ကာလိက အမျိုးသမီးကို ပစ်သတ်သည့် သတင်း စွပ်စွဲချက်သာ ဖြစ်ကြောင်း RCSS ပြော

ကာလိက အမျိုးသမီးကို ပစ်သတ်သည့် သတင်း စွပ်စွဲချက်သာ ဖြစ်ကြောင်း RCSS ပြော

သျှမ်းပြည် ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့နေ အမျိုးသမီးတစ်ဦး ပစ်သတ်ခံရသည့် သတင်းသည် စွပ်စွဲချက်သာ ဖြစ်ကြောင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) က ပြောဆိုလိုက် သည်။

အဆိုပါ ပစ်သတ်ခံရသည့် အမျိုးသမီးသည် ကာလိမြို့? ဝမ်တုံကျေးရွာတွင်နေထိုင်သည့် အသက် ၃၀ ကျော် အရွယ်ရှိ နန်းခမ်းစံ ဖြစ်ပြီး၊ မေလ ၂၈ ရက်နေ့တွင် ကာလိမြို့မှ မိုင်းနောင်ဘက်သို့ သွားစဥ် ကွန်ဟိန်းမြို့နယ် ဆိုင်းမွန်ကျေးရွာ နှင့် ဝမ်စိမ်းကျေးရွာကြားတွင် ပစ်သတ်ခံလိုက်ရခြင်း ဖြစ်သည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ RCSS /SSA တပ်ဖွဲ့၏ လက်ချက်ဖြစ်သည်ဟု ဒေသခံများက ပြောဆိုလျှက်ရှိရာ ထိုသတင်းမှာ စွပ်စွဲချက်သ ဖြစ်သည်ဟု ပြောသည်။

RCSS ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံ က “ဆိုရှယ်မီဒီယာတွေပေါ်မှာ အမျိုးသမီးတစ်ဦးကို ကျနော်တပ်ဖွဲ့ က ပစ်တယ်ဆိုပြီးတော့ ပြောဆို ရေးသား နေကြတာ တွေ့ရတယ်။ ဒါပေမယ့် ဒါက စွပ်စွဲချက် သပ်သပ်သာ ဖြစ်တယ်၊ စွပ်စွဲချက်တိုင်းကိုလည်း ကျနော်တို့ ပြန်ပြီး တုံ့ပြန်ပြောဆိုစရာ အကြောင်းမရှိဘူး” ဟု  သျှမ်းသံ တော်ဆင့်ကို ပြောသည်။

သို့သော် လုံခြုံရေးအရ အမည်မဖော်လိုသည့် နီးစပ်သူ အမျိုးသမီး တစ်ဦးက “အဲ့နေရာ နားမှာက RCSS တပ်ဖွဲ့ရှိ တယ်။ သူမရဲ့ ကားကို တားပြီး စစ်ဆေးမှုတွေ ပြုလုပ်တယ်၊ ပြီးတော့ သေ နတ်နဲ့ ၃ ချက်မနည်း ပစ်လိုက်တဲ့ အသံကြားရတယ်” ဟု သျှမ်းသံတော်ဆင့်ကိုပြောသည်။

ပစ်သတ်ခံရသည့် အမျိုးသမီး၏ အလောင်းကို မိသားစုဝင်များက နေ့တွင်းချင်း သွားရောက်သယ်ဆောင်ခဲ့သည်။

အဆိုပါ အမျိုးသမီး ပစ်သတ်ခံရသည့် လမ်းကြောင်းသည် ကာလိမြို့ နှင့် ခိုလမ်မြို့အား ချိတ်ဆက်ထားသော ကားလမ်းမကြီး တစ်ခုဖြစ်သည်ဟု ဒေသခံများက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

သေနတ်ပစ်သတ်ခံရသည့် နန်းခမ်းစံသည် သာမာန်အရပ်သူ တစ်ဦးဖြစ်ပြီး၊ ထိုအမျိုးသမီးသည် ကာလိ ပြည်သူ့စစ် ထိန်းချုပ်သည့် ဒေသတွင် နေထိုင်သူ တစ်ဦးဖြစ်သည်။

ကာလိပြည်သူ့စစ်အဖွဲ့ တပ်မဟာအမှတ် (၇) မှ တာဝန်ရှိသူ တစ်ဦးက “ပစ်သတ်ခံရတဲ့ အမျိုးသမီးတစ်ဦးက သာမာန်ပြည်သူပါပဲ။ ကျနော်တို့ နယ်မြေထဲက လူ ဖြစ်ပေမယ့် အခင်း ဖြစ်တဲ့နေရာက တိုက်ပွဲတွေ ဖြစ်နေတဲ့ နေရာ ဆိုတော့ လိုက်ရ နည်းနည်းခက်တယ်။ ဒါပေမယ့် ကျနော်တို့ စုံစမ်း နေတုန်းပါ။ မကြာခင် ဖြစ်စဉ်အမှန် သိရမယ် လို့ ယုံကြည်ပါတယ်” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

မေလ ၂၇ ရက်နေ့တွင်လည်း ကွန်ဟိန်းမြို့နယ် ဆိုင်းမွန်ရွာမြောက်ဘက် ဖာလိုင်တောင်ချိုင့်ဝှမ်းတွင် သျှမ်းတပ် နှစ်တပ်ဖြစ်သည့် SSPP /SSA နှင့် RCSS/SSA တို့က ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ပြီး ယနေ့အချိန်ထိ နှစ်ဖက်ကြား စစ်ရေးတင်းမာနေသည်ဟု ဒေသခံများက ပြောသည်။

“အမျိုးသမီး ပစ်သတ်ခံရတဲ့ အနီးတဝိုက်မှာ မေ ၂၇ ရက်တုန်းက ကျနော်တို့နဲ့ SSPP တပ် နဲ့ ထိတွေ့မှု တိုက်ပွဲ ဖြစ်ပွားခဲ့တယ်။ ပြင်းပြင်းထန်ထန်တော့ မဟုတ်ဘူး။ အခုတော့ ငြိမ်သွားပြီ” ဟု ဗိုလ်မှူးခမ်းစံက ပြောသည်။

ကွန်ဟိန်းမြို့နယ်တွင် SSPP နှင့် RCSS တပ်တို့ ဆက်လက်လှုပ်ရှားနေဆဲ ဖြစ်သည်။ မေလ ၁၉ ရက်နေ့တွင် မိုင်း ကိုင်မြို့နယ်မှ အသက် (၅၀) အရွယ် ဦးပေါ်ထွေး ဆိုသူ တောထဲ ကျွဲသွားကျောင်းစဥ် SSPP/SSA တပ်သားများ နှင့် တွေ့ဆုံခဲ့ပြီး ထွက်ပြေးခဲ့သည့်အတွက် သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ကျည်ထိမှန် သေဆုံးသွားခဲ့သည်ဟု SSPP/SSA ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ကြီး သီဟရာဇာက သျှမ်းသံတော်ဆင့်ကို ပြောဆိုထားသည်။

ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းမှ စတင်ကာ သျှမ်းလက်နက်ကိုင် တပ်ဖွဲ့ (၂) ဖွဲ့ သည် တိုက်ပွဲဖြစ်ပွားကာ ယနေ့အချိန် ထိ စစ်ရေးတင်းမာနေကြောင်း၊ ထိုတိုက်ပွဲများကြောင့် ကျေးရွာပြည်သူများသည် လဲချားမြို့ပေါ် နှင့် ထိုင်းနိုင်ငံ ဘက်သို့ ထောင်ချီထွက်ပြေးတိမ်းရှောင်နေကြရကာ ရွာပျက်ဖြစ်ရသည့်အထိ ဖြစ်လာနေပြီဟု ဒေသခံများက ဆိုသည်။

November 14, 2024
သျှမ်းပြည် မိုင်းရယ် – လားရှိုးသွားသည့်လမ်းကို စစ်ကောင်စီက ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း...
November 12, 2024
မိုးကုတ်မြို့ကို ယမန်နေ့ နိုဝင်ဘာလ (၁၁ ) ရက်၊ ညပိုင်းက စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲ...
November 12, 2024
သျှမ်းပြည်၊ ပင်လောင်းမြို့နယ်  ပအိုဝ်းပြည်သူ့စစ် PNO က စစ်ဘေးရှောင်များကို ခြိမ်းခြောက်ပြီး...
November 11, 2024
သျှမ်းပြည်၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသ‌တွင် ရေကြီးမှုဒဏ်ခံရပြီးနောက် ပြန်လည်ထူထောင်ရန်ခက်ခဲနေ‌...