ရခိုင်ယူနိုက်တက် ဘောလုံးအသင်း အိမ်ကွင်းအား ငွေကျပ် ၅ ဘီလီယံ ကုန်ကျခံပြုပြင်မည်

ရခိုင်ယူနိုက်တက် ဘောလုံးအသင်း အိမ်ကွင်းအား ငွေကျပ် ၅ ဘီလီယံ ကုန်ကျခံပြုပြင်မည်

မိုခါမုန်တိုင်းကြောင့် အားလုံးပျက်စီးခဲ့ရသည့် ရခိုင်ယူနိုက်တက်ဘောလုံးအသင်း (RUFC )၏ အိမ်ကွင်းဖြစ်သော  စစ်တွေမြို့ရှိ ဝေသာလီအားကစားကွင်းကို ငွေကျပ် ၅ ဘီလီယံ ကုန်ကျခံကာ ပြန်လည်ပြုပြင်သွားမည်ဟု အသင်းတာဝန်ရှိသူက ပြောသည်။

ရခိုင်ယူနိုက်တက်၏ မိခင်ကုမ္ပဏီဖြစ်သည့် ရက္ခပူရ ဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူကာ ပြန်လည် ပြုပြင် သွားနိုင်ရန် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ထံသို့ တင်ပြထားကြောင်း RUFC အသင်း ဥက္ကဋ္ဌ ဦးလှကျော်ဝင်းက ပြောသည်။

“မိုခါ မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုတွေကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ကနေတဆင့် နိုင်ငံတော်အထိ တင်ပြ ဖို့အတွက် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဆီကို မေ ၂၂ ရက်နေ့က အကြောင်းကြားထားတယ်။ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ အဆင်ပြေ ချောမွေ့နိုင်ရန်အတွက် လမ်းညွှန်မှုများပေးနိုင်ပါရန် ဆိုပြီး တင်ပြထားတာပါ။ ဒီတခေါက် နိုင်ငံတော်အကြီးအကဲ (ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်) လာရောက်တဲ့အခါ ကွင်းနဲ့ပတ်သက်ပြီး ပြန် လည် ပြုပြင်မွမ်းမံဖို့ ပြောခဲ့တာလည်းရှိတယ်” ဟု ဦးလှကျော်ဝင်းက DMG ကို ပြောသည်။

ရခိုင် ယူနိုက်တက်အသင်းသည် ဝေသာလီကွင်းတွင် အိမ်ကွင်းအဖြစ် အိမ်ကွင်းအဖြစ် လက်ခံကျင်းပနိုင်ရန် အတွက် ပြီးခဲ့သည် ၂၀၁၁ ခုနှစ်က နှစ်ပေါင်း ၃၀ စာချုပ်ဖြင့် အားကစားဝန်ကြီးဌာနမှ ငှားရမ်းထားခြင်း ဖြစ် သည်။

ယခုပြုပြင်မည့် အားကစားကွင်းအသစ်တွင် ဘောလုံးအကယ်ဒမီ၊ လေ့ကျင်းရေးကွင်း ၂ ကွင်း၊ စာသင်ကျောင်း၊ ဆေးရုံ၊ ပင်မ ဝေသာလီ အားကစားကွင်းကြီး၊ ရေကူးကန်တို့ ပါရှိမည်ဖြစ်ကာ ပရိတ်သတ် ၁၁,၅၀၀ ဦး ဝင်ဆံ့ မည် ဖြစ်သည်။

ရခိုင်ယူနိုက်တက်အနေဖြင့် ထိုကွင်းကို ပြန်လည်ပြုပြင်ပြီးစီးလျှင် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်များအား လက်ခံ ကျင်းပပြီး ရလဒ်ကောင်းများ ပေါ်ထွက်ရန် ရည်ရွယ်ကြောင်း အသင်းဥက္ကဋ္ဌက ပြောသည်။

“ကျနော် ဘောလုံးအသင်းကို ပြန်ပြီးကိုင်တွယ်တာ တစ်နှစ်လောက်ပဲ ရှိပါသေးတယ်။ လာမယ့်နှစ်အတွက် ကျနော်အများကြီး မျှော်လင့်ထာထားတယ်။ ပရိတ်သတ်တွေကို ပြောချင်တာကတော့ အိမ်ကွင်းမှာ အတတ်နိုင် ဆုံး ကစားနိုင်အောင်လုပ်မယ်။ ရခိုင်မှာ ဒေသဖွံ့ဖြိုးရေးအတွက် ကြိုးစားနေချိန်မှာ Sport Complex တစ်ခု ဖြစ်ဖို့ ကြိုးစားနေပါတယ်” ဟု ဦးလှကျော်ဝင်းက ပြောသည်။

စစ်တွေမြို့တွင် မြန်မာနေရှင်နယ်လိဂ်(MNL) ပွဲစဉ်များ လက်ခံကျင်းပနိုင်ပါက အသင်းရလဒ်ပိုင်း ကောင်းမွန်လာ နိုင်ပြီး ဒေသတွင်း လူငယ်များအတွက်လည်း အားကစားနှင့်ပတ်သက်ပြီး အခွင့်အလမ်းများ ရလာနိုင်ကြောင်း ရခိုင်ဒေသခံ ဘောလုံးဝါသနာရှင်များက ပြောဆိုကြသည်။

စစ်တွေမြို့ခံ ဘောလုံးဝါသနာရှင် မစုပိုပိုချစ်က “ဝေသာလီကွင်းက မိုခါနဲ့ ပျက်စီးသွားတာ တွေ့ရပါတယ်။ အဲ့ဒါ ကို ပြန်ပြီး ပြုပြင်တည်ဆောက်မယ်ဆိုတော့ ဘောလုံးကို ဝါသနာပါတဲ့ လူငယ်တွေ အများအပြားရှိတဲ့အတွက် ကောင်းပါတယ်။ ရခိုင်လူမျိုးတစ်ယောက်အနေနဲ့ ပွဲစဉ်တွေကို ကိုယ့်ဒေသမှာ ကျင်းပတာကို မြင်ချင်ပါတယ်” ဟု ပြောသည်။

ရခိုင်ယူနိုက်တက်သည် စစ်တွေမြို့၊ ဝေသာလီအားကစားကွင်းတွင် ၂၀၁၆ ခုနှစ်က စပြီး အိမ်ကွင်းအဖြစ် လက်ခံ ကျင်းပခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် ကိုဗစ်ကြောင့် ဘောလုံးပွဲစဉ်များ ရပ်နားထားခဲ့ပြီး စစ်တပ် အာဏာသိမ်းပြီး နောက် ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် ဘောလုံးပွဲစဉ်များ ပြန်လည်ကျင်းပသည့်အခါ ရန်ကုန်ယူနိုက်တက်ကွင်းနှင့် သုဝဏ္ဏကွင်းတို့တွင် ကစားနေကြခြင်း ဖြစ်သည်။

ရန်ကုန်ရောက် ဘောလုံးဝါသနာရှင် ကိုပြည့်စိုးပိုင်က “ဘောလုံးကစားတဲ့အခါ ပရိတ်သတ်တွေရဲ့ အားပေးမှုက လည်း အရေးကြီးပါတယ်။ တကယ်လို့ ကိုယ့် အိမ် ကွင်း၊ ကိုယ့်ပရိတ်သတ် ရှေ့မှောက်မှာ ကန်ရမယ်ဆိုရင်တော့ ကစားသမားတွေအတွက် စိတ်ခံစားချက်ကအစ ကွာခြားနိုင်တယ်။ လက်ရှိအနေအထားထက်လည်း ရလဒ်တွေ အနည်းနဲ့အများ ကောင်းလာနိုင်တယ်။ အခု ရခိုင်ယူနိုက်တက်အသင်းက ရန်ကုန်မှာ ကန်နေရတဲ့အခါ ရခိုင် ပရိတ်သတ်တွေကလည်း အားပေးမှုနဲ့ ပံ့ပိုးပေးမှု မလုပ်နိုင်ကြဘူး” ဟု ပြောသည်။

လက်ရှိ ရခိုင်အသင်း ပွဲစဉ်များအား ရခိုင်ပြည်တွင်း ပရိတ်သတ်များက သွားရောက်အားပေးရန် အခက်အတွေ့ နေပြီး ရန်ကုန်ရောက် ရခိုင်များကပင် လာရောက်အားပေးမှုမှာ နည်းပါးနေသည်ဟု ဆိုသည်။

ရခိုင်ယူနိုက်တက် ဘောလုံးအသင်းကို ၂၀၀၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အပျော်တန်းလိဂ်၌ ပထမဆုံး ပါဝင်ယှဉ်ပြိုင်ရာ ထိုနှစ်မှာပင် မြန်မာနေရှင်နယ်လိဂ် (၁) သို့ တန်းတက်ခွင့်ရခဲ့သည်။

လက်ရှိတွင် ရခိုင်ယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ် (၁)၊ ရက္ခပူရ ဘောလုံးအသင်းက လိဂ် (၂) နှင့် ရခိုင်ယူနိုက်တက် ဘောလုံးအသင်း U - 15 တို့မှာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ကျင်းပသောပြိုင်ပွဲများတွင် ဝင်ရောက်ကစားနေပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ကလည်း အသိမှတ်ပြုထားသည်။

ပုံစာ - မုန်တိုင်းကြောင့် ပျက်စီးသွားသည့် ရခိုင်ယူနိုက်တက်ဘောလုံးအသင်း အိမ်ကွင်း(ဝေသာလီကွင်း)အား တွေ့ရစဉ်။

Most read this week

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက စစ်ကောင်စီတပ်သားများ မီးရှို့သွားသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ရဲရိုးပြင်ရွာမှ ပျက်စီးနေသည့် နေအိမ်အချို့။
November 1, 2024
တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည်၊ အမ်းမြို့နယ်မှ ပြောင်းချောင်းနှင့် ချင်းကုန်းကျေးရွာကို...
October 31, 2024
ရခိုင်ပြည်၊ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ဒု-တိုင်းမှူး ဗိုလ်မှူးချုပ်...
October 31, 2024
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ မောင်းကျေးရွာနှင့် မီးချောင်းထိုးကျေးရွာကို ယမန်နေ့ အောက်တိုဘာ ၃၀...
October 30, 2024
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တည်ရှိရာ ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ စစ်ကောင်စီ၏...