စစ်ကောင်စီ၏ လုံခြုံရေး ခြိမ်းခြောက်မှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသော နိုင်ငံတစ်ဝှမ်းရှိ စစ်ဘေး ရှောင်ပြည်သူများအတွက် နယ်စပ်ဖြတ်ကျော်ရေး အကူအညီများနှင့် လူသားချင်း စာနာထောက်ပံ့မှုများ အထူးလိုအပ်နေကြောင်း နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေးလုပ်သားအဖွဲ့ -BPHWT က ပြောဆိုလိုက်သည်။
မေလ (၂၉) ရက်နေ့မှ ဇွန်လ(၂)ရက်နေ့အထိ ထိုင်း-မြန်မာနယ်စပ်တစ်နေရာတွင် ပြုလုပ်ခဲ့သော BPHWT အဖွဲ့၏ ကိုးကြိမ်မြောက်ညီလာခံအပြီး ထုတ်ပြန်သည့် ကြေညာချက်တွင် ထိုသို့ ပြောဆိုထားခြင်းဖြစ်သည်။
စစ်အာဏာသိမ်းမှုနောက် လမ်းပန်းဆက်သွယ်ရေး ခက်ခဲလာသည့်အတွက် BPHWT အပါအဝင် အခြား အကူ အညီပေးသော အဖွဲ့များသည် စစ်ဘေးရှောင်များအတွက် အကူအညီပေးသော ကျန်းမာရေး အထောက်အပံ့များ စစ်ကောင်စီထံသို့ မရောက်ရှိစေရန် သတိထားသွားလာရပြီး နယ်စပ်ဖြတ်ကျော်ခြင်းမှ တစ်ဆင့်ပေးခြင်းက ပိုမို ကောင်းမွန်သည်ဟု BPHWT အတွင်းရေးမှူး စောဝင်းကျော်က ပြောသည်။
“ကျနော်တို့အနေနဲ့လည်း ပြည်တွင်းကနေ အကူအညီတွေပေးတဲ့နေရာမှာ လမ်းကြောင်း သတိထားရတာတွေ ရှိ တယ်။ တောလမ်းတွေကသွားတဲ့ အခါကျတော့ ကားသွားမရတဲ့နေရာတွေမှာ မြစ်ချောင်းတွေကို ဖြတ်သွားရ တဲ့အခါ လမ်းချော်တာတွေရှိတယ်၊ အဲ့ဒါကြောင့်အကောင်းဆုံးကတော့ ထိုင်းဘက်နေဖြစ်ဖြစ်၊ အိန္ဒိယနဲ့ ဘင်္ဂ လားဒေ့ရှ်တို့၊ တရုတ်တို့ဘက်ကဖြစ်ဖြစ် ဝင်ပြီးကူညီပေးနိုင်မယ်ဆိုရင် ပိုကောင်းမယ်။”
လတ်တလောတွင် BPHWT အနေဖြင့် ဆေးနှင့် ထောက်ပံ့ရေး ပစ္စည်းများအား ထိုင်းနိုင်ငံဘက်မှ အများဆုံး တင် သွင်း၍ အကူအညီပေးနေသော်လည်း ထိုင်းအာဏာပိုင်များနှင့် ညှိနှိုင်းပြောဆိုရသည့်အခါ ခက်ခဲမှုများလည်း ရှိနေသည်ဟု စောဝင်းကျော်က ဆက်ပြောသည်။
ထို့အပြင် မြန်မာနိုင်ငံတွင် အာဏာသိမ်းယူပြီးနောက် နိုင်ငံတစ်ဝှမ်းတွင် စစ်ဘေးရှောင်ပြည်သူဦးရေ ၂ သန်းခန့်ရှိ လာပြီး စစ်ကောင်စီ၏ လုံခြုံရေးခြိမ်းခြောက်မှုများကြောင့် ၎င်းတို့၏ ဘဝရပ်တည်မှုသာမက ကိုယ်ရောစိတ်ပါ ထိခိုက်ခံစားနေကြရသလို စစ်ကောင်စီ၏ စီမံခန့်ခွဲမှုညံ့ဖျင်းမှုနှင့် အာဏာဖီ ဆန်ရေး လှုပ်ရှားမှုများကြောင့် ကျန်း မာရေး စနစ်ပြိုလဲ၍ လူထုကျန်းမာရေးစောင့်ရှောက်မှုများ အလှမ်းဝေးနေသည်ဟု BPHWT ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
စစ်ဘေးသင့်၏ ဒေသများတွင် ကျန်းမာရေးစနစ် ချို့တဲ့ရခြင်း၏ အခြေအနေနှင့်ပတ်သက်၍ စောဝင်းကျော်က “စစ်တပ်က လေကြောင်းနဲ့ဖြစ်စေ၊ လက်နက်ကြီးနဲ့ဖြစ်စေ ဗုံးကြဲတိုက်ခိုက်လို့ ဆေးပေးခန်းတွေပျက်စီးတော့ ဆရာ၊ ဆရာမ တော်တော်များများက ကြောက်ပြီးပြေးကြတယ်။ အဲဒီတော့ စစ်ဖြစ်ပွားတဲ့ဒေသတွေမှာ ဆေး ပေးခန်းတွေအတွက် ဆရာဝန်လုံလောက်မှုမရှိတော့ဘူး။ ကျနော်တို့အဖွဲ့တွေလည်း ကိုယ်တတ်နိုင်သလောက် တော့ လုပ်နေပေမယ့် လိုအပ်ချက်ကရှိနေတုန်းပဲ” ဟု ပြောသည်။
BPHWT အနေဖြင့်လည်း ဖက်ဒရယ်ဒီမိုကရေစီ၏ ကျန်းမာရေးစနစ်ကို ဦးတည်၍ တိုင်းရင်းသား ကျန်းမာရေး အဖွဲ့များ ပါဝင်သော ကဏ္ဍပေါင်းစုံနှင့် ညှိနှိုင်းပူးပေါင်းကာ ရေရှည်ခိုင်မြဲသော ကျန်းမာရေး စနစ်တိုးတက်မှုနှင့် အခြေခံကျန်းမာရေးအခွင့်အလမ်းများရရှိရန် လက်လှမ်းမီအောင် ကြိုးပမ်းလုပ်ဆောင်မည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ယခုကျင်းပပြီးသည့် BPHWT ညီလာခံတွင် အဖွဲ့၏ ဘဏ္ဍာရေးအစီရင်ခံစာ၊ လုပ်ငန်းအစီရင်ခံစာများကို တင်ပြ ဆွေးနွေးခြင်း၊ ရှေ့လုပ်ငန်းစဉ်၊ ဖွဲ့စည်းပုံနှင့်လုပ်ထုံးလုပ်နည်းများကို ပြန်လည်သုံးသပ် အတည်ပြု ဖြည့်စွက်ခြင်း များ ပြုလုပ်ပြီး ဥက္ကဋ္ဌ ဒေါက်တာစင်သီယာမောင်နှင့် အဖွဲ့ဝင် (၁၁) ဦး ပါဝင်သည့် ဦးဆောင်အဖွဲ့ကို ရွေးကောက် တင်မြှောက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝေးလံသီခေါင်သည့် စစ်ဖြစ်ပွားရာ တိုင်းရင်းသားဒေသများတွင် အခြေခံကျန်းမာရေးဝန်ဆောင်မှုများပေးရန် ရည်ရွယ်၍ နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေးလုပ်သားအဖွဲ့ BPHWT ကို ၁၉၉၈ ခုနှစ် ဩဂုတ်လ (၁၆) ရက် နေ့တွင် ဖွဲ့စည်းခဲ့ပြီး ကျောပိုးအိတ်အဖွဲ့ငယ် (၃၂) ဖွဲ့ဖြင့် ကရင်၊ ကရင်နီ၊ မွန်စသည့် ဒေသများရှိဝေးလံ ခေါင်ဖျား သည့်နေရာများတွင် ပဏာမကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့သည်။
လက်ရှိတွင် BPHWT ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအတွက် ဆရာ၊ဆရာမ စုစုပေါင်း (၅၆၀) ဦး ကျော်ထားရှိသလို တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ဆေးပေးခန်း တစ်ရာကျော်ရှိသည့်အနက် ကရင်တိုင်း ရင်းသားဒေသများ တွင် (၆၆) လုံး ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း အဖွဲ့၏ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောသည်။
Photo-BPHWT