PDF များပြန်လာရန် လက်ကမ်းစာစောင်များဖြန့်

PDF များပြန်လာရန် လက်ကမ်းစာစောင်များဖြန့်

တောထဲကိုရောက်နေသည့် PDF များကို ဖိတ်ခေါ်သော လက်ကမ်းစာစောင်များကို မြို့ပေါ်တွင် လိုက်ဝေ နေသည် ဟု မြိတ်မြို့ခံများက ပြောသည်။

မြိတ်မြို့ပေါ်ရှိ လူစည်ကားရာနေရာများ၊ ဈေးအချို့နှင့် ဆိုင်ကယ်ကယ်ရီဂိတ်များတွင် “အိမ်အပြန်လမ်း အတွက် ဖိတ်ခေါ်သံ” ခေါင်းစဉ်ဖြင့် သီချင်းစာသားများ ပါဝင်သော PDF များကိုဖိတ်ခေါ်သည့် လက်ကမ်းစာစောင်များ အား လိုက်လံဝေနေခြင်း ဖြစ်သည်ဟု မြို့ခံများက ပြောသည်။

မြိတ်မြို့၊ ကြောင်ငယ်ရပ်ကွက်နေ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးက “တောထဲရောက်နေတဲ့ PDF တွေ ဆီကို ဖြန့်‌‌ဝေရမယ့်အစား မြို့ပေါ်နေရာတွေမှာ လိုက်ဝေနေတာ။ သူတို့ အမာ နည်းနဲ့ မရနိုင်မှန်းသိလို့ သွေးခွဲတဲ့ နည်း အပျော့ဆွဲလုပ်တာ။ သူတို့ အင်အားမရှိတော့ဘူးဆိုတာကို ပြနေတာ” ဟု ပြောသည်။

စစ်ကောင်စီ၏ ဝါဒဖြန့် စည်းရုံးရေး လက်ကမ်းစာစောင်များကို ဇွန်လ ၂၃ ရက်နေ့၊ နံနက် ၉ နာရီအချိန်ခန့်မှ စတင် ၍ ဇွန်လ ၂၅ ရက်နေ့ အထိ ၃ ရက်ဆက်တိုက် လိုက်လံဖြန့်ဝေခဲ့ခြင်းဖြစ်သည်ဟု မြို့ခံများက ပြောသည်။

မြိတ်မြို့ရှိ တိုးချဲ့ဈေး၊ မြို့သစ်ဈေး၊ ဆိပ်ငယ်ဈေးကြီး၊ ကမ်းနားလမ်း၊ မြစ်ငယ်လမ်းဆုံ ဗိုလ်ချုပ်ကြေးရုပ်ရှေ့နှင့် ဘုရားကိုင်လမ်းဆုံ ညောင်ပင်ကြီးအောက် နေရာများတို့အပြင် ဆိုင်ကယ်ကယ်ရီဂိတ် အချို့တို့တွင်လည်း လိုက်လံ ဖြန့်ဝေခဲ့သည်ဟု မြို့ခံများက ပြောသည်။

စာစောင်များကို ဖြန့်ဝေရာတွင် စစ်ကောင်စီခန့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် (၂) ဦးသောင်းအေး ဦးဆောင်ကာ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသိန်းမင်း၊ မြိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ အရပ်ဝတ် စစ်ကောင်စီတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ပျူစောထီးအဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများ ပါဝင်ခဲ့ကြသည်။

စစ်ကောင်စီမှ လိုက်လံဝေငှခဲ့သည့် လက်ကမ်းစာစောင်များထဲတွင် NUG၊ CRPH တို့မှ ပြည်သူများအား အကြောက်တရားဖြင့် ဝါဒဖြန့်မှိုင်းတိုက်ပြီး စည်းရုံးကာ အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ်မှုများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း လက်နက်နှင့်အတူ ဥပဒေဘောင်အတွင်း ပြန်လာမည့်သူများကိုလည်း ဆုကြေးငွေများ ပေးအပ် သွားမည် ဖြစ်ကြောင်း ထည့်သွင်းရေးထားသည်။

မြိတ်မြို့ မြောက်ဘက် မိုင် ၅၀ ခန့်အကွာတွင် ပုလောမြို့နယ်အတွင်းရှိ PDF များက စစ်ကောင်စီစခန်း အချို့အား ဝင်တိုက်နေပြီး တောင်ဘက် ကော့သောင်သွား လမ်းပိုင်းတွင် PDF လှုပ်ရှားမှု အားကောင်းနေကာ အနောက်ဘက် ပင်လယ်ထဲရှိ ကျွန်းစုမြို့နယ်များတွင် PDFများက တိုက်ပွဲဖော်ဆောင်လာနေသည်ဟု မြို့ခံများက ခန့်မှန်း ပြောဆို နေကြသည်။

Most read this week

January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...
January 9, 2025
ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မြို့တွင် တစ်နေ့ကို လျှပ်စစ်မီး ၃ နာရီသာ ရရှိတော့သည်ဟု...
January 8, 2025
ကချင်ပြည်၊ မြစ်ကြီးနားတွင် လူငယ်၊ လူလတ်ပိုင်း အမျိုးသားများ သတင်းအစအနမရဘဲ ဆက်တိုက်...
January 7, 2025
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီက ကုန်တင်ကားပိုင်ရှင်များကို အစည်းအဝေး‌ခေါ်ကာ...