ထိုလွီဝါးအထက်တန်းကျောင်းနေရာ လက်နက်ကြီးကျ၍ ကျောင်းသူ ၃ဦး ဒဏ်ရာရ

ထိုလွီဝါးအထက်တန်းကျောင်းနေရာ လက်နက်ကြီးကျ၍ ကျောင်းသူ ၃ဦး ဒဏ်ရာရ

KNU-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၂)နယ်မြေ၊ တောအူး(တောင်ငူ)ခရိုင်ရှိ ထိုလွီဝါး အထက်တန်း ကျောင်းနေရာသို့ ယမန်နေ့ ည ၁၁ နာရီဝန်းကျင်က စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အလယ် တန်းကျောင်းသူ ၃ ယောက် ထိခိုက်ဒဏ်ရာ ရရှိသွားသည်။

စစ်တပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်မှာ ကျောင်းသူ အဆောင်နေရာအနီးတွင် တစ်လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး အလယ်တန်းကျောင်းသူ ၃ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကာ တစ်ဦးမှာ ဒဏ်ရာပြင်းထန်သည်ဟု ဒေသ တွင်း သတင်းအရင်းအမြစ်များက ပြောသည်။

တောင်ငူမြို့နယ် ရေလျှံနားရှိ ရှားစေးဘိုစခန်း အခြေစိုက် စစ်ကောင်စီတပ် ခြေလျင် တပ်ရင်း ၃၀၆ တပ်ဖွဲ့မှ ယမန်နေ့ညက နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားမှု မရှိဘဲ လက်နက်ကြီး ကျည် ၅ လုံးခန့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ လက်နက် ကြီးကျည်တစ်လုံးမှာ ထိုလွီဝါး အထက်တန်းကျောင်း၏ အဆောင်နေကျောင်းသူများ၏ နေရာအနီးတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းသူ ၃ ဦးကို ယခုလို ထိခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံ သတင်းအရင်းအမြစ် တစ်ဦးက ယခုကဲ့သို့ ပြောသည်။

“ကလေးတွေ နေတဲ့ ဘော်ဒါဆောင်အနားကို ကျသွားတာ။ သူတို့(ကလေးတွေ) အိပ်တဲ့အချိန် ကျတော့ လက် နက်ကြီး ကျည်စက စင်ပြီး ထိသွားတာ။ ၃ယောက်ထိတာ တစ်ယောက်က ပြင်းထန်သွားတယ်။ လက်တစ် ယောက် ထိတယ်၊ နှစ်ယောက်ကတော့ ခေါင်း နည်းနည်း ရှထိသွားတယ်။ လက်ထိတဲ့ တစ်ယောက်က မစိုးရိမ် ရပေမဲ့ ဒဏ်ရာတော့ အတော်လေး ကြီးတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ထိုသို့ ကျောင်းနေရာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုနှင့် ကျောင်းသူ ၃ ဦး ထိခိုက်မှုဖြစ်စဉ် အပြင် စစ်ကောင်စီ၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှု ဆက်တိုက် လုပ်ဆောင်လာမှုများကြောင့် ကျောင်းကို ဆက်လက်ဖွင့်လှစ်သွားခြင်း ပြုမပြု နှင့်ပတ်သက်ပြီး ကျောင်းသားမိဘများနှင့် ကျောင်းတာဝန်ရှိသူများ တွေ့ဆုံ ဆွေးနွေးသွားရန်ရှိကြောင်းလည်း အဆိုပါ သတင်းအရင်းအမြစ်က ဆိုသည်။

ကေအဲန်ယူ တပ်မဟာ (၂) နယ်မြေတွင် နှစ်ဖက်တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိသော်လည်း စစ်ကောင်စီ တပ်ဘက်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အချိန်များတွင်လည်း ကျေးရွာအတွင်း လက်နက်ကြီး ကျည်များ ရမ်း သမ်း ပစ်ခတ်လေ့ရှိပြီး ယမန်နေ့က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုတွင် ဒေသခံ လူထုများ၏ နေအိမ်များ၊ လယ်ယာ လုပ်ငန်းခွင်များကို ထိမှန် ပျက်စီးမှုများ ရှိကြောင်းလည်း ဒေသခံများက ပြောသည်။

အဆိုပါ ထိုလွီဝါးအထက်တန်းကျောင်းတွင် ကျောင်းသူ၊ ကျောင်းသား (၂,၀၀၀) နီးပါး ပညာသင်ယူနေပြီး ယခုလို စာသင်ကျောင်းဧရိယာသို့ လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲမှုမှာ ပထမ ဦးဆုံးအကြိမ် ဖြစ်ကြောင်းလည်း သိရသည်။

Most read this week

November 14, 2024
ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေ၊ ဝင်းရေးမြို့နယ်ရှိ အနန်းကွင်း...
November 14, 2024
ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ လှိုင်းဘွဲမြို့ရှိ ရပ်ကွက်များတွင် စစ်ကောင်စီ၏...
November 13, 2024
မူတြော်ခရိုင်၊ ဖာပွန်မြို့နယ်ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ၊ စစ်ဗျူဟာချုပ်(စဗခ-၁)...
November 12, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန် နဘုလယ်ဒေသတွင် စစ်ကောင်စီက...