မြန်မာ-ထိုင်းနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ယခုရက်ပိုင်း သောင်ရင်းမြစ်ရေတိုးခြင်းနှင့် မြို့တွင်း မြောင်းရေလျှံနေသောကြောင့် မြေနိမ့်ပိုင်းရပ်ကွက်ရှိ ဒေသခံ ၃,၀၀၀ ကျော် ရေဘေးရှောင် ယာယီစခန်းများတွင် ခိုလှုံနေထိုင်နေရသည်ဟု အရပ်ဖက် အကူအညီပေးနေသူများက ပြောသည်။
ဇူလိုင်လ ၃၁ ရက်နေ့က စတင်၍ ယနေ့အချိန်ထိ ရွာသွန်းနေသည့် ရက်ရှည်မိုးကြောင့် သောင်ရင်းမြစ်ရေ တိုး လာခြင်း၊ မြဝတီမြို့အထွက် တောင်ကုန်းများမှ တောင်ကျရေ စီးဝင်ခြင်း၊ မြို့တွင်း ရေမြောင်းများ ရေလျှံခြင်းတို့ ကြောင့် မြို့ပေါ်ရပ်ကွက်များ၊ လမ်းမကြီးများအပြင် အာရှလမ်းမကြီးနှင့် မြစန္ဒီကားဝင်းအထိ ရေလွှမ်းမှု ဆက် လက် ဖြစ်ပေါ်နေကြောင်း မြဝတီမြို့ခံ တစ်ဦးက ပြောသည်။
မြဝတီအမှတ် ၁ ရပ်ကွက် သောင်ရင်းမြစ်ဘေးနေထိုင်သူတစ်ဦးက “ရေကြီးနေတာ ၄ ရက်လောက်ရှိလာပြီ အခု ရပ်ကွက် အနိမ့်ပိုင်းတွေ အကုန်နေမရတော့ဘူး။ ရေဘေး စခန်းတွေ တက်နေနေရပြီ။ ပြီးခဲ့တဲ့ ၄ ရက်နေ့က စာ ရင်းအရဆို ၁၅၀၀ လောက်ရှိတယ်။ အခုဒီနေ့ဆိုရင် ၃၀၀၀ ဝန်းကျင်ရှိ လာပြီ၊ ကလေးတွေ၊ လူကြီးတွေဖျားကြ တယ်။ စားစရာကတော့ စုချက်စားတာလည်း ရှိတယ်။ သူများ လာဝေ ပေးတာ စားကြတာလည်း ရှိတယ်။ မိုးက တော့ ဆက်ရွာနေသလို လမ်းတွေ၊ အိမ်တွေလည်း ရေတိုးလို့ မြှုပ် နေ ပြီ”ဟု ပြောသည်။
လက်ရှိတွင် အမှတ် ၅၊ ၄၊ ၂ ရပ်ကွက်များအတွင်းရှိ ဓမ္မာရုံများ၊ ဘုန်းတော်ကြီး ကျောင်းများ၊ စာသင်ကျောင်း ဆောင်များတွင် ယာယီရေဘေးရှောင်စခန်း ၆ နေရာ ဖွင့်လှစ်ထားပြီး မြဝတီမြို့ စစ်ကောင်စီ အုပ်ချုပ်ရေးပိုင်းနှင့် မြို့ခံပရဟိတအဖွဲ့များ၊ တစ်ပိုင်တစ်နိုင် အလှူရှင်များမှ ကူညီပေးနေသော်လည်း ကျန်းမာရေးစောင့်ရှောက်မှုနှင့် နေရာထိုင်ခင်း မလုံလောက်မှုများ ကြုံတွေ့နေရသည်ဟု ရေဘေးရှောင်သူများက ပြောသည်။
ကြခတ်တော ဘုန်းကြီးကျောင်းတွင် ရောက်နေသည့် ရေဘေးရှောင်နေသူတစ်ဦးက “ရေဘေးတွေကိုတော့ ထွေ အုပ်ဘက်က ရိက္ခာချပေးတာရှိတယ်။ အလှူရှင်တွေ ထမင်းဗူးတွေပေးတာ ရှိတယ်။ အိမ်ထောင်စုစာရင်း ကောက်တာရှိတယ်။ ရေဘေးရှောင် စာရင်းအတိအကျတော့ မရသေးဘူး။ မိုးရွာကြီးထဲ ဟိုပြောင်း ဒီပြောင်း နေ နေကြရတယ်၊ နေရာမလုံလောက်တာ၊ အခင်းတွေ မရှိတာ၊ ကလေးတွေဖျားနေတာတွေ ရှိတယ်” ဟု ပြောသည်။
ယနေ့ ဩဂုတ်လ ၇ ရက်နေ့ အထိ ကရင်ပြည်နယ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းနေဆဲ ဖြစ်သောကြောင့် သောင်ရင်းမြစ်၊ သံလွင်မြစ်၊ ဂျိုင်းမြစ်၊ ဟောင်သရောမြစ်၊ လှိုင်းဘွဲချောင်းများ တောင်ကျရေတိုးဝင်လာမှု မြင့်တက်နေသည်။
ထိုသို့ တောင်ကျရေ တိုးဝင်လာမှုများကြောင့် မြဝတီ၊ ဝေါလေ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ကျုံဒိုး၊ လှိုင်းဘွဲ၊ ဖားအံနှင့် ရွှေဂွန်း၊ ကမမောင်း၊ မြိုင်ကြီးငူဒေသဘက်အထိ ရေကြီးရေလျှံမှုများ၊ ရေလွှမ်းမိုးမှုများ မြင့်တက်လာနေခြင်း ဖြစ်သည်။
ထို့အပြင် ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ် တစ်လျှောက်ရှိ၊ မဲဆောက်မြို့၊ မဲ့ရမတ်၊ ဖုတ်ဖရ မြို့နယ်များနှင့် ထိစပ်နေသည့် ထိုင်းနိုင်ငံဘက်အခြမ်းက လူနေကျေးရွာနှင့် ရပ်ကွက်များ၌လည်း ရေကြီးမှု ရေလွှမ်းမှုများ ရှိနေ သည်ဟု သောင်ရင်းမြစ်ဘေးတွင် နေထိုင်ကြသည့် ရေဘေးရှောင်နေရသူများက ပြောသည်။