တောင်ငူ-သံတောင် ကားလမ်းမကြီးနံဘေးရှိ ကျွန်းခင်းမှ ကျွန်းသစ်များ ခိုးထုတ်ခံနေရ

တောင်ငူ-သံတောင် ကားလမ်းမကြီးနံဘေးရှိ ကျွန်းခင်းမှ ကျွန်းသစ်များ ခိုးထုတ်ခံနေရ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သံတောင်မြို့သစ် (၁၃) မိုင်နှင့် ပျားစခန်းအကြား တောင်ငူ-သံတောင် ကားလမ်းမကြီး နံဘေးတွင်ရှိသော ကျွန်းခင်းမှ ကျွန်းသစ်များကို စစ်တပ်က အာဏာသိမ်းယူပြီးသည့် နောက်ပိုင်း တဖြည်းဖြည်းချင်း ခိုးထုတ်ခံနေရကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ နိုင်ငံပိုင် ကျွန်းခင်းမှ ကျွန်းသစ်များအား စစ်ကောင်စီ အာဏာသိမ်းယူပြီးကာစ တရားဥပဒေစိုးမိုးမှု ပျက် ပြားသွားသည့် အချိန်တွင် အနည်းအကျဥ်း ခိုးထုတ်ရာမှ ယခုနှစ် အစောပိုင်းမှစတင်၍ ဖောကားများဖြင့် ရဲရဲ တင်းတင်း သယ်ထုတ်လာကြကြောင်း နယ်မြေခံ အမျိုးသမီးတစ်ဦးက ယခုကဲ့သို့ ပြောသည်။

“ပထမတုန်းကတော့ အရပ်သားတချို့က ဆိုင်ကယ်လေးတွေနဲ့ အနည်းအကျဥ်းသယ်တာ လစ်ရင်လစ်သလိုပေါ့၊ နောက် အဖွဲ့အစည်းတချို့ကပါ ပါလာတယ်လို့ကြားတယ်။ သူတို့က ပိုခိုးထုတ်တယ်။ အခုကတော့ ပြောင်ပြောင် တင်းတင်းကိုသယ်ထုတ်နေကြပြီ။ ဘယ်သူကမှလည်း တိုင်လို့မရဘူး။ သစ်ခိုးတဲ့သူတွေက စခိုးထုတ်ကတည်းက ဟိုးကျွန်းခင်းအတွင်းပိုင်းကနေ ခိုးတယ်။ အပြင်ကကြည့်ရင် မသိသာဘူးပေါ့” ဟု ၎င်းက ကေအိုင်စီသို့ ပြော သည်။

ထိုသို့ သစ်ခိုးထုတ်သည့် အဖွဲ့များတွင် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ် အခေါ် ငြိမ်းချမ်းရေးအဖွဲ့ဝင်များ နှင့် အခြားအတည်ပြုရန် လိုအပ်ဆဲ အဖွဲ့မှ လူကြီးအချို့လည်း ပါဝင်ပတ်သက်နေပြီး နယ်မြေခံများက တားမြစ် သည့် အခါ စစ်ကောင်စီ လက်တွင်းအပ်နှံမည်ဟု ခြိမ်းခြောက်ပြောဆိုကြကြောင်းလည်း အမည်မဖော်လိုသော အခြားဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

၎င်းက “ခိုးထုတ်တဲ့အထဲမှာ စစ်တပ်လက်အောက်က သံတောင် အထူးဒေသ ငြိမ်းချမ်းရေးအဖွဲ့ဝင် ဗိုလ်အဆင့် တစ်ယောက်ပါတယ်၊ ကျွန်းသစ်တွေကို အခုနောက်ပိုင်း နေ့လည်ဘက်လည်း သယ်ထုတ်လာကြတယ်၊ သိတဲ့ သူတွေက တားတော့ ဖမ်းပြီး စစ်တပ်လက် အပ်မယ်ဆိုပြီး ခြိမ်းခြောက်တယ်။ သူတစ်ယောက်ထဲ မဟုတ်ဘူး၊ သူကပေါင်းစားတာ။ စစ်တပ်ဘက်က အရာရှိတွေလည်းပါတယ်” ဟု အဆိုပါ အမျိုးသမီးက ဆိုသည်။

ထို့အပြင် ပြီးခဲ့သည့် ဇူလိုင်လ (၄) ရက်နေ့ကလည်း စစ်ကောင်စီ လက်အောက်ရှိ ထိုငြိမ်းချမ်းရေးအဖွဲ့ဝင်များ ဖြစ်သော ဗိုလ်အဆင့်အရာရှိ ဦးခင်မောင်လွင်နှင့် ဘိုဗရာတို့ နှစ်ဦးသည် သစ်များကို ကိုယ်ကျိုးအတွက် ခိုးထုတ် ယူနေသဖြင့် တောင်ငူ - လိပ်သို ကားလမ်းတစ်နေရာတွင် သံတောင်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့၏ ပစ်ခတ် သတ်ဖြတ်ခြင်းခံခဲ့ရကြောင်း ကာကွယ်ရေးအဖွဲ့၏ ယမန်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

ဇူလိုင်လ ၁ ရက်နေ့ မှ ၃၁ ရက်နေ့အထိ တစ်လလုံးသည် ကရင်တိုင်းရင်းသားဒေသ (ကော်သူးလေ) သစ်ပင် စိုက်လ ဖြစ်ပြီး ဒေသအတွင်း နေရာအများအပြားတွင် နယ်မြေခံ တာဝန်ရှိသူများနှင့် ဒေသခံများက ပူးပေါင်းကာ သစ်ပင်စိုက်ကြသည်။

သို့သော်လည်း ထိုသို့ သံတောင်ကြီးမြို့နယ် အတွင်းရှိ ကျွန်းပင်များ ခိုးထုတ်နေသည့် ကိစ္စနှင့် ပတ်သက်၍ အရေး ယူ မည့်သူမရှိဘဲ ခုတ်လှဲ ခိုးယူခံနေရခြင်း၊ ခြိမ်းခြောက်မှုများ ရှိလာသည့်အပေါ် ဒေသခံများအကြား ဝေဖန် ပြောဆိုမှုများ ရှိလာနေသည်။

Photo: CJ

photo-SHRF
November 28, 2024
ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ် တာချီလိတ်နှင့် မယ်ဆိုင်မြို့တို့တွင် ယခုနှစ်မိုးရာသီတွင်...
November 27, 2024
ယခုလို တရုတ်ငွေလိမ်လုပ်ငန်းမှ ပြန်လွတ်လာသူ နိုင်ငံခြားသားများမှာ သီရိလင်္ကာနိုင်ငံသား ၃၂ ဦး၊...
November 26, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်အတွင်းရှိ ကရင့်တပ်ဖွဲ့များက အုပ်ချုပ်နေသည့်...
KHRG ပြောခွင့်ရ စောနန္ဒဆူး
November 25, 2024
“အရေးယူဆောင်ရွက်မှု မလုပ်သရွေ့တော့ အရပ်သားပြည်သူတွေအတွက် တရားမျှတမှု ဘယ်တော့မှရမှာမဟုတ်သလို၊...