ရွှေဘိုနန်းတော်ဝင်း အတွင်းရှိ စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံး ၂ ဦး ဒဏ်ရာပြင်းထန်ဟုဆို

ရွှေဘိုနန်းတော်ဝင်း အတွင်းရှိ စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံး ၂ ဦး ဒဏ်ရာပြင်းထန်ဟုဆို

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ နန်းတော်ဝင်းအတွင်းသို့ ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက လက်နက်ကြီး ဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်တွင် လေးဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာ အပြင်းအထန်ရရှိသွား ကြောင်း Flying Dragon Force တပ်ဖွဲ့ တာ၀န်ရှိသူက မဇ္စျိမကိုပြောသည်။

ရွှေဘိုမြို့၊ နန်းတော်ဝင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ယမန်နေ့  ဇူလိုင်လ ၁၆ ရက်နံနက် ၇ နာရီ ခန့်တွင် ကာကွယ်ရေး ပူးပေါင်း မဟာမိတ်တပ်ဖွဲ့များက ၄၀ မမ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဟုဆိုသည်။

ရွှေဘိုမြို့ထဲသို့ ကင်းလှည့်ပြီးပြန်လာ‌သော စစ်ကောင်စီ စစ်ကြောင်းသည် နန်းတော်ဝင်းအတွင်း ၀င်လာချိန်တွင် တိုက်ခိုက်ခဲ့ခြင်းဟု Flying Dragon Force  တပ်ဖွဲ့တာ၀န်ရှိသူက ပြောသည်။

“လေးယောက်သေတယ်။ နှစ်ယောက်က ဒဏ်ရာအပြင်းအထန်ရတယ်။ သေဆုံးသွားသူတွေကို ရွှေဘို အုပ်ရှစ် ကန် သုဿန်မှာ သဂြိုလ်တယ်ဆိုပြီး သတင်းရတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုမြို့နယ်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ ငါးဖွဲ့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိခဲ့ဟုဆိုသည်။ စစ်ကောင်စီဘက်မှ ထိခိုက်မှုအခြေအနေကို မဇ္စျိမ အနေ ဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လက်ပစ်ဗုံးဖြင့် ပြန်ပစ်ရာ နန်းတော်ဝင်းတောင်ဘက်ရှိ ဈေးထဲသို့ ကျရောက်ပေါက်ကွဲပြီး အရပ်သား ခုနစ်ဦး ဒဏ်ရာရခဲ့သည်ဟု သတင်းရရှိသည်။

“မြို့မဈေးက နန်းတော်ဝင်းနဲ့ ကပ်လျက်ရှိတာဗျ။ လက်နက်ကြီးနဲ့ ပစ်တယ်ထင်တဲ့ ဘက်ကို လက်ပစ်ဗုံးနဲ့ပစ်တာ ဈေးထဲကို ကျတယ်။  ပြည်သူခုနှစ်ဦးဒဏ်ရာရတယ်။ သေဆုံးမှုတော့ မရှိခဲ့ဘူး” ဟု ရွှေဘိုတိုက်နယ်၊ ပကဖ တာဝန်ခံ ကပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်နေ့ကလည်း ရွှေဘိုမြို့၊ နန်းတော်ဝင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ လေးဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း ၂၃ က သတင်းထုတ်ပြန်ထားသည်။

ရွှေဘိုမြို့၊ နန်းတော်ဝင်းသည် သမိုင်းမှတ်တမ်းများအရ ကုန်းဘောင်ခေတ် အလောင်းမင်းတရား ဦးအောင်ဇေယျ စံမြန်းခဲ့ရာ နန်းတော်နေရာဟု သိရပြီး ရွှေဘုံရတနာ မင်္ဂလာ နန်းတော်အဖြစ် လူသိများသည်။

ရွှေဘိုမြို့မဈေး၏ အနောက်ဖက်ကပ်လျက်တွင် တည်ရှိသည်။  ကိုလိုနီခေတ်က နန်းတော်နေရာကို ရွှေဘို အကျဉ်းထောင်အဖြစ် ပြုလုပ်ခဲ့ဖူးသည်။  ၁၉၉၇ ခုနှစ်တွင် နန်းတော်ကို ပြန်လည်ပြင်ဆင်တည်ဆောက်ခဲ့သည်။

အာဏာသိမ်းပြီးနောက်ပိုင်းစစ်ကောင်စီတပ်က ရွှေဘိုမြို့ရှိ နန်းတော်ဝင်းအတွင်း  အင်အား ၆၀ ခန့်ဖြင့် တပ်စွဲကာ ရွှေဘိုနယ်တ၀ိုက် စစ်ကြောင်းထိုးနေသည့် တပ်များကလည်း နန်းတော်ဝင်းအတွင်း လာရောက် ပူးပေါင်းလေ့ရှိကြသည်။

လက်ရှိအချိန်တွင် ရွှေဘိုမြို့နယ်နှင့် ခင်ဦးမြို့နယ်ကြားတွင် စစ်ကောင်စီတပ်၏ စစ်ကြောင်းတစ်ကြောင်း လှုပ်ရှား မှု ရှိ‌နေသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။

ရွှေဘိုမြို့ပေါ်ရှိ စစ်ကောင်စီတပ်များကို တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေသည့်အတွက် ပြည်သူများ အနေဖြင့် ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန် သတိပေးချက်များကို လိုက်နာကြရန် Flying Dragon Forceက  မေတ္တာရပ်ခံသည်။

Photo - ရွှေဘိုမြို့၊နန်းတော်ဝင်းကို Google Mapမှ မြင်တွေ့ရစဉ်

အာဏာသိမ်းပြီးနောက် ဒုတိယအကြိမ် ပြန်လည်ဖွဲ့စည်းသည့် သတင်းမီဒီယာကောင်စီအတွင်းရေးမှူး ဦးအေးချမ်း
November 23, 2024
စစ်ကောင်စီလက်ထက် သတင်းမီဒီယာကောင်စီကို ဒုတိယအကြိမ်မြောက် ပြောင်းလဲဖွဲ့စည်းလိုက်ရာတွင်လည်း...
ဓါတ်ပုံ- စစ်ကောင်စီ
November 22, 2024
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ မြဝတီအသံလွှင့်ဌာနရုံးနှင့် တောင်ဥက္ကလာပမြို့နယ်ရှိ...
၂၀၁၄ ခုနှစ်က ကလေးစစ်သားအဖြစ်စုဆောင်းခံရသူတဦးကို စစ်တပ်ကပြန်လွှတ်ပေးခဲ့  (Photo-AFP)(ပုံဟောင်းဖြစ်ပါသည်)
November 21, 2024
၂၀၂၁ ခုနှစ် အာဏာသိမ်မှုဖြစ်စဉ်နောက်ပိုင်း အသက် ၁၈ နှစ်အောက် ကလေးငယ် ၂,၀၀၀ နီးပါးကို စစ်ကောင်စီက...
အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား။(ပုံ- ဒေါနတပ်ရင်း)
November 19, 2024
စစ်ကောင်စီ၏ အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းကြောင့် စစ်မှုထမ်းခဲ့ရသည့် ရဲဘော်ခြောက် ဦး...