လူသေအလောင်းများကြောင့် ဒေသခံများ လုံခြုံရေး စိုးရိမ်

လူသေအလောင်းများကြောင့် ဒေသခံများ လုံခြုံရေး စိုးရိမ်

မြန်မာနိုင်ငံ၏ ကျောက်စိမ်းမြေဖြစ်သော ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း ၂၀၂၃ ခုနှစ်အတွင်း အမည် မသိ လူသေအလောင်းများ ခပ်စိပ်စိပ်တွေ့လာရခြင်းကြောင့် ဒေသခံများက လုံခြုံရေးအတွက် စိုးရိမ်ဖွယ် ဖြစ်လာနေသည်ဟု ပြောသည်။

ဇွန် ၆ ရက်နေ့တွင် တစ်လောင်း၊ ဇွန်လ ၇ ရက်နေ့တွင် တစ်လောင်း နှစ်ရက်ဆက်တိုက် အသတ်ခံရသည့် ဖြစ်စဉ် များ ဖြစ်ပွားနေသည်ဟု ဖားကန့်ဒေသခံများက ပြောသည်။

ဆိုင်းတောင် ဒေသခံ အမျိုးသားတစ်ဦးက “အဓိက ကတော့ စိတ်ခံစားချက်ပေါ့နော်။ အဲ့လိုမျိုး သတိဝိရိယနဲ့ နေလာရတဲ့ အခါကျတော့ စိတ်ထဲမှာ မလုံမခြုံ အဲ့လိုမျိုး ခံစားလာရတာတော့ ရှိတာပေါ့။ နိုင်ငံရေးနဲ့ ဒီဒေသက မတည်မငြိမ်ဖြစ်နေတဲ့ အခြေအနေမှာ ဒီဒေသမှာ နေထိုင်တဲ့လူများက အမြဲတမ်း မလုံခြုံတဲ့ စိတ်ခံစားမှုတွေ ရှိနေတယ်” ဟု ပြောသည်။

၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ပြီး ယခု ဇွန်လ ပထမပတ်အထိ ဖားကန့်မြို့နယ်အတွင်း အသတ်ခံထားရသည့် မိုင်ရှင်မဲ့အလောင်း ၂၀ ထက်မနည်း ရှိနေပြီဟု ဒေသခံများနှင့် ဒေသအတွင်းရှိ လူမှုကူညီရေး အသင်းတာဝန်ရှိသူ များက ပြောသည်။

ဖားကန့်မြို့နယ်အတွင်း အသတ်ခံထားရသည့် ပိုင်ရှင်မဲ့ လူသေအလောင်း ပိုမိုများပြားလာသောကြောင့် ဒေသခံ များမှာ သွားလာလှုပ်ရှားမှုတိုင်းတွင် သတိထား သွားလာနေရပြီး အသက်အန္တရာယ်အပြင် စိတ်ပိုင်းဆိုင် ရာပါ မလုံခြုံတော့သည့် အခြေအနေမျိုး ခံစားနေရသည်ဟု ဒေသခံများက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ယခုကဲ့သို့ဖြစ်ရပ်များ ပိုမိုများပြားလာခြင်း ဖြစ်ပြီး တရားခံကိုလည်း ဖမ်းဆီး အရေးယူနိုင်ခြင်း ယနေ့အချိန်ထိ မရှိသေးပေ။

အသတ်ခံရပြီး သေဆုံးသွားသူ အများစုမှာ ပိုင်ရှင်မဲ့များ ဖြစ်သောကြောင့် ရပ်ကွက်/ကျေးရွာ အသီးသီးရှိ နာရေး ကူညီရေးအသင်းများနှင့် ဒေသခံရွာသားများပဲ နာရေးကိစ္စကိုပါ တာဝန်ယူကာ ဝိုင်းဝန်း သင်္ဂြိုလ်ပေးနေကြရ သည်ဟု ဆိုသည်။

သတင်းနှင့် မီဒီယာကွန်ရက် သတင်းဌာန၏ စုဆောင်းထားသည့် အချက်အလက်များအရ  ၂၀၂၃ ခုနစ် နှစ်ဆန်း ပိုင်းမှ ယခု ဇွန်လ ပထမပတ်ထိ ၅ လကျော် ကာလအတွင်းမှာ ဖားကန့်တွင် အသတ်ခံရသူ အမည်မသိ လူသေ အလောင်း (၂၀) ထက်မနည်း ရှိနေပြီး အများစုမှာ ဖားကန့်၊ ဆိုင်းတောင်နှင့် လုံးခင်းတို့တွင် ဖြစ်သည်။

၎င်းတို့မှာ မည်သည့် အကြောင်းအရင်းကြောင့် သတ်ခံရသည်ကိုမူ တိတိကျကျ စာရင်းပြုစုနိုင်ခြင်း မရှိသေးပေ။

သို့သော် ဒေသခံအများစု၏ သုံးသပ်ပြောဆိုမှုများအရ အသတ်ခံရသူများမှာ စစ်ကောင်စီဘက်မှ PDF ဟု ယူဆ သတ်မှတ်ခံရသူများ၊ ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ပတ်သတ်ဆက်နွယ်သူများအပြင်၊ တော်လှန်ရေး အင်အားစုများဘက်က စစ်ကောင်စီ၏ သတင်းပေး ဒလန်ဟု ယူဆခံထားရသူများ ဖြစ်သည်ဟု ဆိုကြသည်။

အသတ်ခံရသူအများစုမှာ ဓါးထိုးဒဏ်ရာ၊ သေနတ်ပစ်ခတ်ခံရသည့် ဒဏ်ရာများ၊ ရိုက်နှက်နှိပ်စက်ခံရသည့် ဒဏ် ရာများနှင့် သေဆုံးနေသူများသည်။ ထို့အပြင် လက်နက်ပြန်ကြိုးတုတ်ခံရကာ အသတ်ခံထားရသူများ၊ မျက်စိ များကို ပိတ်ကာ ရိုက်နှက် နှိပ်စက်ခံရပြီး သေဆုံးနေသူများ ဖြစ်သည်ဟု ဆိုကြသည်။

အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် မတည်မငြိမ်ဖြစ်နေသည့် နိုင်ငံရေးအခြေအနေများအကြား အသတ်ခံနေရသူ များ ပိုမိုများလာသော်လည်း တစ်စုံတစ်ရာ အရေးယူနိုင်ခြင်း၊ တရားခံများကို ဖမ်းဆီးနိုင်ခြင်း မရှိသောကြောင့် ဖားကန့်ဒေသခံများအတွက် လုံခြုံမှု မရှိဘူးဟု ဆိုကြသည်။

ဖားကန့်ဒေသခံတစ်ဦးက “အရင်ကတော့ ဘာမှမဖြစ်ဘူးလေ။ နိုင်ငံရေးတည်ငြိမ်တဲ့ အချိန်အခါမှာက ဘာမှ မဖြစ်ဘူး။ အခုဒီ တစ်နှစ် နှစ်နှစ်မှာ အရမ်းဖြစ်လာတယ်ဆိုတော့ နိုင်ငံရေးကြောင့်လို့ပဲ မြင်တာပေါ့။ နိုင်ငံရေး တည်ငြိမ်သွားရင်တော့ အဲ့ဒါတွေက ပြီးသွားမယ်လို့ မြင်တယ်။ နိုင်ငံရေး မတည်ငြိမ်သေးရင်တော့ ဒီလိုမျိုးပဲ ဆက်ဖြစ်အုံးမလားဆိုပြီး ခံစားနေရတယ်။ အမြဲတမ်း အဲ့လို ဖြစ်နေမလားလို့ပဲ စိုးရိမ်နေတယ်” ဟု ပြောသည်။

ဇွန်လ ၇ ရက်နေ့၊ နံနက် ၇ နာရီအချိန်ခန့်က ဖားပြင်ဘက်သို့သွားသည့် လမ်းတွင် အသက် ၃၀ ဝန်းကျင်အရွယ် အမည်မသိ အမျိုးသားတစ်ဦး အသတ်ခံထားရပြီး သေဆုံးသူ၏ ခန္ဓာတွင် ဓါးပြဟုရေးထားသည့် ကတ်ထူပြား တစ်ချပ်ကို ချိတ်ဆွဲထားသည်ဟု မျက်မြင်တွေ့ရှိသူများက ပြောသည်။

ထို့အပြင် ဇွန်လ ၆ ရက်နေ့ ညနေပိုင်းချိန်တွင်လည်း ဆိုင်းတောင် (ဆိပ်မူ) ကျေးရွာဘက်တွင် တွေ့ရှိခဲ့သည့် အမည်မသိအလောင်းမှာ ပုပ်ပွနေပြီဟု ဆိုကြသည်။

ဖားကန့်ဒေသအတွင်း လူယက်မှု၊ ဓါးပြမှု၊ လူသတ်မှု၊ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရမှု၊ စစ်ကောင်စီမှ လူသား ဒိုင်းကာ အဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်း၊ အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးနှိပ်စက်ခြင်းများ မကြာခဏ ဖြစ်ပွားနေ ပြီး ဒေသခံများအနေဖြင့် ၎င်းတို့ချိုးဖောက်ခံနေရသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ မည် သည့်အဖွဲ့အစည်း အာဏာပိုင်အား တိုင်ကြားရမည်ကိုပင် မသိကြတော့ဘူးဟု ဆိုကြသည်။

Most read this week

January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...
January 9, 2025
ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မြို့တွင် တစ်နေ့ကို လျှပ်စစ်မီး ၃ နာရီသာ ရရှိတော့သည်ဟု...
January 8, 2025
ကချင်ပြည်၊ မြစ်ကြီးနားတွင် လူငယ်၊ လူလတ်ပိုင်း အမျိုးသားများ သတင်းအစအနမရဘဲ ဆက်တိုက်...
January 7, 2025
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီက ကုန်တင်ကားပိုင်ရှင်များကို အစည်းအဝေး‌ခေါ်ကာ...