ပူတာအိုက ထီခကြိုးပြင်ကာကွယ်တော ဧရိယာထဲတွင် ရွှေတူးဖော်နေပြီး သစ်တောဌာနမှ လျစ်လျူရှုထား

ပူတာအိုက ထီခကြိုးပြင်ကာကွယ်တော ဧရိယာထဲတွင် ရွှေတူးဖော်နေပြီး သစ်တောဌာနမှ လျစ်လျူရှုထား
ထီခချောင်းအနီး သစ်တောဧရိယာတွင် ယခုနှစ်ဆန်းပိုင်းက ရွှေတူးဖော်နေကြစဉ်။
ထီခချောင်းအနီး သစ်တောဧရိယာတွင် ယခုနှစ်ဆန်းပိုင်းက ရွှေတူးဖော်နေကြစဉ်။

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ မချမ်းဘော့မြို့၊ ထီခချောင်းနားက ထီခကြိုးပြင် ကာကွယ်တော ဧရိယာထဲမှာ ရွှေတူးဖော်တဲ့ ကုမ္ပဏီတွေနဲ့ ကျေးရွာတချို့ကပြည်သူတွေ ရွှေတူးဖော်နေတာကို  သက်ဆိုင်ရာသစ်တောဌာနက ဘာမှလုပ်ဆောင်တာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီနေရာတွေကို အရင်အစိုးရ လက်ထက်က ရွှေတူးဖော်ဖို့ ခွင့်ပြုမပေးခဲ့တဲ့အတွက် တူးဖော်တာတွေ မရှိပေမဲ့ အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ ကုမ္ပဏီ ၃ ခုက ပြည်နယ်ကောင်စီရဲ့ ခွင့်ပြုချက်ရလို့ တူးနေကြောင်း ကြား သိရတယ်လို့ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးအဖွဲ့တစ်ခုရဲ့ တာဝန်ရှိသူ အမျိုးသားတစ်ဦးက မြစ်ကြီးနား သတင်းဂျာနယ်ကို ပြောပါတယ်။

“အဲ့ဒီနေရာက သစ်တောဧရိယာနေရာ ဖြစ်တဲ့အတွက် ကန့်ကွက်ပြီး တခြားကို ပြောင်းခိုင်းလိုက်တာ၊ အခုက အာဏာသိမ်းလိုက်တော့ အဲဒီမှာ ပြန်လာတူးကြတာ။ တခြားသူတွေလည်း အများကြီးရှိတယ်တဲ့” လို့ အထက် ပါ တာဝန်ရှိသူ အမျိုးသားက ဆိုပါတယ်။

သစ်တော ဧရိယာအတွင်း အဲဒီလို ရွှေအလွန်အကျွံ တူးဖော်နေကြတဲ့အတွက် ချောင်းရေတွေဟာ ရွှံ့ရေအဖြစ် ပြောင်းလဲသွားတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

ရွှံ့ရေဟာ ရေရှည်မှာ ရေနေသတ္တဝါတွေကို ထိခိုက်စေပြီး မိုးတွင်းရောက်ရင် ကမ်းပါးပြိုကျလာမှာကို စိုးရိမ်နေ တယ်လို့ မချမ်းဘော့မြို့နေ ဒေသခံအမျိုးသား တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီ အုပ်ချုပ်မှုအောက်က သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရေမြေ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့က လာရောက်ပြီး ချောင်းရေကို ကြည့်ရှုခဲ့ပေမယ့် ဒေသခံတွေရဲ့ တင်ပြချက်တွေကို အလေးနက်ထား ဆောင်ရွက် ပေးမှု မရှိဘူးလို့လည်း ဆက်ပြောပါတယ်။

ဒေသခံတွေအနေနဲ့ မနှစ်က ဒီဇင်ဘာလမှာ ရွှေတူးဖော်တာကို ရပ်တန့်ပေးဖို့ လုပ်ငန်းရှင်တွေကို တောင်းဆိုတာ တွေ ရှိခဲ့ပေမဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ ရွှေလုပ်ကွက်တွေ ဖြစ်တဲ့အတွက် မတားဆီးနိုင်ခဲ့ဘူးလို့ လည်း ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေဟာ ပိုင်ဆိုင်မှု အထောက်အထား မပြနိုင်တာကြောင့် စစ်တပ်ဆီက လုပ်ပိုင်ခွင့်လက်မှတ်ရလို့ ရွှေ တူးဖော်နေသူတွေကို ဘယ်လိုနည်းနဲ့မှ မတားဆီးနိုင်ဘူးလို့ နောက်ထပ်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါ တယ်။

လုပ်ငန်းရှင်တွေနဲ့ စစ်တပ်ပေါင်းပြီး တူးဖော်ကြတဲ့ ရွှေလုပ်ကွက်ပေါင်း ၁၀ ဆိုင်းကျော် ဝင်ရောက်လာတဲ့ ၂၀၂၁ ခုနှစ်က စပြီး ဒေသခံတွေနဲ့ တိုင်းရင်းသားမျိုးနွယ်စုဝင်တွေက လုပ်ငန်းရှင်သူဌေးတွေကို သူတို့ပေးတဲ့ဈေးနဲ့သာ ရောင်းချပေးလိုက်ရတယ်လို့လည်း မချမ်းဘော့ ဒေသခံတွေက ပြောပါတယ်။

ထီခချောင်း အထက်ပိုင်းဘက်တွေကိုလည်း ဆက်လက် တူးဖော်လိုက်မယ်ဆိုရင် ကျေးရွာပေါင်း ၃၀ မှာ နေထိုင် နေကြတဲ့ ဒေသခံပြည်သူတွေကို အများကြီးထိခိုက်လာနိုင်တဲ့အပြင် ထီခချောင်းလည်း လုံးဝပျက်စီးသွားမှာ ဖြစ်တဲ့အတွက် မတူးဖော်စေလိုဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

Most read this week

November 7, 2024
ကချင်ပြည်နယ်၊ နောင်နန်းတိုက်နယ် (မြစ်ကြီးနား-မြစ်ဆုံလမ်း) ဆယ်မိုင်ကျေးရွာအတွင်းက...
အိန္ဒိယက မြန်မာ့အရေးကို စိတ်ဝင်စားတဲ့အပေါ်  ကြိုဆိုတယ်လို့ တော်လှန်ရေးအဖွဲ့တွေပြော
November 6, 2024
အိန္ဒိယနိုင်ငံက မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်လို့ စိတ်ဝင်စားလာတဲ့အပေါ် ကြိုဆိုတယ်လို့...
October 22, 2024
ကချင်အထူးဒေသ ၁၊ အမှတ် ၁၀၀၃ ကချင်နယ်ခြားစောင့်တပ်(BGF) တပ်ရင်းဌာနချုပ်ကို အောက်တိုဘာလ ၂၁ ရက်နေ့...
October 19, 2024
ကချင်အထူးဒေသ(၁)၊ နယ်ခြားစောင့်တပ်(BGF) ရဲ့ ဌာနချုပ်အခြေစိုက်ရာ တရုတ်နယ်စပ်က ပန်ဝါမြို့ကို KIA၊...