စစ်ရှောင်ကူညီသူအမည်ခံ လိမ်လည်မှုများရှိနေကြောင်း ကော်သူးလေဒေသတွင်းရှိ လူမှုကူညီရေးအဖွဲ့များ ပြော

စစ်ရှောင်ကူညီသူအမည်ခံ လိမ်လည်မှုများရှိနေကြောင်း ကော်သူးလေဒေသတွင်းရှိ လူမှုကူညီရေးအဖွဲ့များ ပြော

စစ်ရေးပဋိပက္ခများကြောင့် ကော်သူးလေ နယ်မြေများတွင် စစ်ရှောင်ပြည်သူဦးရေ များပြားလာသည့် အတွက် ဒေသတွင်း အရပ်ဖက်လူမှုကူညီရေး အဖွဲ့အစည်းများမှ လိုအပ်သည်များကို ကူညီမှုပေးနေသလို စစ်ရှောင်များ ကို အမည်ခံ၍ လိမ်လည် အလှူခံမှုများစွာလည်း ရှိလာကြောင်း အမှန်တကယ် စစ်ရှောင်များအား ကူညီပေးနေ သည့် အဖွဲ့အစည်းများက ပြောဆိုကြသည်။

ကရင်အမျိုးသား အစည်းအရုံး - ကေအဲန်ယူ ထိန်းချုပ်နယ်မြေများမှ စစ်ဘေးရှောင်များအား အမည်ခံ၍ အွန် လိုင်းတွင် လူမှုကွန်ရက်စာမျက်နှာ အတုအယောင်များဖွင့်၍ အလှူလိုက်ခံနေခြင်းမျိုးဖြစ်သည်ဟု ကေအဲန်ယူ၊ ညောင်လေးပင်ခရိုင် အရပ်ဖက် လူမှုကူညီရေးအဖွဲ့မှ တာဝန်ခံတစ်ဦးက ယခုလို ပြောပြသည်။

“အွန်လိုင်းမှာ ဟိုရက်က ကျနော်တို့ဒေသ စစ်ရှောင်ကူအဖွဲ့ဆိုပြီး ပေ့ချ်(page) တစ်ခုတွေ့တယ်။ အလှူရှင် လာ ပြောမှသိတာပါ။ သူ့အဖွဲ့တံဆိပ်ကမတူဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့ညောင်လေး ပင်ခရိုင်မှာ ကူညီနေတဲ့ အဖွဲ့တွေအားလုံးက ဆင်တူတံဆိပ်တစ်ခုပဲသုံးကြတာ။ ပြီးတော့ သူ့ပေ့ချ်မှာ တင်ထားတဲ့ စစ်ရှောင်ပုံတွေက ကျနော်တို့ဆီကပုံတွေရယ်။ ကချင်ဘက်က စစ်ရှောင်တွေပုံတွေရယ်ကို ရောပြီးတင် ထားတာ တွေ့ရတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ထိုသို့ ကေအဲန်ယူ အုပ်ချုပ်နယ်မြေများအတွင်း အခြေပြုလှုပ်ရှားနေသည့်် အဖွဲ့များအနေဖြင့် ခွင့်ပြုချက် တစ်စုံ တစ်ရာမရှိဘဲ လှုပ်ရှားခွင့်မရှိသည့်အပြင် စည်းကမ်းပိုင်းနှင့်လုံခြုံရေးပိုင်းတွင် တင်းကြပ်ထားသည့် ကြားမှ ယခုကဲ့သို့ လိမ်လည်အလှူခံနေသော အဖွဲ့များစွာရှိကြောင်း ကေအဲန်ယူနှင့် နီးစပ်သူဒေသခံတစ်ဦး က ပြောသည်။

“အဖွဲ့အစည်းခွင့်ပြုချက်နဲ့မှ တရားဝင် သွားလှူလို့ရတာ။ အုပ်ချုပ်ရေးမှူးကိုအကြောင်း ကြားရတယ်။ ပုံလည်း ပေးမရိုက်ဘူး။ တကယ်လှူတဲ့အဖွဲ့တွေက ရိုက်မိလည်း လိုင်းပေါ်ပေးမတင်ဘူး။ အဲ့လိုတင်းကြပ်ထားတဲ့ ကြား ထဲကကို လိုက်လိမ်ပြီးအလှူခံစားနေတာ နည်းနည်းနောနောမဟုတ်ဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

ထိုသို့ စစ်ရှောင်ကူအမည်ခံ၍ အဖွဲ့လိုက်သော်လည်းကောင်း တစ်ဦးတစ်ယောက်သော်လည်းကောင်း လိမ်လည် မှုများရှိလာခြင်းကြောင့် မြေပြင်တွင် အမှန်တကယ် ကူညီထောက်ပံ့မှုဆောင်ရွက်နေသူများသို့ လူထုယုံကြည်မှု လျော့နည်းလာကာ လိုအပ်သောအကူအညီရရှိမှု နည်းလာကြောင်း နှင့် အလှူရှင်များ အနေဖြင့်လည်း မိမိ သိရှိ ထားသော အဖွဲ့အစည်းများမှ တဆင့် ချိတ်ဆက်လှူဒါန်းခြင်းက ပိုမိုထိရောက်နိုင်ကြောင်း စစ်ဘေးရှောင်ကူညီသူ များက တိုက်တွန်းပြောဆိုသည်။

အလားတူ စစ်ကောင်စီ တပ်ဖွဲ့ဝင်များကလည်း တော်လှန်ရေး အင်အားစုများထံ အထောက်အပံ့များ မရောက် ရှိနိုင်ရန် ဒေသတွင်း ဆန်သယ်ယူခွင့်ကို ကန့်သတ်တားမြစ်ခြင်းများ ရှိသည့်အတွက်ကြောင့်လည်း စစ်ရှောင်များ မှာ စားနပ်ရိက္ခာ ထောက်ပံ့မှု ရရှိရေးအတွက် အခက်အခဲများစွာနှင့် တွေ့ကြုံနေကြရသည်။

ကော်သူးလေနယ် မြေများတွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်မှ ယခုလက်ရှိ အချိန်အထိ စစ်ကောင်စီတပ်နှင့် ဖြစ်ပွားနေ သော ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသော စစ်ဘေးရှောင်ပြည်သူဦးရေ ၆ သိန်းနီးပါးအထိ ရှိ နေပြီး ထိုစစ်ဘေးရှောင်များအတွက် နိုင်ငံတကာ၏ နယ်စပ်ဖြတ်ကျော်ရေး အကူအညီများနှင့် ပြည်တွင်းပြည်ပ ရှိ အရပ်ဖက် အဖွဲ့စည်းအသီးသီးမှ ထောက်ပံ့မှုများ လိုအပ်လျက်ရှိသည်ဟု ကေအဲန်ယူကလည်း ထုတ်ပြန် ပြော ဆိုထားသည်။

Most read this week

photo-SHRF
November 28, 2024
ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ် တာချီလိတ်နှင့် မယ်ဆိုင်မြို့တို့တွင် ယခုနှစ်မိုးရာသီတွင်...
November 27, 2024
ယခုလို တရုတ်ငွေလိမ်လုပ်ငန်းမှ ပြန်လွတ်လာသူ နိုင်ငံခြားသားများမှာ သီရိလင်္ကာနိုင်ငံသား ၃၂ ဦး၊...
November 26, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်အတွင်းရှိ ကရင့်တပ်ဖွဲ့များက အုပ်ချုပ်နေသည့်...
KHRG ပြောခွင့်ရ စောနန္ဒဆူး
November 25, 2024
“အရေးယူဆောင်ရွက်မှု မလုပ်သရွေ့တော့ အရပ်သားပြည်သူတွေအတွက် တရားမျှတမှု ဘယ်တော့မှရမှာမဟုတ်သလို၊...