၂နှစ်အောက် စစ်ရှောင်ကလေးငယ်တွေ ကာကွယ်ဆေးထိုးခွင့် နောက်ကျခြင်းကြောင့် မိဘများ စိုးရိမ်နေ

၂နှစ်အောက် စစ်ရှောင်ကလေးငယ်တွေ ကာကွယ်ဆေးထိုးခွင့် နောက်ကျခြင်းကြောင့် မိဘများ စိုးရိမ်နေ

စစ်တပ်က အာဏာသိမ်းပြီးနောက် ဒေသတွင်း တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ကယား (ကရင်နီ) ပြည်မှာ ကလေးငယ်တွေကို ကာကွယ်ဆေးထိုးပေးဖို့ အခက်အခဲတွေ ရှိနေကြပါတယ်။

မြို့ပြနဲ့ အလှမ်းဝေးတဲ့ အရပ်ဒေသမှာ စစ်ဘေးရှောင်နေရတဲ့ ကလေးငယ်အများစုဟာ ကာကွယ်ဆေးထိုးဖို့ နောက်ကျနေကြတာကြောင့် မိဘတွေက ကလေးငယ်တွေအတွက် စိုးရိမ်မှုတွေ ရှိနေကြပါတယ်။

စစ်ရှောင်စခန်းမှာနေထိုင်တဲ့ မိခင်တစ်ဦးက “ကာကွယ်ဆေး ပထမတစ်ခေါက်ကကျတော့ ကလေး ၆ လပြည့်မှ ထိုးပေးရတယ်ပေါ့နော်။ အဲ့ချိန်မှ သွားနိုင် တယ်။ အဲ့ချိန်မှ ပိုက်ဆံရှိတယ်။ အဲ့အချိန်မှလည်း ကားကြုံလည်းရှိ တော့ သွားနိုင်တော့ တော်တော်တော့ နောက် ကျနေပြီပေါ့နော်။ အဲ့ခါကျတော့ ထိုးပြီးတော့ တစ်ပတ်နှစ်ပတ် လောက်လား မသိဘူး ကလေးက အပြင်းဖျား တယ်။ အပြင်းဖျားပြီးတော့မှ တစ်ခါထဲကို တန်းတက်သွားတယ် ပေါ့နော။ တက်သွားတော့ဆေးရုံဆေးခန်းပဲ မြန်မြန်ပြေးသွားရတာပေါ့။ အဲ့ခါကျတော့ ပြန်စဥ်းစားကြည့်တာ ပေါ့ နော။ အဲ့လိုမျိုး ကာကွယ်ဆေးတွေ ဘာတွေ များ မထိုးမိလို့ အချိန်မီ မထိုးပေးနိုင်လို့များ အဲ့လိုမျိုး အဖျားကြီး သွားတာလားလို့ ပေါ့နော်။ တခါတလေဆို အဲ့ လိုမျိုး ပြန်ပြီးစဥ်းစားမိတယ်” လို့ ပြောပါတယ်။

ပုံမှန်အားဖြင့် မွေးကင်းစအရွယ်ကလေး သို့မဟုတ် အသက် ၁ လခွဲ - ၂လ အရွယ်ကစပြီး တစ်နှစ်ကျော်အထိ ကာကွယ်ဆေး ၅ ကြိမ်ထိုးပေးရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆရာ၀န်တစ်ဦးက ဆိုပါတယ်။

“၁လခွဲ အစောဆုံးပေါ့နော်။ ဒါမှမဟုတ် ၂လလည်း ရတယ်ပေါ့နော်။ ဒီကဒ်ပြားမှာတော့ ၂လ၊ ၄လ၊ ၆လ ပြီးရင် ၉လ၊ ၁ နှစ်ခွဲပေါ့ အနည်းဆုံးတော့ ၅ကြိမ် လောက်ရှိမှာပေါ့နော်” လို့ အဆိုပါဆရာဝန်က ပြောပါတယ်။

အမျိုးသမီး ကလေးငယ်တွေကတော့ အသက် ၉ နှစ်မှာတစ်ကြိမ်၊ အသက် ၁၀ နှစ်အရွယ်မှာ တစ်ကြိမ် သားအိမ် ခေါင်း ကင်ဆာကာကွယ်ဆေး ၂ ကြိမ် ထိုးပေးရတယ်လို့ ဆရာ၀န်က ဆက်ပြောပါတယ်။

လက်ရှိအနေအထားအရ ကရင်နီပြည်က စစ်ဘေးရှောင်တွေကတော့ ကလေးငယ်တွေကို ကာကွယ်ဆေးထိုးပေး လို့ ရနိုင်တဲ့ လွိုင်ကော်မြို့ကို သွားလာဖို့အတွက် လမ်းခရီးဝေးတာတွေအပြင် ကားခနဲ့ တခြားကုန်ကျစရိတ်တွေ အတွက်လည်း ငွေကြေးမတတ်နိုင်ကြတဲ့အပြင် လမ်းခရီးတလျှောက် လုံခြုံရေးလည်း စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

“သွားရ လာရတာ ဝေးတော့ ကားငှားရတာနဲ့ဆိုတော့ ပိုက်ဆံက ကုန်တယ်လေး။ ပိုက်ဆံကုန်တော့ ကိုယ်က လည်း စစ်ဘေးရှောင်ပဲ ဆိုတော့ ပိုက်ဆံက မရှိတာများတယ်ပေါ့နော။ အဲ့ခါကျတော့ တစ်ခါတစ်ခါ သွားဖို့ဆို လို့ရှိရင် ပိုက်ဆံက နှစ်လတစ်ခါ အဲ့လိုမျိုး တစ်လ နှစ်လလောက် ကြိုစုပြီးမှ သွားရတယ်။ အဲ့မျိုးပေါ့နော်။ ကား ငှားဖို့ ကားခလည်း နည်းနည်းတော့ စျေးကြီးတယ်ပေါ့နော်” လို့ မိခင်တစ်ဦးဖြစ်တဲ့ ဒေါ်မနွဲ့က ပြောပါတယ်။

တောတောင်ထဲ စစ်ရှောင်နေရတဲ့ ကရင်နီစစ်ရှောင်တွေဟာ ဆေးရုံဆေးခန်းရှိတဲ့ မြို့ပြနဲ့ အလှမ်းဝေးနေကြတာ ကြောင့် မိမိတို့ ကလေးငယ်တွေကို ကာကွယ်ဆေးထိုးဖို့ အခက်တွေ့နေရတယ်လို့ ဒေါ်မနွဲ့ က ဆက်ပြောပါတယ်။

“ပိုက်ဆံတွေဘာတွေစုတယ်။ နောက် တစ်ခါတလေဆိုလို့ရှိရင်လည်း အဲ့မျိုး ကားမရှိတာနဲ့ တိုးတာများတယ် ပေါ့ နော။ ပိုက်ဆံရှိတဲ့ချိန်ကျတော့လည်း ကားမရှိပြန်ဘူး။ နောက်ကားရှိတယ် လူကြုံရှိတယ် ပြောတဲ့ခါကျတော့ လည်း ပိုက်ဆံက မရှိတဲ့ချိန်နဲ့ တိုးပြန်ရော။ အဲ့မျိုးကျတော့ မထိုးဖြစ်တာများတာ။ များသွားတယ်ပေါ့နော။ ပြီးတော့ကလေးကလည်း နောက်ကျသွားတယ်ပေါ့” လို့ ဒေါ်မနွဲ့က ပြောပါတယ်။

ဆေးပညာပိုင်းဆိုင်ရာအရ ကလေးတွေကို ငယ်စဉ်ကတည်းက ကာကွယ်ဆေးတွေထိုးပေးဖို့ လိုအပ်နေပြီး အချိန်မီ ကာကွယ်ဆေးမထိုး နိုင်ရင်တောင် နောက်ကျမှ ကာကွယ်ဆေးထိုးနှံတာကလည်း ရောဂါဖြစ်လာနိုင်တဲ့ ရာခိုင်နှုန်းပိုနည်းတယ်လို့ ဆရာဝန်တစ်ဦးက ပြောပါတယ်။

အဆိုပါဆရာဝန်က “နောက်ကျတယ်ဆိုရင်တော့ ကျနော်တို့ကတော့ ဒီသူ့ရဲ့ပုံမှန်အသက်အရွယ်မှာ ရသင့်တဲ့ ကလေး ဓာတ်ပိုင်း သူ့မှာဖြစ်နိုင်ချေ ရာခိုင်နှုန်းကတော့ အတိုင်းအတာတစ်ခုထိတော့ ရှိတယ်။ ဒါပေမဲ့ ထိုးလိုက် ခြင်း အားဖြင့်တော့ နောက်ကျပြီဆိုပေမဲ့လည်း ဒီလက်ရှိ သူ့ရဲ့ အတိုင်းအတာတစ်ခုမှာ သူ့ရဲ့ ဒီရောဂါကို ခံနိုင် ရည်ရှိတဲ့ ခံနိုင်စွမ်း၊ ရောဂါခံနိုင်စွမ်း သူ့ရဲ့ကိုယ်ခံအားမှာ ၀င်လာရင် သူ့ရဲ့ဒီကျန်တဲ့ အသက်အရွယ်ပိုင်းမှာ ဒီဟာ ရောဂါ ဖြစ်နိုင်ချေ ရာနှုန်းတွေ နည်းသွားတာကျတော့ လုံးလုံး မထိုးတာထက်စာရင်တော့ နောက်ကျပြီးထိုးလည်း ကျနော်တို့က ရာခိုင်နှုန်းကတော့ သူ့ရဲ့အတိုင်းအတာ တစ်ခုထိတော့ ထိရောက်မှုပိုရှိတယ်ပေါ့။ လုံးလုံး မထိုးတဲ့ ကလေးထက်စာရင်တော့” လို့ ပြောပါတယ်။

လက်ရှိမှာတော့ ကာကွယ်ဆေးကို လွိုင်ကော်မြို့ပေါ်မှာ သွားရောက်ထိုး ကြရတာဖြစ်ပြီး နေ့စဉ်နီးပါး တိုက်ပွဲ တွေ ဖြစ်ပွားနေတဲ့အပြင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာကြောင့် လွိုင်ကော်မြို့ကို သွားရောက်နိုင်ဖို့ကလည်း ခက်ခဲနေကြတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

December 20, 2024
ကရင်နီပြည်ရှိ အကြမ်းမဖက် အာဏာဖီဆန်ရေးလုပ်ရှားမှုမှာ ပါဝင်ကြတဲ့ CDM ဝန်ထမ်းတွေကို...
December 17, 2024
ကရင်နီပြည်ရဲ့ မြို့တော် လွိုင်ကော်မှာ ညဖက် အသွားအလာလုပ်ပါက စစ်ကောင်စီက ဖမ်းဆီးမှုတွေ...
December 16, 2024
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက...