NUG ဝန်ကြီးအိမ်ကို စစ်ကောင်စီ ချိပ်ပိတ်

NUG ဝန်ကြီးအိမ်ကို စစ်ကောင်စီ ချိပ်ပိတ်

အမျိုးသားညီညွတ်ရေးအစိုးရ NUG အလုပ်သမားဝန်ကြီး နေအိမ်ကို စစ်ကောင်စီက ချိပ်ပိတ်လိုက်သည်ဟု နီးစပ်သူများက ပြောသည်။

ကရင်ပြည်နယ်၊ ဘာအံမြို့နယ်၊ ထုံးအိုင်ကျေးရွာ၊ အမှတ် ၇ ရပ်ကွက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ NUG  အလုပ်သမားဝန်ကြီးဌာန၊ ဝန်ကြီး နိုင်သုဝဏ္ဏ (ခ) နိုင်ထွန်းဖေ၏ နေအိမ်ကို စစ်ကောင်စီက ချိပ်ပိတ် သိမ်းဆည်း လိုက်ခြင်း ဖြစ်သည်။

“နိုင်သုဝဏ္ဏ အိမ်ကို အရင်ကလည်း နှစ်ခေါက်လောက် အဲလို စာလာကပ်သေးတယ်။ အဲအိမ်မှာ လူ မနေတာ ကြာပြီ။ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းမှာ ဘယ်သူမှ မနေတော့တာ။ အခုက အကြမ်းဖက်ဥပဒေအရ သိမ်းဆည်းတယ်ဆိုပြီးတော့ စာလာကပ်ထားတယ်” ဟု နီးစပ်သူတစ်ဦးက ပြောသည်။

NUG အလုပ်သမား ဝန်ကြီးဌာန၊ ဝန်ကြီး နိုင်သုဝဏ္ဏ၏ နေအိမ်ကို စစ်ကောင်စီတပ်၊ ၎င်းတို့၏ လက်အောက်ခံ ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေး ပူးပေါင်းအဖွဲ့များက ဇွန်လ ၁၃ ရက်နေ့၊ ညနေ ၃ နာရီ အချိန်ခန့်တွင် စာလာကပ်ပြီး ချိပ်ပိတ်သွားခဲ့ခြင်း ဖြစ်သည်ဟု နီးစပ်သူများက အတည်ပြုပြောသည်။

အိမ်တွင် ကပ်ထားသည့် စာထဲတွင် နိုင်သုဝဏ္ဏ နေအိမ်အဆောက်အအုံသည် အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေ အရ အမှုဖွင့် ချိပ်ပိတ်သိမ်းဆည်းထားသော အဆောက်အအုံ ဖြစ်သည်ဟု ပါရှိသည်။

နိုင်သုဝဏ္ဏသည် ၁၉၉၀ ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေးကောက်ပွဲတို့တွင် မွန်ပါတီကိုယ်စားပြုဖြင့် ရွေးကောက်ပွဲ ဝင် ပြိုင်ခဲ့ဖူးသည့် ဝါရင့် နိုင်ငံရေးသမားတစ်ဦး ဖြစ်ပြီး မွန်ညီညွတ်ရေးပါတီတွင်လည်း ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် တစ်ဦး ဖြစ်ခဲ့သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်မှုများ၊ ရွေးကောက်ပွဲဝင် ရန် ပြင်ဆင်မှုများ လုပ်နေသည့် မွန်ညီညွတ်ရေးပါတီကနေ နိုင်သုဝဏ္ဏ နှုတ်ထွက်ခဲ့သည်။

၂၀၂၁ ခုနှစ် မတ်လတွင် နိုင်သုဝဏ္ဏသည် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ အလုပ်သမားဝန်ကြီးဌာန ဝန် ကြီးအဖြစ် ခန့်အပ်ခံခဲ့ရသူ ဖြစ်သည်။

အလားတူ ဇွန်လ ၉ ရက်နေ့တွင်လည်း ဧရာဝတီတိုင်း၊ ဘိုကလေးမြို့က နေအိမ် ၃ လုံးကို စစ်ကောင်စီက ချိပ် ပိတ်လိုက်သည်။ ချိပ်ပိတ်ခံလိုက်ရသည့် အိမ် ၃ လုံးအနက် တစ်လုံး၏ ပိုင်ရှင်မှာ စစ်ကောင်စီကို ဆန့်ကျင် ကာ နိုင်ငံရေးလုပ်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံထားရသူ ဖြစ်သည်။

စစ်ကောင်စီက ၎င်းတို့ကို ဆန့်ကျင်သည့် လှုပ်ရှားမှုများတွင် ပါဝင်သူများ၊ NLD နှစ် ပတ်သက်ဆက်နွယ်သူများ ဟု သံသယရှိပါ စွပ်စွဲဖမ်းဆီးခြင်း၊ ထောင်ချခြင်း၊ ပိုင်ဆိုင်မှုများကို သိမ်းဆည်း ချိပ်ပိတ်ခြင်းကို နိုင်ငံတဝှမ်း လုပ်ဆောင်လျှက်ရှိသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD မှ ဇွန်လ ၁၃ ရက်နေ့က ထုတ်ပြန်ထားချက်အရ စစ်တပ်က အာဏာ သိမ်းပြီးနောက် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် ပါတီဝင်များ၊ အရပ်သားပြည်သူများ စုစု ပေါင်း ၆၂၅ ဦး၏ နေအိမ်နှင့် ပိုင်ဆိုင်မှုများကို စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းခဲ့ကြောင်း ဖော်ပြထားသည်။

Most read this week

January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...
January 9, 2025
ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မြို့တွင် တစ်နေ့ကို လျှပ်စစ်မီး ၃ နာရီသာ ရရှိတော့သည်ဟု...
January 8, 2025
ကချင်ပြည်၊ မြစ်ကြီးနားတွင် လူငယ်၊ လူလတ်ပိုင်း အမျိုးသားများ သတင်းအစအနမရဘဲ ဆက်တိုက်...
January 7, 2025
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီက ကုန်တင်ကားပိုင်ရှင်များကို အစည်းအဝေး‌ခေါ်ကာ...