ရခိုင်ပြည်နယ်တွင် မိုခါမုန်တိုင်းကြောင့် မြို့နယ် (၅) ခုတွင် ဆည်နှင့် တာတမံ အများအပြား ပျက်စီးသွားသည့် အတွက် ၎င်းတို့ကို မိုးမကျခင် အချိန်မီ ပြုပြင်တည်ဆောက်ခြင်း မရှိပါက မိုးစပါးစိုက်ပျိုးဧက သောင်းနှင့်ချီပြီး ဆုံးရှုံးသွားနိုင်ကြောင်း ဒေသခံလယ်သမားများက ပြောသည်။
ပေါက်တောမြို့နယ်၊ ရွာချောင်းကြီးကျေးရွာမှ လယ်သမား ဦးမောင်သန်းတင်က “နန်းတက်ကျွန်းကလူတွေဆိုရင် ဆည်တောင်မဆည်တော့ဘူး။ သူတို့က အခု ဆည်လိုက်လို့လည်း အဆင်မပြေတော့ဘူး။ သူတို့ စပါးလည်း စိုက် နိုင်တော့မှာလည်း မဟုတ်ဘူး။ ဆည်လို့လည်း အချိန်မမီတော့ဘူး။ သူတို့မှာက အများကြီး ပျက်စီးသွားတယ် လေ” ဟု ပြောသည်။
မိုခါမုန်တိုင်းကြောင့် ပေါက်တောမြို့နယ် အပါအဝင် မြေပုံ၊ မြောက်ဦး၊ ရသေ့တောင်၊ မောင်တောနှင့် ကမ်းရိုး တန်းဒေသနေ မြို့အများအပြားတွင် ဆည်နှင့် တာတမံ အများအပြား ကျိုးပေါက်ပျက်စီးသွားခဲ့ခြင်းဖြစ်သည်။
ပေါက်တောမြို့နယ်တွင်ဆိုလျှင် နန်းတက်ကျွန်း၊ တောင်းဖူး၊ ရွာချောင်းကြီး၊ သဝင်ချောင်း၊ အဝကန်စသည့် ဆည် တာတမံများ အပါအဝင် အခြား ဆည်တာတမံများလည်း ဆိုးဆိုးဝါးဝါး ပျက်စီးသွားခဲ့သည်ဟု ဒေသခံ လယ် သမားများက ပြောသည်။
လက်ရှိတွင် ပေါက်တောမြို့နယ်အတွင်း ပျက်စီးသွားခဲ့သည့်ဆည်နှင့် တာတမံများကို အစိုးရက ပြုပြင်ပေးခြင်း၊ ဆည်ဖို့ပေးခြင်း မရှိသေးဟု ဆိုသည်။
ဧက အနည်းငယ်ပျက်စီးသွားသည့် တာတမံများကို ဒေသခံများက မိမိအစီအစဥ်ဖြင့် ဆည်ဖို့နေကြရပြီး ဧက အများအပြား ပျက်စီးသွားသူများတွင် ယခုအချိန်ထိ ဆည်ဖို့နိုင်ခြင်းမရှိသေး၍ ယခုမိုးတွင်း စပါးစိုက်ရာသီတွင် မိုးစပါး မစိုက်နိုင်တော့ခြင်းဖြစ်သည်ဟု ပေါက်တောမြို့နယ်၊ ရွာချောင်းကြီးကျေးရွာမှ လယ်သမား ဦးမောင်သန်း တင်က ဆက်ပြောသည်။
“သူတို့ (အစိုးရ) လုပ်ပေးမှာကို စောင့်နေမယ်ဆိုရင် ကြာမယ်။ ကျနော်တို့ ရွာချောင်းကြီးမှာတော့ ကိုယ်မိသားစု တွေနဲ့ ဝိုင်းပြီးတော့ နေ့ရော၊ ညပါ ဆည်လိုက်ကြတယ်” ဟု ပြောသည်။
ရွာချောင်းကြီး တာတမံသည် ပေါက်တောမြို့နယ်မှ ရွာချောင်းကြီး၊ လက်မယာ၊ စွန်ရဲ ကျေးရွာများနှင့် ပေါက် တောမြို့ပေါ်မှ အမှတ်(၃)၊ အမှတ်(၄)ရပ်ကွက်တို့က ဒေသခံများ လုပ်ကိုင်စားသောက်ကြသည်ဟု ဆိုသည်။
အလားတူ ရသေ့တောင်မြို့နယ်တွင်လည်း ကျီးကျွန်း၊ အောက်ကျောင်းတောင်၊ ပန်းဇင်းမော်နှင့် ဇီးကိုင်းစသည့် ဆည်နှင့် တာတမံများ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးသွားခဲ့သည်ဟု ဒေသခံ လယ်သမားများက ပြောသည်။
အဆိုပါ ပျက်စီးမှုများကို အစိုးရက မိုခါမုန်တိုင်းတိုက်ပြီးနောက် ၂ ပတ်ကျော်ကြာသည့် တိုင်အောင် ပြန်လည် စိစစ်ခြင်း၊ ဆည်ဖို့ရန် စီစဉ်ဆောင်ရွက်ခြင်းများ မရှိ၍ အနည်းအကျဥ်းပျက်စီးသွားသည့် နေရာအချို့ကို ဒေသခံ လယ်သမားများ စုပေါင်းကာ ကိုယ်ထူကိုယ်ထ ဆည်ဖို့နေကြရသည်ဟုလည်း လယ်ဧက ၃၀၀ ကျော် ပျက်စီး သွားသည့် ဇီးကိုင်းကျေးရွာမှ လယ်သမား ဦးမောင်တင်ဝင်းက ပြောသည်။
“ကိုယ်တို့မှာ လုပ်စားလည်း မပျက်ရအောင်ဆိုပြီးတော့ အဲလိုပုံစံမျိုးတော့ ပိုက်ဆံ အကုန်အကျ ခံပြီးတော့ ဆည်ထားကြတာရှိပါတယ်” ဟု ပြောသည်။
စစ်ကောင်စီကမူ မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီး ဌာနက ထိန်းသိမ်းထားသော ရေငန်တားတာ ၃၂ ခုအနက် မောင်တောမြို့နယ်မှ ခြံပြင်တာ၊ မြောက်ဦးမြို့နယ်မှ ကုလားပုန်းကျွန်းပတ်တာ၊ မြေပုံမြို့နယ်မှ ငမန်းရဲကျွန်းတာ အပိုင်း (၁) နှင့် (၂) တို့တွင်သာ တာရေကျော် တိုက် စားခြင်းကြောင့် ကျိုးပေါက် ပျက်စီးသွားခဲ့သည်ဟု မေလ ၂၈ ရက်နေ့ ထုတ် စစ်ကောင်စီပိုင် သတင်းစာတွင် ဖော်ပြခဲ့သည်။ ဇွန်လ ၃ ရက်တွင် ရာနှုန်းပြည့် ပြီးစီးအောင် ဆောင်ရွက်နေသည်ဟုလည်း ထုတ်ပြန်ထားသည်။
ယင်းအနက် မြေပုံမြို့နယ်မှ ငမန်းရဲကျွန်းတာ အပိုင်း(၁)တွင် စပါးစိုက်ဧက ၄ ထောင်ခန့် ပျက်စီးပြီး အပိုင်း (၂) တွင် စပါးစိုက်ဧက ၃ ထောင်ခန့် ပျက်စီးသွားခဲ့သည်ဟု ဒေသခံလယ်သမားများက ပြောသည်။
လွန်းလုံးပိုက်ကျေးရွာမှ စပါးစိုက်ဧက ၁၄၀၀ ကျော် ပျက်စီးသွားသည့် လယ်သမား ဦးထွန်းထွန်းဝင်းက “စပါး စိုက်ပျိုးနိုင်တဲ့ ဧကတွေကို အားလုံး ဆားငန်ရေဝင်သွားပါတယ်။ လက်ရှိမှာတော့ ဆည်မြောင်းက လာဆည်ပေး ထားလို့ လယ်သမားတွေ စပါးပုံမှန် စိုက်ပျိုးနိုင်အောင်တော့ လုပ်နေကြပါတယ်” ဟု ပြောသည်။
မြေပုံမြို့နယ်မှ ငမန်းရဲကျွန်းတာ အပိုင်း(၁)တွင် ငခူချောင်း၊ ဝက်ဂေါင်းကြီး၊ ပြင်ချောင်း၊ ငမန်းရဲနှင့် လွန်းလုံးပိုက် စသည့် ကျေးရွာများက စိုက်ပျိုးလုပ်ကိုင်ကြပြီး အပိုင်း (၂) တွင် တွင်းငခူချောင်း၊ သင်္ဂနက်နှင့် အလယ်ကျွန်း စသည့်ကျေးရွာများက စိုက်ပျိုးလုပ်ကိုင် ကြသည်ဟုလည်း ဒေသခံလယ်သမားများက ပြောသည်။
အဆိုပါတာတမံများတွင် ယခုကဲ့သို့ မိုးရာသီ၌ မိုးစပါးစိုက်ပျိုးကြပြီး နွေရာသီ၌ ရေငန်ပုစွန် မွေးမြူ လုပ်ကိုင် တတ်ကြသည်ဟုလည်း ဆိုကြသည်။
ရခိုင်တွင် ပြီးခဲ့သည့် မေလ ၁၄ ရက်က “မိုခါ”အမည်ရှိ အားအလွန့်အလွန် အားကောင်းသည့် မုန်တိုင်းသည် စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက် တိုက်ခတ်သွားခဲ့သည်။
မိုခါကြောင့် ရခိုင်တွင် လူပေါင်း ၁၄၈ ဦးသေဆုံးပြီး ကျွဲ၊ နွားကောင်ရေ သောင်းနှင့်ချီသေဆုံးခဲ့ကာ ဆည်မြောင်း တာတမံအများအပြားလည်း ကျိုးပေါက်ပျက်စီးသွားခဲ့ရခြင်းဖြစ်သည်ဟု စစ်ကောင်စီက ကြေညာထားသည်။