ဝိုင်းမော်တွင် သင်ကြားမည့် ဆရာမရှိပဲ စာသင်ကျောင်းဖွင့်

ဝိုင်းမော်တွင် သင်ကြားမည့် ဆရာမရှိပဲ စာသင်ကျောင်းဖွင့်
ဓါတ်ပုံ – KNG (ကဇူးကျေးရွာမှ စစ်ရှောင်များ နေရပ်ပြန်ကြသည့် မြင်ကွင်း)
ဓါတ်ပုံ – KNG (ကဇူးကျေးရွာမှ စစ်ရှောင်များ နေရပ်ပြန်ကြသည့် မြင်ကွင်း)

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း နေရပ်ပြန် ကဇူးကျေးရွာတွင် စာသင်ကြားပေးမည့် ကျောင်းဆရာ၊ ဆရာမများ မရှိသော်လည်း ၂၀၂၃-၂၀၂၄ခုနှစ် ပညာသင်နှစ်အတွက် အခြေခံပညာသင် မူလတန်းကျောင်းအား ရပ်မိရပ်ဖများနှင့် ကျောင်းသားမိဘများက ဖွင့်လှစ်လိုက်သည်ဟု ဒေသခံများက ပြောသည်။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ကဇူးကျေးရွာတွင်ရှိသည့် အဆိုပါ အခြေခံပညာသင် မူလတန်းကျောင်းတွင် စာသင်ပေးမည့် ကျောင်းဆရာ/ဆရာများ ရောက်မလာသေးသော်လည်း မြို့နယ်ပညာရေးမှူးရုံးက စီစဉ် ပေး မည်ကို မျှော်လင့်ပြီး ယခုကဲ့သို့ ဖွင့်ထားရခြင်း ဖြစ်သည်ဟု ကျောင်းသားမိဘများက ပြောသည်။

ကဇူးကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးက “ကျနော်တို့က အခု ကျောင်းက ဆရာ၊ဆရာမတွေ ပြောမယ်ဆိုရင် အစိုးရ ပညာရေးရုံးကနေ ခန့်အပ်ပေးတဲ့ ဆရာ၊ဆရာမတွေ မရှိသေးဘူးပေါ့” ဟု ပြောသည်။

အဆိုပါ ကဇူးမူလတန်းကျောင်းကို ဇွန်လ ၁ ရက်နေ့က ဖွင့်လှစ်လိုက်ခြင်း ဖြစ်သည်။

ကဇူးမူလတန်းကျောင်းအတွက် မြို့နယ်ပညာရေးမှူးရုံးက ဆရာ/ဆရာများ စေလွှတ်ခန့်အပ် တာဝန်ပေးခြင်း မရှိသေးသောကြောင့် လတ်တလော စာသင်ကြားပေးမည့် ဆရာ/ဆရာမများ အရေးပေါ်လိုအပ်လျက် ရှိနေ သည်ဟု ဒေသခံများက ဆိုသည်။

မြို့နယ်ပညာရေးဦးစီးဌာနထံ ဆရာ/ဆရာမများ ကျောင်းဖွင့်ချိန်အမှီ ခန့်အပ်ပေးရန် ပြောထားသော်လည်း ယနေ့အချိန်ထိ မရရှိသေးသောကြောင့် လတ်တလောတွင် ဒဘတ်ယန်ကျေးရွာမှ ကျောင်းဆရာမနှစ်ဦးကို ခွဲပေးရန် တောင်းဆိုထားသည်ဟု ဆိုသည်။

ဒဘတ်ယန်ကျေးရွာ စာသင်ကျောင်းမှ ဆရာမ နှစ်ဦးဖြင့် စာသင်ကြားနိုင်ရေး စီစဉ်နေကြသည်ဟု ရပ်မိရပ်ဖ များက ပြောသည်။

ကျောင်းသားမိဘတစ်ဦးက “အခုလောလောဆယ် စာသင်ပေးမယ့်သူကို မရှိတဲ့အတွက် အဲ့ဒီ ဒဘတ်ယန်ကပဲ ပေါ့။ သူတို့ဆီမှာလည်း ၄-၅ ယောက်ပဲ။ မလုံလောက်ဘူး။ တကယ်တော့ သူတို့ဆီမှာလည်း မနိုင်လောက်ဘူး။ ကျောင်းသား ၁၀၀ ကျော်ဆိုတော့လေ။ ဆရာမ ၄-၅ ယောက်နဲ့ မနိုင်လောက်ဘူး။ ဒါပေမယ့် မရှိတဲ့အတွက် အခုလောလောဆယ်က ကျနော်တို့ကို နှစ်ယောက် အဲ့လိုမျိုး ခွဲပေးတဲ့ သဘောပေးပေါ့။ ကူညီပေးတာပေါ့” ဟု ပြောသည်။

အလားတူး ကဇူးကျေးရွာရှိ ကလေးငယ်များ စာသင်ကြားနိုင်ရေး ယာယီကျောင်းဆောင်ကို ဝါးနှင့် ဆောက်လုပ် ကာ ဒဘတ်ယန် မူလတန်းကျောင်းမှ ခွဲပေးသော ဆရာမများ၏ အကူအညီဖြင့် ကျောင်းဖွင့်လှစ်နေပြီဟု ဆို သည်။

၎င်းတို့မှာ ကဇူးကျေးရွာအတွက် သီးသန့်ခန့်အပ်ပေးခြင်းမဟုတ်ပဲ ဒဘတ်ယန်ကျောင်းမှ ဆရာမ နှစ်ဦးသည် ကဇူးကျေးရွာစာသင်ကျောင်းအတွက် ယာယီခေတ္တ လာကူပေးခြင်း သာ ဖြစ်သောကြောင့် ၎င်းတို့ကျောင်း အတွက် မြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိသူများအနေဖြင့် ဆရာ/ဆရာမ များ အမြန်ဆုံးခန့်အပ်ချပေးရန် လိုအပ် သည်ဟု ကဇူးကျေးရွာက ကျောင်းသာမိဘများက ပြောသည်။

ကဇူးကျေးရွာအတွင်း မူလတန်းမှ အထက်တန်းအထိ ကျောင်းတက်မည့် ကျောင်းသားဦးရေမှ အယောက် ၁၀၀ နီးပါးရှိသည်ဟု ဆိုသည်။

ကဇူးဒေသခံ အမျိုးသမီးတစ်ဦးကလည်း စာသင်ကြားပေးမည့် ဆရာ/ဆရာမများ မရရှိသေးသည့်အတွက် ကလေးငယ်များ၏ ပညာရေးကို စိတ်ပူသည်ဟု ပြောသည်။

“အခု ဒီပညာရေးတွေနဲ့ ပတ်သက်ပြီး ကျမတို့က ကျောင်းဆရာမ မရရှိဘူး။ ဆိုတော့ သူများဆီကနေ ခွဲပြီး သင် ကြားရမယ်ဆိုရင်တော့ ကျမတို့ ကလေးတွေရဲ့ ပညာရေး သင်ကြားမှုက ထိရောက်မှု မရှိမှာကို စိုးရိမ်တယ်။”

ထို့အပြင် “ပညာတတ်ပြီး စာသင်ပေးတတ်တဲ့ ဆရာ၊ဆရာမတွေကို ပညာရေးရုံးကနေ ဥပမာ အစိုးရက ဖွင့်ပေး တဲ့ ကျောင်းဆိုရင်လည်း အစိုးရကျောင်းပေါ့၊ အဖွဲ့အစည်းကနေ ဖွင့်ပေးတဲ့ ကြားကာလ ကျောင်းဆိုရင်လည်း အဲ့ဒီ ကြားကာလကျောင်း ဖြစ်ဖြစ်ပေါ့၊ အဖွဲ့အစည်းတစ်ခုခုကနေ ဖွင့်ပေးပြီး ကျောင်းဆရာမတွေကို ခန့်အပ်ပို့ ပေးပြီး အလယ်တန်းကျောင်းအထိ ဖွင့်ပေးနိုင်အောင် ကူညီထောက်ပံ့ပေးနိုင်ရင်တော့ ပိုကောင်းပါတယ်” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

အဘက်ဘက်မှ လိုအပ်လျက်ရှိနေသော နေရပ်ပြန် ကဇူးကျေးရွာမှ မူလတန်းကျောင်းမှ ကျောင်းဆောင်သည် လည်း ယာယီဖြစ်သောကြောင့် ကျောင်းဆောင်ကိုလည်း ကောင်းမွန်စွာ ပြန်လည်တည်ဆောက်နိုင်ရေး အကူ အညီများ လိုအပ်နေသည်။

အလားတူ ကဇူးကျေးရွာက အထက်တန်းကျောင်းသားများသည်လည်း ရွာနှင့် ၂ မိုင်ခန့် အကွာတွင်ရှိသည့် ဂါးရာယန်ကျေးရွာက ကျောင်းတွင် ကျောင်သွားတက်နေကြရသည်ဟု ဆိုသည်။

ကဇူးကျေးရွာသည် မြစ်ကြီးနား-ဗန်းမော် ကားလမ်းမပေါ်ရှိ အိမ်ခြေ ၁၀၀ ကျော်ခန့်ရှိသော ကျေးရွာတစ်ရွာ ဖြစ်ပြီး၊ ၂၀၁၁ ခုနှစ်က ဖြစ်ပွားခဲ့သည့် စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြားက တကျော့ပြန်တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာခဲ့ကြသည်။

ထို့နောက် ဆယ်စုနှစ် တစ်စုကျော်အကြာ ၂၀၂၃ ခုနှစ် မတ်လအတွင်းတွင် ကိုယ်ထူကိုယ်ထဖြင့် တဖန်ပြန်လည် အခြေချနေထိုင်ခဲ့ကြသည့် ကျေးရွာလေးတစ်ရွာဖြစ်သည်။

December 20, 2024
ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့တွင် ကလေးငယ် ၂၀ ဦးခန့် သဲလွန်စမရပဲ ပျောက်ဆုံးသွားသည်ဟု ဒေသခံနှင့်...
December 19, 2024
မွန်ပြည်နယ်၊ ရေးမြို့တွင် စစ်ကောင်စီက လုံခြုံရေးကိုအကြောင်းပြကာ လမ်းမကြီးဘေးတစ်လျှောက်ရှိ...
December 17, 2024
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ရဲနှင့် စစ်တပ်တို့မှ လိုင်စင်မဲ့ယာဉ်များကို...
December 17, 2024
ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက အုပ်စုအတွင်းရှိ ကျေးရွာ ၄ ရွာမှ အိမ်ထောင်ဦးစီးများကို...