုင်ငံတကာ လှည့်စားခြင်း သော်လည်းကောင်း၊ ပြည်သူလူထုကို လှည့်စားခြင်းသော်လည်းကောင်းလုပ်တဲ့ကိစ္စက ကျနော်တို့ နဲ့ ဘာမှမဆိုင်ဘူးဆိုတာလေးကို ပြောကြားချင်ပါတယ်” ဟု ပြောသည်။
ကေအဲန်ယူ၏ နိုင်ငံရေး ရည်မှန်းချက်ဖြစ်သည့် ကရင်တစ်မျိုးသားလုံးအတွက် တရားမျှတရေး၊ တန်းတူရေး၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးရေးနှင့် တစ်နိုင်ငံလုံး ဖက်ဒရယ် ဒီမိုကရေစီစနစ် ပေါ်ထွန်းရေးကို ဆက်လက် ဆုပ်ကိုင် ထားပြီး စစ်အာဏာသိမ်းယူမှုကို ဖယ်ရှားပြီးနောက်တွင် ကေအဲန်ယူအနေဖြင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် ဖက် ဒရယ် ဒီမိုကရေစီ စနစ်ကျင့်သုံးသည့် ကော်သူးလေ ဖက်ဒရယ်ယူနစ်တစ်ခုကို ပီပီပြင်ပြင် ပေါ်ထွန်းအောင် ကြိုး စားပြီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ပဒိုစောတာဒိုမူးက ဆက်ပြောသည်။
ဒီမိုကရေစီ ထူထောင်နိုင်ရန် အတွက် စစ်တပ်မှ နိုင်ငံရေးတွင် မပါဝင်သင့်သလို ကေအဲန်ယူ ချမှတ်ထားသည့် နိုင်ငံရေး ရည်မှန်းချက် (၄) ရပ်ထဲတွင် မြန်မာ့နိုင်ငံရေးတွင် လုံးဝပါဝင်ခွင့်မရှိသည့် စစ်တပ်ကို တည်ဆောက်ရန်၊ ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ရေးဆွဲရန်၊ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု အကောင်အထည်ဖော်ရန် လိုသလို နိုင်ငံသစ် ထူထောင်ရေး အဆင့်တိုင်းတွင် နိုင်ငံတကာပါဝင်သည့် အခန်းကဏ္ဍ ကို သဘောတူ ပါဝင်စေရန်ဖြစ်သည်ဟု သတင်းစာရှင်းလင်းပွဲတွင် ကေအဲန်ယူက ပြောဆိုသည်။
အွန်လိုင်းအစီအစဉ်ဖြင့် ပြုလုပ်သည့် ဩဂုတ်လ ၁၀ ရက်နေ့ ကေအဲန်ယူ သတင်းစာရှင်းလင်းပွဲတွင် ၁၇ ကြိမ် မြောက် ကွန်ဂရက်အပြီး ရက် ၁၀၀ ပြည့် လုပ်ဆောင်ခဲ့သည့် လုပ်ဆောင်ချက်များ၊ အနာဂတ် သက်တမ်း (၄) နှစ် အတွင်း လုပ်ဆောင်မည့် ဦးစားပေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်း ချပြသွားခဲ့ခြင်း ဖြစ်သည်။
ရှင်းလင်းပွဲတွင် (၁၇) ကြိမ်မြောက် ကွန်ဂရက်ဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာ ရပ်တည်ချက်နှင့် ရှေ့ဆက် လုပ်ငန်းစဉ် ဆိုင်ရာ၊ အုပ်ချုပ်ရေး၊ စစ်ရေး၊ အဖွဲ့အစည်းအတွင်း ပြုပြင်ပြောင်းလဲမှုများ၊ အမျိုးသမီး ခေါင်းဆောင်မှု အခန်း ကဏ္ဍ တည်ဆောက်ရေး၊ ပြည်သူ့ရေးရာဝန်ဆောင်မှုကဏ္ဍ၊ ပညာရေးဆိုင်ရာ၊ မဟာမိတ်နှင့် နိုင်ငံတကာ ဆက်ဆံ ရေးဆိုင်ရာ၊ လူသားချင်းစာနာမှုဆိုင်ရာ စသည့်အကြောင်းအရာများကို ရှင်းလင်းခဲ့သည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ကေအဲန်ယူ၏ စစ်ရေးအခြေအနေသည် ကေအဲန်ယူ နယ်မြေဒေသ မြောက် ဘက်ရှိ စစ်တောင်းမြစ် အနောက်ဘက်ကမ်း၊ တောင်ဘက်ခြမ်းရှိ ရေး-ထားဝယ် ကားလမ်းအပြင် သထုံ-ဘီး လင်း-ကျိုက်ထို အမြန်ကားလမ်းမများအထိ စစ်ဆင်ရေး လုပ်ဆောင်နိုင်ခဲ့သလို နယ်မြေများ ပိုမိုထိန်းချုပ်နိုင်ပြီး စစ်ကောင်စီ တပ်စခန်း အများအပြားကိုလည်း သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မ တော် - KNLA ဗဟို စစ်ဦးစီး ပထမတန်း ဗိုလ်မှူးချုပ် စောတာမလာသော က သတင်းစာရှင်းလင်းပွဲတွင် ထည့် သွင်းပြောကြားခဲ့သည်။
၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် ဦးသိန်းစိန်ဦးဆောင်သည့် မြန်မာအစိုးရနှင့် တိုင်းရင်းသား လက် နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတို့ကြား စတင်ချုပ်ဆိုခဲ့သည့် NCA အပစ်ရပ်စာချုပ်တွင် ကေအဲန်ယူ-ကရင် အမျိုးသား အစည်းအရုံး အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ၁၀ ဖွဲ့က လက် မှတ် ရေးထိုးထားခြင်း ဖြစ်သည်။