အိမ်ရှင်များ၏ ဖိနှိပ်ခြိမ်းခြောက်မှုများကို ကြုံတွေ့နေရပြီး ဒုက္ခရောက်နေသူ အချို့ရှိကြောင်း အိုမန်နိုင်ငံတွင် အိမ်အကူ သွားရောက် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာအမျိုးသမီးငယ်များက ပြောသည်။
ဒေသတွင်း အလုပ်သမားပွဲစားများ၏ ချိတ်ဆက်မှုဖြင့် အိုမန်နိုင်ငံသို့ ရောက်ရှိ လာကြပြီးနောက် အေးဂျင့်ရုံး (အကျိုးဆောင်ရုံး) တွင် အလုပ်အကိုင် ရှာဖွေပေးပြီး အိုမန်နိုင်ငံသားများ၏ နေအိမ်များတွင် အိမ်အကူ ဝင် ရောက်လုပ်ကိုင်ကြရကာ အိမ်ရှင်များ၏ အနိုင်ကျင့် စော်ကားမှုများအပြင် အစာရေစာ မဝလင်မှုများနှင့် အလုပ် အကိုင် မရရှိကြသူများ ရှိနေသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ အိုမန်ရောက် မြန်မာအမျိုးသမီးငယ် တစ်ဦးက ယခုကဲ့သို့ ပြောသည်။
“အေးဂျင့်ရုံးရောက်တာနဲ့ဖုန်းအကုန်သိမ်းတာ။ ဖုန်းလည်းပေးမကိုင်တော့ မိဘတွေနဲ့ အဆက်သွယ်မရဘူး။ ငိုရ တာနေ့တိုင်းညတိုင်းပဲ။ အေးဂျင့်ရုံးမှာ ရောက်တော့ ထမင်း လည်း မဝဘူး။ လူဆယ်ယောက်ကျော်ကို နို့ဆီဗူး ၂ လုံးပဲ ချက်ကျွေးတယ်။ မဝတဲ့အပြင် တစ်ရက်တစ်နှပ်ပဲစားရတယ်။ အိမ်ရှင်တွေဆီရောက်တော့လည်း ထမင်း ဝတဲ့ သူရှိသလို မဝတဲ့သူလည်းရှိတယ်။ တချို့သူငယ်ချင်းတွေက တစ်ရက်ကို တစ်နှပ်ပဲစားရတယ်။ အလုပ်ထဲ မှာလည်း ဘယ်လိုပဲကောင်းအောင် လုပ်ပေးပေး နေ့တိုင်းအဆူခံရတယ်။ အရိုက်ခံရတာ လည်းရှိတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် လက်ရှိတွင် အလုပ်အကိုင် ရှာဖွေချိတ်ဆက်ပေးသည့် အေးဂျင့်ရုံးဟု ခေါ်သည့် နေရာများတွင်လည်း လနှင့်ချီ၍ အလုပ်မရကြသူအချို့ ရှိနေကြသေးပြီး အလုပ်ရရှိသူ အချို့မှာလည်း အိမ်ရှင်ကောင်းနှင့်တွေ့လျှင် အဆင်ပြေကြသူများ ရှိသော်လည်း အချို့မှာမူ ရိုက်နှက်ခံရမှုများ ရှိနေသည့်အပြင် လိင်ပိုင်းဆိုင်ရာ စော်ကားမှု များနှင့် အရောင်းစား ခံရမည်ဟုဆိုကာ ခြိမ်းခြောက်ပြောဆိုခံရမှုများကို ကြုံတွေ့ရသူများလည်းရှိနေသည်ဟု အဆိုပါ အမျိုးသမီးငယ်က ဆက်ပြောသည်။
၎င်းက “အတူလာတဲ့ သူငယ်ချင်း နှစ်ယောက်ဆိုရင် နှစ်လရှိပြီး အလုပ်မရသေးတော့ သောက်ရေလည်း မဝယ် သောက်နိုင်ဘူး။ ဘေစင်ရေသောက်တာ ဂတ်စ်ငွေ့ တွေပါတော့ ဗိုက်အောင့်တာ။ ဘယ်သူ့မှဂရုမစိုက်ဘူးတဲ့။ ဆေးလည်း မကုပေးဘူး။ ဆေးလည်း မတိုက်ကြဘူး။ အခုက အလုပ်ရပြီး။ ဒါပေမယ့် သူအလုပ်ရတဲ့အချိန်မှာ လူက မျော့မျော့လေးပဲ ကျန်တော့တယ်” ဟု ဖြည့်စွက်ပြောသည်။
အဆိုပါ အမျိုးသမီးငယ်များသည် တစ်ရွာထဲနေသူများ၏ ကူညီချိတ်ဆက်မှုမှ တဆင့် ရန်ကုန်ရှိ အလုပ် သမားပွဲစားများမှ အိုမန်နိုင်ငံသို့ ပို့ဆောင်ပေးခြင်းဖြစ်ပြီး အလုပ်သမားဗီဇာနှင့် သွားရောက်ကြခြင်းမဟုတ်ဘဲ အလည်ဗီဇာဖြင့်သာ သွားရောက်ကြခြင်းဖြစ်သည်ဟု ဆိုသည်။
ထို့နောက် အိုမန်နိုင်ငံသို့ ရောက်မှ အိုမန်ရောက် မြန်မာအလုပ်သမားပွဲစားများက အလုပ်လုပ်ကိုင် ခွင့်ရရန် ပြန် လည် လုပ်ဆောင်ပေးပြီး ၎င်းအတွက် ကျပ်ငွေ သိန်း ၂၀ ဝန်းကျင်ပုံအောပေးရသော်လည်း ဒုက္ခရောက်လျှင် ကူညီပေးခြင်း မရှိကြောင်း အိုမန်ရောက် အလုပ်သမားအချို့က ဆိုသည်။
ထို့အပြင် လတ်တလောတွင် အိမ်ရှင်များ၏ ဖိနှိပ်ခြိမ်းခြောက် အနိုင်ကျင့်မှုများရှိသလို အလုပ်အကိုင် အဆင် မပြေမှုများ ရှိနေသော်လည်း ၎င်းကိစ္စရပ်များအတွက် တာဝန်ယူ ကူညီဖြေရှင်းပေးမည့် သူများနှင့် အဖွဲ့အစည်း များ မရှိသောကြောင့် အလုပ်ရှင်များ၏ အနိုင်ကျင့်စော်ကားမှုများကို ကြိတ်ခံနေကြရသူများရှိသည်ဟု အိုမန် ရောက် အိမ်ကူအလုပ်သမများက ပြောသည်။
ထို့ကြောင့် မြန်မာနိုင်ငံရှိ အမျိုးသမီးငယ်များ အနေဖြင့် အိုမန်နိုင်ငံသို့ လာရောက် အလုပ် လုပ်ကိုင်ခြင်း မပြုစေ ချင်ဘူးဟု နောက်ထပ် အိမ်အကူ မြန်မာအမျိုးသမီး ငယ်တစ်ဦးကလည်း ပြောသည်။
“ကျမတို့ ဒီကိုရောက်နေတဲ့ သူငယ်ချင်းတွေ တိုင်ပင်ကြတယ်။ ဒီကို တခြားလူ တွေမလာကြဖို့ ဝိုင်းတားကြ မယ်ပေါ့။ ဖြစ်နိုင်ရင် ဒီကို ဘယ်သူမှ မလာစေချင်ဘူး။ တကယ်ဒုက္ခရောက်တာ။ ဒါပေမဲ့ ကျမတို့ကို ဘယ်သူမှ လည်း မယုံကြဘူး။ ကျမတို့ ဒုက္ခရောက်နေတာကို လိမ်နေကြတယ်လို့ပဲ ထင်နေကြတာ။ အဲ့တော့ မတတ်နိုင် ဘူး။ ဒီကိုရောက်မှပဲ သူတို့ သိကြမှာပေါ့” ဟု ကေအိုင်စီသို့ ပြောသည်။
ပြီးခဲ့သည့် လများတွင်လည်း အိုမန် နိုင်ငံတွင် လူကုန်ကူးခံထားရသည့် မြန်မာအမျိုးသမီး တစ်ဦးကိုလည်း သက် ဆိုင်ရာ တာဝန်ရှိသူများက ကယ်ထုတ်ပေးနိုင်ခဲ့ကြောင်း သတင်းများ ထွက်ပေါ် ခဲ့ပြီး လက်ရှိ အိုမန်နိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင် နေကြသည့် မြန်မာအမျိုးသမီးငယ်များစွာရှိနေကာ လူကုန်ကူးခံရမှုနှင့် အနိုင်ကျင့် စော်ကားခံရမှုများရှိနေကြောင်းလည်း အိုမန်ရောက် မြန်မာနိုင်ငံသားများ၏ ပြောပြချက်အရ သိရသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ဖြစ်ပြီးနောက်ပိုင်း တိုင်းပြည်အတွင်း စီးပွားရေး လုပ်ငန်းများနှင့် ငွေကြေး စနစ်များပြိုလဲနေသလို အလုပ်အကိုင် ရှားပါးမှုနှင့် ကုန်စျေးနှုန်းများ မြင့်တက်လာမှုတို့ကြောင့် နိုင်ငံရပ်ခြား ဒေသများကို ထွက်ခွာ အလုပ်လုပ် ကိုင်ကြသူများမှာ သိသိသာသာ များပြားလာနေပြီး အကျိုးဆက် အနေဖြင့် လူကုန်ကူးခံရသည့် ဖြစ်စဉ်များလည်း မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိနေသည်။