စစ်ကောင်စီ၏ လူသားဒိုင်း ဖမ်းဆီးမှုများကြောင့် မှော်ပုံဒေသခံများ အိမ်မပြန်ရဲ

စစ်ကောင်စီ၏ လူသားဒိုင်း ဖမ်းဆီးမှုများကြောင့် မှော်ပုံဒေသခံများ အိမ်မပြန်ရဲ

စစ်ကောင်စီတပ်ရဲ့ လူသားဒိုင်းကာအဖြစ် အများဆုံးဖမ်းဆီးခံခဲ့ရတဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ လုံးခင်းကျေး ရွာအုပ်စု၊ မှော်ပုံကျေးရွာက ဒေသခံပြည်သူတွေဟာ ရွာထဲမှာ မနေရဲကြတော့ပါဘူး။

စစ်ကောင်စီတပ်ကနေ မှော်ပုံရွာသူရွာသား ၂၀၀ ကျော်ကို  ဖမ်းဆီးပြီး ပြန်လွှတ်လိုက်တဲ့ ဒေသခံတွေကို နောက် တစ်ခေါက်ရွာထဲမှာတွေ့ရင် သတ်ပစ်မယ်ဆိုတဲ့ ခြိမ်းခြောက်ပြောဆိုမှုတွေ ပြုလုပ်ခဲ့တဲ့အပြင် စစ်ကောင်စီတပ် က  မှော်ပုံကျေးရွာအတွင်း  မကြာခဏ အဝင်အထွက် ပြုလုပ်နေတဲ့အတွက် ဒေသခံတွေ ရွာပြန်မနေရဲကြတာ လို့ မှော်ပုံဒေသခံ  အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ဒီတစ်ခေါက် ပြန်တွေ့ရင် နင်တို့ကို သတ်လိုက်မယ်လို့ ပြောတဲ့အတွက် အဲ့ဒီက(ဖမ်းဆီးရာက လွတ်မြောက်လာ သူတွေ) ထွက်လာတဲ့ သူတွေအများပိုင်းက တစ်ခါထဲပြန်သွားကြတဲ့သူတွေလည်း များတယ်။ အစ်မသိတဲ့ သူတွေက ထွက်ပြေးသွားကြတယ် မနေရဲကြလို့” လို့ ဆိုပါတယ်။

 မှော်ပုံကျေးရွာမှာ အိမ်ခြေတစ်ထောင်‌လောက်ရှိပြီး လက်ရှိမှာတော့ ၉၀ ရာခိုင်နှုန်းလောက်က ရွာအတွင်းမှာ မနေထိုင်ကြတော့ဘူးလို့ မှော်ပုံကျေးရွာအနီးမှာရှိတဲ့ ဆန်ခါကျေးရွာ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ဆန်ခါဒေသခံက “မနေရဲကြတာ သေချာတယ်။ အနည်းအကျဉ်းလောက်ပဲ အိမ်စောင့်လောက်ပဲ ရှိကြတယ်” လို့ ပြောပါတယ်။

မှော်ပုံကျေးရွာ ဒေသခံတွေဟာ ဖားကန့်မြို့အတွင်းမှာရှိတဲ့ ဘာသာရေးကျောင်းတွေက ချပေးတဲ့ နေရာတွေနဲ့ နီးစပ်ရာဆွေမျိုးနေအိမ်တွေမှာ သွားရောက်ခိုလှုံ နေထိုင်နေကြတာဖြစ်ပြီး ထပ်မံဖမ်းဆီးခံရမှာကို ကြောက်တဲ့ အတွက် ရွာမှာ ဘယ်သူမှ မနေရဲတော့ဘူးလို့ မှော်ပုံဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ဘုရားကျောင်းက ချပေးတဲ့ စစ်ရှောင်စခန်းတွေမှာ တစ်ချို့က ဆွေမျိုးရှိတဲ့သူတွေမှာ စစ်ရှောင်သွားကြတယ်။ အစ်မတို့လည်း အိမ်နေရာတောင်မရှိဘူး။ သူများတွေရဲ့ အိမ်ဘေးမှာ တဲထိုးပြီးခဏနေနေတယ်။ ဘယ်သူမှ မနေရဲကြဘူးလေ” လို့ လက်ရှိအခြေအနေကို ရှင်းပြပါတယ်။

စစ်ကောင်စီတပ်က တိမ်းရှောင်သွားတဲ့ ဒေသခံတွေရဲ့ နေအိမ်တွေမှာ ကျန်ခဲ့တဲ့ တန်ဖိုးကြီးပစ္စည်း၊ ငွေနဲ့ အပြင် အခြားပစ္စည်းတွေကို ယူသွားကြတယ်လို့ အထက်ပါအမျိုးသမီးက ဆက်ပြောပါတယ်။

“ပွင့်ပွင့်လင်းလင်းပြောရရင် အိတ်အကောင်းတွေ ယောင်္ကျားလွယ်အိတ်တွေ အားလုံးယူသွားတယ်။ ကျောက် စိမ်းရှာတဲ့ ဓာတ်မီးတွေ အစ်မပိုက်ဆံနည်းနည်း ချန်ထားတာတွေလည်း အကုန်လုံး သော့တွေရိုက်ခွဲပြီး အကုန် ယူ သွားကြတယ်။ သူများတွေကိုလည်း အဲဒီလို လုပ်တယ်တဲ့” လို့ ဆိုပါတယ်။

မှော်ပုံကျေးရွာထဲကို စစ်ကြောင်းဝင်ရောက်ချိန်က  ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးရဲ့ ငွေကျပ်သိန်း ၂၀ ကို သိမ်း ယူရာမှာ ကလေးမွေးစရိတ်အဖြစ် ထားထားတဲ့ငွေဖြစ်တဲ့အတွက် မယူဖို့ပြောမယ့် အတင်းယူဆောင်သွားကြ တယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တဲ့ ဒေသခံတွေကို KIA၊PDF  ထောက်ပံ့လားဆိုတဲ့ မေးခွန်းမေးတဲ့အပေါ် တကယ် ထောက်ပံ့နေတာဟာ ဒေသခံပြည်သူတွေမဟုတ်ဘဲ သူတို့ (စစ်ကောင်စီ)နဲ့ အကျိုးတူပူးပေါင်းနေတဲ့ လုပ်ငန်းရှင် တွေ ဖြစ်တယ်လို့ ဆန်ခါကျေးရွာ ဒေသခံ အမျိုးသားက ပြောပါတယ်။

“တကယ်ထောက်ပံ့တာက ခင်ဗျားတို့ (စစ်ကောင်စီ)နဲ့ အလုပ်လုပ်နေကြတဲ့သူတွေပဲ။ ခင်ဗျားတို့နဲ့ KTV မှာ အတူတူ သွားနေ အတူတူ ဝိုင်းသောက်နေကြတဲ့သူတွေက အချင်းချင်း အပြန်အလှန် ထောက်နေကြတာကို ခင်ဗျားတို့ သိရက်သားနဲ့ သပ်သပ်ရွာသားတွေကို စော်ကားတာတော့ မကျေနပ်စရာပဲ” လို့ ဆိုပါတယ်။

မှော်ပုံကျေးရွာ ဒေသခံတွေဟာ KIA၊ PDF ထောက်ပံ့မယ့်အစား ဝမ်းရေးအတွက် အနိုင်နိုင် လုပ်စားနေရတဲ့ သူတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့က စစ်ကောင်စီကနေ မှော်ပုံကျေးရွာနဲ့ ဆန်ခါကျေးရွာက ဒေသခံ ၂၀၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သူတွေကို သူတို့လိုချင်တဲ့ အဖြေမရမချင်း ရိုက်နှက်စစ်ဆေးပြီး ရလာတဲ့ ထွက်ဆို ချက်တွေကို အထက်ကို တင်ပြနေတာဖြစ်တယ်လို့ လွတ်မြောက်လာသူတွေဆီက သိရပါတယ်။ လူသားဒိုင်း အဖြစ် ဖမ်းဆီးသွားတဲ့ လူ ၂၀၀ ကျော်အထဲက အများပိုင်း လွတ်မြောက်လာပြီး ၂၈ ဦး ကို ဆက်လက် ဖမ်းဆီး ထားပြီးတော့ လေးဦးက စစ်ကြောရေးမှာ သေဆုံးသွားတယ်လို့ သိရပေမယ့် သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။

ဖားကန့်မြို့နယ်အတွင်း စစ်ကောင်စီတပ်က မကြာခဏ ဖမ်းဆီးမှုတွေ ပြုလုပ်နေတာဖြစ်ပြီး စစ်ကြောင်းသွားရာ လမ်းရှိ ရွာတွေက ဒေသခံတွေကို  လူသားဒိုင်းအဖြစ် ဖမ်းဆီး ခေါ်ဆောင်တာတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

November 14, 2024
ဝိုင်းမော်ပင်မဓာတ်အားခွဲရုံ မြေနေရာအဖြစ် အသုံးပြုဖို့အတွက် မြေဧက ၁၀၀ ကျော်ကို သိမ်းယူဖို့...
November 13, 2024
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နောင်းချိန်းကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ စစ်ရှောင်ကလေးအယောက်...
November 12, 2024
ရွှေ့ပြောင်းခိုလှုံနေကြတဲ့ မြန်မာနိုင်ငံသားတွေကို စစ်အုပ်စုလက်ထဲ လွှဲအပ်တာမျိုး မပြုလုပ်ဘဲ...
November 11, 2024
ကချင်အထူးဒေသ ၁၊  ဆော့လော်မြို့နယ်အတွင်းက နယ်ခြားစောင့်တပ်(BGF) တပ်တွေရဲ့ နောက်ဆုံး...